Sunday, March 24, 2019

မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ လိုက်ပါပြောင်းလဲ

Image may contain: text

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံသူ နိုင်ငံသားအားလုံး ပြုပြင်ပြောင်းလဲ မှု ရေစီးကြောင်းပေါ်တွင် လိုက်ပါနိုင်မှသာ အခွင့်အလမ်းကောင်းများရရှိ မည် ဖြစ်ပါကြောင်း၊ လိုက်ပါနိုင်ခြင်းမရှိပါက အခွင့်အလမ်းများ ဆုံးရှုံးမည် ဖြစ်ပါကြောင်း မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မတ်လ ၂၁ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းဟူသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဆိုလိုခြင်းဖြစ်သည်။ ယင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လိုသည့်ဆန္ဒဖြင့် နိုင်ငံတော်သမ္မတသည် နယ်မြေဒေသများသို့ ကွင်းဆင်းသွားရောက်၍ ဒေသဆိုင်ရာတာဝန်ရှိသူများအား မှာကြားနေ ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မတူကွဲပြားသော ပြည်ထောင်စုသားများစုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံတော်နှင့် လျော်ကန် သင့်မြတ်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ရာ အဆိုပါ အသွင်ကူးပြောင်းမှု ထိရောက်မြန်ဆန်ရေး အတွက် ပြုပြင်ပြောင်းလဲမှုများတွင် နိုင်ငံသားအားလုံး လိုက်ပါနိုင်ရန် လိုအပ်ပေသည်။
အသွင်ကူးပြောင်းမှုတွင် လိုက်ပါရမည့် နိုင်ငံသားများဟုဆိုရာ၌ ပြည်သူ ပြည်သားများသာမက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများမှ တာဝန်ရှိသူများအားလုံးနှင့် တာဝန်ထမ်းဆောင်နေကြသော အဆင့်ဆင့်သော နိုင်ငံ့ဝန်ထမ်းများအားလုံး ပါဝင်ပေသည်။ ¤င်းတို့အားလုံး သည် ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် ပြောင်းလဲလိုက်ပါနေသည်ဟု ခံယူပြီး လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သည်။
ခေတ်ဟောင်း၊ စနစ်ဟောင်းမှ ခေတ်သစ်၊ စနစ်သစ်သို့ ကူးပြောင်းရာ တွင် အခက်အခဲများ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများ ရှိနေမည်မှာ အမှန်ဖြစ်သည်။ ယင်းအခက်အခဲ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများ အား စိတ်မပျက်ဘဲ ကျရာတာဝန်ကို မလျှော့သောဇွဲဖြင့် ထမ်းဆောင်ကြရ မည်ဖြစ်သည်။ ထိုသို့ထမ်းဆောင်ကြရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ သည် မိမိတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကိုပြသရန် အခွင့် အလမ်းတစ်ခုအဖြစ်သဘောပေါက်ပြီး ဆောင်ရွက်ကြရမည် ဖြစ်သည်။
အခက်အခဲ၊ အကျပ်အတည်းများကို ကြုံတွေ့ရသည့်အခါ အသွင်ကူး ပြောင်းရေးဖြစ်စဉ်ကို အချို့က နှောင့်နှေးမှု၊ တုံ့ဆိုင်းမှု၊ ဝန်လေးမှုနှင့် စိုးရိမ်မှုများ ရှိနိုင်ပါကြောင်း၊ ယင်းမှာ စိုးရိမ်စရာမဟုတ်ပါကြောင်း၊ မိမိတို့ သည် ပြုပြင်ပြောင်းလဲမှုကို ရန်သူသဖွယ် စိုးရိမ်ကြောင့်ကြစရာ မလိုပါ ကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် မိမိတို့ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ကောင်း၊ ဆွေကောင်းဆိုသည်ကို သဘောပေါက်စေလိုပါကြောင်း၊ ပြုပြင်ပြောင်လဲရေးသည် ခြိမ်းခြောက်မှု၊ အ္တရာယ်ပြုမှုမဟုတ်ဘဲ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့် အလမ်းတစ်ခုအဖြစ် နားလည်စေလိုပါကြောင်း နိုင်ငံတော်သမ္မတခရီးစဉ် တွင် မကြာခဏ မှာကြားလေ့ရှိသည်။
ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် လိုက်ပါစီးဆင်းပြောင်းလဲ ကြရာတွင် နိုင်ငံတော်သမ္မတကြီး လမ်းညွှန်မှာကြားထားသည်နှင့်အညီ သတိမမူမိကြ၍လည်းကောင်း၊ ခေတ်ဟောင်း၊ စနစ်ဟောင်းမှ သူတစ်ပါး တို့၏ အမူအကျင့်ဟောင်းများနောက်သို့ လိုက်ပါမိ၍လည်းကောင်း၊ မိမိတို့ ၏ အမူအကျင့်ဟောင်းများကို မပြုပြင်မိ၍လည်းကောင်း လုပ်ကိုင်မိကြသူ များအနေဖြင့် ပြည်သူများ၏ ငြိုငြင်စိတ်ပျက်မှုကိုခံကြရပြီး နိုင်ငံ့ပုံရိပ်ကိုပင် ထိခိုက်နိုင်ပေသည်။ အချို့သူများအနေဖြင့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေနှင့် ကျင့်ဝတ်များကို ဖောက်ဖျက်မိကြသဖြင့် အပြစ်ပေးအရေးယူခြင်းကို ခံကြရသည်။
သို့ဖြစ်ရာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံသူ နိုင်ငံသားအားလုံး အနေဖြင့် ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် ပြည်သူကိုမျက်နှာမူ၍ မိမိတို့၏ အလုပ်ကိုမိမိတို့ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့လုပ်ဆောင်ပြီး လိုက်ပါ ပြောင်းလဲကြရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment