Monday, January 21, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ထန်တလန်မြို့နယ် သီကီရ်ရေလှောင်တမံနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံဖွင့်ပွဲအခမ်းအနားတက်ရောက်




Image may contain: 8 people, people standing and outdoor
ဟားခါး ဇန်နဝါရီ ၂၀



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးအောင်သူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကလေးမြို့သို့ရောက်ရှိကြရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် တာဝန်ရှိသူ များက ကလေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြပြီး ချင်းပြည်နယ် ထန်တလန်မြို့သို့ ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သီကီရ်ရေလှောင်တမံ စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် စီမံကိန်းဆောင်ရွက်နေစဉ်အတွင်း ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
ရိုးရာတေးသီချင်းဂုဏ်ပြုသီဆို
ထို့နောက် ထန်တလန်မြို့နယ် သီကီရ်ကျေးရွာအနီး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သည့် သီကီရ်ရေလှောင်တမံ ဖွင့်ပွဲအခမ်းအနား သို့ရောက်ရှိရာ ဒေသခံပြည်သူများက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဂုဏ်ပြုစပ်ဆိုထားသည့် ရိုးရာတေးသီချင်းကို ဂုဏ်ပြု သီဆိုကြသည်။
နှလုံးသားချင်းနီးစပ်ဖို့
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာတွင် "အခုလာရောက်ကြိုဆိုတဲ့ ပရိသတ်တွေအားလုံးကို ကျန်းမာပါ စေ၊ ချမ်းသာပါစေ၊ ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုမွန် ကောင်းတောင်းလိုက်ပါတယ်။ ပထမဦးဆုံး ကျွန်မတောင်းပန် ရမှာကတော့ ကျွန်မကဒေသခံဘာသာစကားနဲ့ ဒီလိုနှုတ်ခွန်း ဆက်နိုင်တဲ့ အခြေအနေမရှိတာကို တောင်းပန်ပါတယ်။ ဒါကလည်း ကျွန်မတို့နိုင်ငံက ပြည်ထောင်စုကြီးဆိုတော့ တိုင်းရင်းသားလူမျိုးစုံ၊ ပြောတဲ့စကားအမျိုးစုံ ရှိတဲ့နိုင်ငံဆိုတော့ အခက်အခဲတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ကျွန်မတို့ နှလုံးသားချင်း နီးစပ်ဖို့ပါပဲ။ ပြောတဲ့ဘာသာစကားချင်း မတူပေမယ့် နှလုံးသားထဲက စေတနာ၊ မေတ္တာချင်းတူရင် ကျွန်မတို့နိုင်ငံဟာ အင်မတန်မှ ပျော်ရွှင်ချမ်းမြေ့တဲ့ နိုင်ငံကြီးဖြစ် မယ်ဆိုတာ မုချမလွဲယုံကြည်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ အခု ဒီမှာလာတဲ့အခါ သီချင်းလေးနဲ့ ကြိုဆိုပါတယ်။
