Tuesday, January 1, 2019


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ နှစ်သစ်ကူးအခါသမယတွင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား
Image may contain: 1 person, standing

ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူများခင်ဗျား-
နှစ်သစ်မင်္ဂလာ အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်အတွက် အမျိုးသားအကျိုးစီးပွားများ ပေါ်ထွန်းလာစေဖို့ မပြတ်သောသတိ မလျော့သောဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါတယ်။ ယခုမှသည် နောင် လာမယ့် နှစ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍများမှ အခွင့်အလမ်းကောင်းများ ပိုမိုရရှိ လာမယ်ဆိုတဲ့ အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထား
မိမိတို့နိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းသာယာအောင်၊ နိုင်ငံသူ နိုင်ငံသားများရဲ့ဘ၀ ချမ်းမြေ့ပျော်ရွှင်အောင် နိုင်ငံတော်အစိုးရအနေနဲ့ ကောင်းမွန်တဲ့ရည်မှန်းချက် ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းများကိုလည်း အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ပိုမိုပူးပေါင်းဆောင်ရွက်
မိဘပြည်သူများအနေနဲ့လည်း နိုင်ငံတော်အစိုးရရဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ လုပ်ငန်းစဉ်များအပေါ် ပိုမိုပူးပေါင်းဆောင်ရွက် ပေးကြပါရန် ပန်ကြားအပ်ပါတယ်။
မိဘပြည်သူများအားလုံး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ် ပါတယ်။
ဒီမိုကရေစီဖက်ဒရယ် ရှေ့ခရီးကို ဆက်လက်တက်ကြွစွာ ပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်ခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။



No comments:

Post a Comment