Saturday, April 20, 2019

ဈေးကွက်ထိုးဖောက်နိုင်ရေး သင်ခန်းစာယူ

Image may contain: text

မြန်မာနိုင်ငံမှဟုဆိုသော ဆန်များအား အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိုင်ဗရီကို့စ်တွင် စွန့်ပစ်ဖျက်ဆီးခဲ့သည်ဟူသော သတင်းတစ်ပုဒ် ဧပြီလ ၁၇ ရက်နေ့က အာဖရိကန်သတင်းတွင် ဖော်ပြခဲ့ပြီးနောက် သတင်းစာမျက်နှာ အများအပြားတွင် ပျံ့နှံ့ခဲ့သည်။ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူသူက မနှစ်သက် သဖြင့် လက်မခံခြင်း၊ ပြန်လည်အပ်နှံခြင်း၊ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်းတို့မှာ ဖြစ်ရိုးဖြစ်စဉ်သဘောဖြစ်သော်လည်း ဈေးကွက်ပြိုင်ဆိုင်မှုပြင်းထန်သော အချိန်တွင် အထူးသတိပြု သင်ခန်းစာယူရမည့်အချက်ဖြစ်ပေသည်။

အိုင်ဗရီကို့စ်အစိုးရက ၎င်းနိုင်ငံအတွင်း တင်သွင်းရောက်ရှိလာသည့် မြန်မာ့ဆန်တန်ချိန် ၁၈၀၀၀ ခန့်အား အန္တရာယ်ရှိသည့် စားသောက်ကုန် အဖြစ်သတ်မှတ်ခဲ့ပြီး ဖျက်ဆီးပစ်ခဲ့သည်ဟု နိုင်ငံတကာသတင်းစာမျက်နှာ များတွင် ဖော်ပြချက်သည် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဆန်ဈေးကွက်ကို ထိခိုက်နစ်နာမှုများစွာ   ဖြစ်ပေသည်။ ရောင်းသူနှင့်ဝယ်သူ တိုက်ရိုက် အရောင်းအဝယ်သဘောအရ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပြုလုပ်နိုင်သော် လည်း ယခုဆန်အရောင်းအဝယ်မှာ ကြားခံပွဲစားမှတစ်ဆင့် ရောင်းဝယ်ခြင်း သဘောဖြစ်၍ ပင်ရင်းဝယ်လက်မနှစ်သက်ပါက ပင်ရင်းကုန်ပစ္စည်းသာနာမည်ပျက်ဖွယ်ရှိပေသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးသိရှိသောအချက်များအရ မြန်မာနိုင်ငံမှ ပြည်ပပို့ကုန် ၂၅ မှတ် ဆန်ကို ယမန်နှစ် အောက်တိုဘာလက တစ်ဆင့်ခံကုန်သည်မှ ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး ကြားခံပွဲစားနိုင်ငံမှတစ်ဆင့် အာဖရိကနိုင်ငံများသို့ သင်္ဘော တင်၍ ဆက်လက်ရောင်းချရာတွင် ယခုဧပြီလရောက်မှ ပြဿနာပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။ ကုန်ပစ္စည်းဝယ်ယူရာတွင် အရည်အသွေးစစ်ဆေးမှု ခံယူ ပြီးမှ လက်ခံရသည်။ သင်္ဘောတင်စဉ်တွင် မိုးစိုခဲ့သည်ဟု ကြားသိရပြီး သင်္ဘောပေါ်တွင် အချိန်ကာလခြောက်လကျော် ကြာမြင့်စွာသိုလှောင်ထား ခြင်း၊ အစိုဓာတ်ဝင်သဖြင့် အရည်အသွေးကျဆင်းပျက်စီးခြင်း၊ အရည် အသွေးမမီသောကုန်ပစ္စည်းကို  မူရင်းနိုင်ငံသို့  ပြန်လည်မပို့ခြင်း စသည် တို့ကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပပို့ကုန်တိုးတက်ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ နာမည်ပျက်စေနိုင်သော ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာမှ အမှန်သိရှိနိုင်အောင် အမြန်ဆုံးအသိပေးရမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်ပပို့ကုန် ဆန်တင်ပို့ရာတွင် နှစ်စဉ် နိုင်ငံပေါင်း ၅၀ ခန့်သို့ ဆန်မက်ထရစ်တန်ချိန် တစ်သန်းကျော်ကို ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျတင်ပို့လျက်ရှိပြီး ယခုတစ်ဆင့်ခံ ကုန်သည်မှတစ်ဆင့် အာဖရိကနိုင်ငံများသို့ရောင်းချသည့် ဆန်တန်ချိန် ၁၈၀၀၀၏ ဖြစ်စဉ်အမှန်ကို သက်ဆိုင်ရာတို့က အချိန်မီ ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်အသိပေးကြရမည်ဖြစ်သည်။

နိုင်ငံတကာသတင်းစာမျက်နှာတွင် မြန်မာနိုင်ငံမှတင်ပို့သည့်ဆန်များ ဖျက်ဆီးခံရခြင်းသတင်းသည် မြန်မာ့ဆန် ပြည်ပတင်ပို့မှုဈေးကွက်ကို များစွာဂယက်ရိုက်စေသည်သာမက ပြည်ပဈေးကွက်ကို အားထားရသည့် အခြားသီးနှံကုန်ပစ္စည်းဈေးကွက်ကိုပါ    ထိခိုက်နစ်နာမှုဖြစ်စေနိုင်ပါသည်။ ယခုဖြစ်စဉ်သည် ပြည်ပပို့ကုန်ဈေးကွက်နှင့်ပတ်သက်၍ သင်ခန်းစာယူဖွယ် ဖြစ်သည်။ အဓိကမှာ ကြားခံပွဲစားအားမကိုးဘဲ ဝယ်လက်နိုင်ငံနှင့် တိုက်ရိုက်ရရှိအောင် ခြေဆန့်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

ပြည်ပပို့ကုန်နှင့်ပတ်သက်၍ ပို့ကုန်၊ သွင်းကုန်ဥပဒေနှင့်အညီ စနစ် တကျဆောင်ရွက်လျက်ရှိပြီး ကုန်ပစ္စည်းအရည်အသွေး၊ စံချိန်စံညွှန်း စစ်ဆေးရေးကို နိုင်ငံတကာအဆင့်မီဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေ သည်ဟု သိရသည်။ ထို့အပြင် သင်္ဘောမတင်မီ၊ သင်္ဘောတင်စဉ် အရည် အသွေးစစ်ဆေးရေးအပိုင်းကိုလည်း  ယခုထက်ပိုမိုကောင်းမွန်အောင် နည်းလမ်းရှာဖွေဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတကာဈေးကွက်တွင် ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန် နေချိန်တွင် မိမိတို့၏ထုတ်ကုန်များ ဈေးကွက်တွင် မျက်နှာပန်းလှရေးသည် အရေးအကြီးဆုံးအချက်ဖြစ်၍ မိမိတို့ထုတ်ကုန်ပစ္စည်း၊ ပို့ကုန်ပစ္စည်းများ နှင့်ပတ်သက်၍ ချွတ်ယွင်းချက်၊ အားနည်းချက်မဖြစ်စေရေး၊ ဈေးကွက် ဝယ်လက်ကို တိုက်ရိုက်တိုးချဲ့နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် မြန်မာကုန်သည်များအားလုံး   ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း။                ။

No comments:

Post a Comment