အမြဲတန်ဖိုးကြီးတယ်
"သီချင်းလေးထဲမှာ ကျွန်မကို ဗိုလ်ချုပ်အောင်ဆန်းသမီး အနေနဲ့ ကြိုဆိုတဲ့အခါ အရင်ချင်းပြည်နယ်ကို လာတုန်းကလည်း ဒို့ဗိုလ်ချုပ်သမီးဆိုပြီး ကြိုဆိုတာကို မှတ်မိပါတယ်။ ဒါကြောင့် ကျွန်မတို့အပေါ်မှာ ချင်းတိုင်းရင်းသားများထားတဲ့ မေတ္တာ၊ စေတနာဟာ အမြဲတန်ဖိုးကြီးတယ်ဆိုတာ ကျွန်မနှလုံးသွင်းထား ပြီးသားဖြစ်ပါတယ်။ သီကီရ်ရေလှောင်တမံစီမံကိန်းက တစ်နည်း အားဖြင့် သေးငယ်တယ်လို့ ပြောလို့ရပေမယ့် ဒီရေလှောင်တမံရဲ့ အကျိုးဆက်တွေကို ကြည့်လိုက်ရင် ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံး မှာ လိုအပ်နေတဲ့ကိစ္စတွေကို အကျဉ်းချုံးပြီး ပြလိုက်တယ်လို့ ပြောနိုင်ပါတယ်။
"ဒီစီမံကိန်းကြောင့် စိုက်ပျိုးရေရမယ်၊ သောက်ရေ၊ သုံးရေ ရမယ်၊ လျှပ်စစ်မီးရမယ် နောက်ပြီးဒီဟာကို အခြေပြုပြီး လမ်းပန်းဆက်သွယ်မှုတွေ ကောင်းလာတယ်။ ဆေးရုံဆောက် နိုင်တယ်။ ကျောင်းတွေ အခြေအနေပိုပြီး တိုးတက်လာတယ်။ ဒီတော့ စီမံကိန်းလေးတစ်ခုက ဒေသခံပြည်သူတွေအတွက် ရေရတယ်၊ မီးရတယ်၊ လမ်းရတယ်၊ ပညာရေးနဲ့ ကျန်းမာရေးမှာ အထောက်အကူဖြစ်တယ်။ ဒီစီမံကိန်းလေးဟာ ကျွန်မတို့ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်တွေကို ရောင်ပြန်ဟပ်သလို ဒီလိုအပ် ချက်တွေ ဖြည့်ဆည်းပေးလိုက်ရင် ကျွန်မတို့ပြည်သူတွေအတွက် ဘယ်လောက်ကောင်းကျိုးတွေ ရှိနိုင်မလဲဆိုတာကိုလည်း ပြလိုက်တာဖြစ်ပါတယ်။
ရေကြီးမှုရဲ့အန္တရာယ်ကာကွယ်နိုင်
"ကျွန်မတို့ရဲ့ ဗုဒ္ဓဘာသာမှာတော့ ရန်သူမျိုးငါးပါးဆိုတာရှိပါ တယ်။ ရေ၊ မီး၊ မင်း၊ မချစ်မနှစ်သက်သောသူနဲ့ ခိုးသူဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီ သီကီရ်စီမံကိန်းကိုကြည့်ရင် ရန်သူမျိုး ငါးပါးကို အောင်မြင်နိုင်တဲ့လမ်းစကို ပြလိုက်တယ်လို့ ပြောရင် လည်း မမှားပါဘူး။ ရေရအောင် ကျွန်မတို့လုပ်တယ်၊ တကယ် တော့ ရေမရခြင်းဆိုတာကလည်း အန္တရာယ်ပါပဲ။ ရန်သူမျိုး တစ်ပါးဖြစ်တဲ့ ရေကိုအဘက်ဘက်ကနေပြီး ကျွန်မတို့နိုင်ရမယ်။ လုံလောက်တဲ့ သောက်ရေသုံးရေ၊ စိုက်ပျိုးရေ ရအောင်လုပ်ပေး နိုင်ရမယ်။ ရေကြီးမှုရဲ့အန္တရာယ်ကို ကာကွယ်နိုင်အောင် ကျွန်မတို့လုပ်ရပါလိမ့်မယ်။
