Monday, April 22, 2019

ကြိုတင်ကာကွယ်ခြင်းဖြင့် ဘယာဝေးကွာ



ကြိုတင်ကာကွယ်ခြင်းသည်  ရောဂါဘယဖြစ်ပွားခြင်းနှင့် ဝေးကွာစေသည်။ ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်ပွားမှ ကုသခြင်းထက် အကျိုးရှိ ထိရောက်ပေသည်။ မျက်မှောက်ကာလကဲ့သို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ မမျှတသောအချိန်အခါတွင် လူတို့ ရောဂါဘယဘေးအမျိုးမျိုး မကျရောက် နိုင်ရေးအတွက်           ကြိုတင်ပြင်ဆင်ကာကွယ်ထားခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

ရောဂါများမှ ကြိုတင်ကာကွယ်ခြင်းတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်း လွှမ်းခြုံမှုမြင့်မားလာသည်နှင့်အမျှ ကူးစက်ရောဂါများကြောင့် ဖြစ်ပွားမှု၊  သေဆုံးမှု  တစ်နှစ်ထက်တစ်နှစ် လျော့ကျလာသော်လည်း ကူးစက်ရောဂါဖြစ်ပွားမှုမှာ လျော့ကျမသွားဘဲ တိုးတက်ဖြစ်ပေါ်နေခြင်းမှာ ကာကွယ်ဆေးထိုးနှံသောလုပ်ငန်းအပေါ်၌ ပြည်သူလူထု စိတ်ဝင်စားမှု လျော့နည်းနေသောကြောင့်ဟု ဆိုနိုင်သည်။

ပြည်သူလူထုအနေဖြင့် "ခလုတ်ထိမှ အမိတ" ဆိုသကဲ့သို့ မိမိတို့တွင် ရောဂါဝေဒနာ  မကျရောက်သရွေ့  စိုးရိမ်ပူပန်မှုစိုးစဉ်းမျှမရှိဘဲ ရောဂါဖြစ် မှသာ  ဆရာဝန်ထံအရောက်သွားသည့်  အလေ့အထရှိသောကြောင့် ရောဂါနုလျှင် သက်သာပျောက်ကင်းသော်လည်း ရောဂါရင့်လျှင် ကုသ၍ မရနိုင်တော့ဘဲ အသက်သေဆုံးသည်အထိ ဖြစ်ပွားကြသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။

ထို့ကြောင့် ရောဂါကာကွယ်ဆေးထိုးသော လုပ်ငန်းအပေါ်၌ ပြည်သူ လူထုအနေဖြင့် စိတ်ဝင်စားမှုလျော့နည်းခြင်းမရှိစေဘဲ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ရာသီအလိုက် တိုက်တွန်းနှိုးဆော်ပေးလျက်ရှိသည်ကို တွေ့ရပါ သည်။ ကာကွယ်ဆေးထိုးခြင်းအမှုကို ကလေးသူငယ်များအား ဦးစားပေး ဆောင်ရွက်ပေးခြင်းသည် အနာဂတ်ကာလတွင် ရောဂါဘယကင်းစင်ပြီး ကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်ရန် ရည်ရွယ်ပေသည်။ မျိုးဆက်သစ်လူငယ်များ ကျန်းမာကြံ့ခိုင်ခြင်းမရှိပါက အနာဂတ်နိုင်ငံတော် အတွက် များစွာထိခိုက်နစ်နာမှုဖြစ်စေသည်။

ကျန်းမာရေးဌာနအနေဖြင့် အရည်အသွေးပြည့်မီသော ကာကွယ် ဆေးအမျိုးအစား ၁၁ မျိုးကို အသက် ငါးနှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါကြောင့် ရောဂါဖြစ်ပွားခြင်း၊ သေဆုံးခြင်းမဖြစ်စေရန် ကာကွယ်ပေးလျက်ရှိပြီး လာမည့်နှစ်တွင် ကာကွယ်ဆေးသစ် နှစ်မျိုး ထပ်ပေါင်း၍ ဆေး ၁၃ မျိုး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ် ဆေးထိုးနှံခြင်းမှာ အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်၍ လူတို့၏သဘာ၀အရ အလကားရသည့်အရာကို တန်ဖိုးထားရမှန်းမသိသည့်သဘော ရှိနေသည်။

ယခုကာကွယ်ဆေးများ၏ ၂၀၁၈ ခုနှစ် တန်ဖိုးအရ ကလေးတစ်ဦး အတွက် အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာ ကျသင့်ပေသည်။ နိုင်ငံတော် အနေဖြင့် ကလေးတစ်ဦးလျှင် ခုနစ်ဒေါ်လာရည်မှန်း၍ ကလေး တစ်သန်း အတွက် အမေရိကန်ဒေါ်လာ ခုနစ်သန်း ကျခံပေးမည်ဖြစ်ပြီး ကျန်ကုန်ကျ ငွေကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ကျခံပေးမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို မွန်မြတ်သောစိတ်ထားဖြင့် အကုန်အကျခံကာ အမျိုးသားရေးအသွင်ဆောင်ရွက်နေသည်။ မိဘ ပြည်သူများ ကျန်းမာရေးအသိနည်းပါးခြင်းအပြင် နယ်မြေမငြိမ်းချမ်းသော ဒေသများနှင့် ဘာသာစကားအခက်အခဲရှိသောဒေသများသို့ လျှပ်တစ်ပြက် သွားရောက်ခြင်းနည်းဗျူဟာဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အောင်မြင်မှု အတ်ိုင်းအတာတစ်ခုအထိ ရရှိနိုင်မည်ဖြစ်သည်။

ယခုဧပြီလ တတိယပတ်တွင် တစ်က္ဘာလုံး ကာကွယ်ဆေးထိုးခြင်း ရက်သတ္တပတ်အဖြစ် ဆောင်ရွက်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ ကလေးများအားလုံး ရောဂါကင်းဝေးစေရေးအတွက် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာနိုင်ရန် ကလေးငယ်ကျန်းမာရေး ရောဂါကာကွယ်ဆေး များထိုးကြရန် သတင်းစကားများ မျှဝေပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာ့ကာကွယ်ဆေးထိုးရက်သတ္တပတ်တွင် မိဘပြည်သူ တိုင်းအား ကျန်းမာရေးသတင်းစကားပါးနိုင်မှ နိုင်ငံအတွင်းရှိ ကလေးများ အားလုံး   ရောဂါဘယကင်းဝေးပြီး  ကျန်းမာသန်စွမ်းသော  အနာဂတ် သားကောင်းရတနာများဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။      ။

No comments:

Post a Comment