"မီးဆိုတာကတော့ အရင်တုန်းကလောင်တဲ့မီးကို ပြောတာ ပါ။ ဒါပေမယ့် အခုခေတ်မှာဆိုရင် လျှပ်စစ်မီးလို့လည်း ပြောလို့ ရပါတယ်။လျှပ်စစ်မီးပေးခြင်းဆိုတာဟာလည်း ပြည်သူပြည်သား တွေကို အကျိုးပြုခြင်းပဲဖြစ်ပါတယ်။ လျှပ်စစ်မီးမရရင် ပြည်သူ ပြည်သားတွေရဲ့ တိုးတက်မှုဟာ အင်မတန်မှနှောင့်နှေးပါတယ်။
ညီညွတ်မှုနဲ့တိုးတက်လာအောင်လုပ်နိုင်
မင်းဆိုတာက အစိုးရလုပ်သူများပါ။ အစိုးရလုပ်သူများက နေပြီး ပြည်သူများအတွက် အန္တရာယ်မဖြစ်အောင် ဒီမိုကရေစီ စနစ်ဟာ အင်မတန်မှအရေးကြီးပါတယ်။ ပြည်သူကို အခြေခံ တဲ့ ဒီမိုကရေစီစနစ်ရှိမှသာလျှင် အုပ်ချုပ်သူမင်းများဟာ ပြည်သူ အပေါ်မှာကောင်းကောင်းဆက်ဆံဖို့ အာမခံရမှာဖြစ်ပါတယ်။ မချစ်မနှစ်သက်သော သူများမရှိအောင် ကျွန်မတို့ တစ်ယောက် ချင်းတစ်ယောက်ချင်း လုပ်ယူရမှာဖြစ်ပါတယ်။ ကိုယ့်အပေါ်မှာ ချစ်ခင်ဖို့မရှိတဲ့သူ များဟာ ကိုယ့်ရဲ့ရန်သူဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အချင်းချင်း ရန်သူမဖြစ်အောင် ချစ်ခြင်းစေတနာကို ပွားများအောင်လို့အားလုံးလုပ်ရမှာပါ။ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများ၊ ပြည်ထောင်စုသားများအားလုံးဟာ တစ်ယောက် ပေါ်တစ်ယောက် တကယ်ပဲချစ်ချစ်ခင်ခင်ရှိတယ်ဆိုရင် ဒီမချစ် မနှစ်သက်ခြင်းရဲ့အန္တရာယ်ကို ဖယ်ရှားလို့ရမယ်။ မေတ္တာစေတနာ တွေကြောင့် ကျွန်မတို့နိုင်ငံ ညီညွတ်မှုနဲ့တိုးတက်လာအောင် အများကြီးလုပ်နိုင်မှာ ဖြစ်ပါတယ်။
"ခိုးသူဆိုတာကတော့ သာမန်ခိုးသူတွေမဟုတ်ပါဘူး။ ပြည်သူတွေထံမှ၊ နိုင်ငံမှ ခိုးသူတွေကိုလည်းဆိုလိုပါတယ်။ ဒါဟာ အဂတိလိုက်စားမှုပါ။ အဂတိလိုက်စားမှု ကင်းမှသာလျှင် ကျွန်မ တို့ပြည်သူပြည်သားများဟာ နိုင်ငံ့ရဲ့အရင်းအမြစ်တွေ၊ ပြည်သူနဲ့ ဆိုင်တဲ့ ပစ္စည်း၊ ဥစ္စာ၊ ဘဏ္ဍာတော်တွေကို ခိုးမယ့်သူတွေကို ကျွန်မတို့ဖယ်ရှားနိုင်မှာပါ။ ဒါကလည်း ဒီမိုကရေစီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုလည်း ဖြစ်တယ်။ ဒိမိုကရေစီစနစ်ကြောင့် လည်း အဂတိလိုက်စားခြင်းကိုဖယ်ရှားနိုင်တဲ့ အခွင့်အရေးတွေ ရပါတယ်။ ဒါကလည်း ကျွန်မတို့အစိုးရရဲ့ ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးချင်
"ခြုံငုံပြီးပြောရမယ်ဆိုရင် ကျွန်မတို့အစိုးရဟာ ပြည်သူ ပြည်သားများ ရန်သူမျိုးငါးပါးရဲ့အန္တရာယ်က ကင်းဝေးအောင် လုပ်ပေးချင်တယ်။ ပြည်သူပြည်သားများရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပံ့ပိုးပေးချင်တယ်။ ဒီလိုလုပ်တဲ့နေရာမှာ ပြည်သူ ပြည်သားများရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပါဝင်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူပြည်သားများမပါတဲ့ ဘယ်စီမံကိန်းမှ မအောင်မြင်နိုင်ပါဘူး။ ဒီလိုစီမံကိန်းလေးတစ်ခု ဖော်ထုတ်တယ် ဆိုတာတောင်မှ ဒေသခံ ပြည်သူပြည်သားများလည်းပါရတယ်။ ဗဟိုကအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း လိုအပ်တယ်။ တခြားဘက်ကနေ ကျွမ်းကျင်တဲ့သူတွေ၊ ကူညီမယ့်သူတွေ အားလုံးကလည်း ဝိုင်းပြီးတော့ ပါရတယ်။ ဒါကြောင့်မို့လို့ စုပေါင်း အင်အားနဲ့သာလျှင် ကျွန်မတို့ရဲ့အိပ်မက်တွေကို ကျွန်မတို့ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။
"ကျွန်မ ဒီချင်းပြည်နယ်ကိုလာနိုင်တဲ့အခါတိုင်းမှာ စိတ်ချမ်း သာရပါတယ်။ ချင်းတိုင်းရင်းသားများရဲ့ နွေးထွေးမှု၊ ချင်းတိုင်းရင်း သားများရဲ့ ဒေသရဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံခိုင်နိုင်မှု၊ ဒါပေမယ့်ကျွန်မတို့ ချင်းတိုင်းရင်းသားတွေကို တစ်ခုတော့ မေတ္တာရပ်ခံချင်ပါတယ်။ သစ်ပင်တွေခုတ်တဲ့အလေ့အထကတော့ လုံးဝပျောက်အောင် လုပ်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကို ရဟတ်ယာဉ်နဲ့လာတဲ့အခါမှာ ဒီမှာသစ်တောတွေ ဘယ်လောက် ပြုန်းတီးသွားပြီလဲဆိုတာ တွေ့ရပါတယ်။ သိအောင်ပြောပြတာပါ။ နှိုင်းယှဉ်တဲ့အနေနဲ့ပြောတာမဟုတ်ပါဘူး။
လုပ်နိုင်တဲ့ အင်အားလည်းရှိ
"မကြာခင်က ကချင်ပြည်နယ်သွားတဲ့အခါကျတော့ ကြည့် လိုက်တဲ့အခါ တောအုပ်တွေက တစ်ခါထဲ အင်မတန်မှစိမ်းလန်း ပြီးတော့ သန်မာနေတာကို ကျွန်မတို့တွေ့ရတယ်။ ချင်းပြည်နယ် မှာလည်း ဒီအတိုင်းပဲပြန်ပြီးတော့ဖြစ်စေချင်တယ်။ ဒီအတိုင်း ဖြစ်ဖို့ဆိုတာဟာ ဒီကတိုင်းရင်းသားတွေ တစ်ဦးချင်းတစ်ဦးချင်း မှာ လုပ်နိုင်တဲ့ အင်အားလည်းရှိတယ်။ လုပ်ရမယ့်တာဝန်လည်း ရှိတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည် အောင်လုပ်ကြပါ။ သဘာဝပတ်ဝန်းကျင်ကို လုံးဝမပြောင်းလဲဘဲ တော့ လုပ်လို့မရဘူး။ ဒီတမံစီမံကိန်းဆိုတာလည်း ဒါဟာ သဘာဝအရ ပေါက်လာတာမှမဟုတ်တာ။ လူကလုပ်တာပဲ။ သဘာဝကိုပိုပြီးတော့ ဒီဒေသမှာနေထိုင်တဲ့ လူတွေရော၊ တိရစ္ဆာန်တွေရောအတွက် ကောင်းမွန်အောင် ကျွန်မတို့ ကြည့်ပြီးတော့ ထိန်းသိမ်းသွားရမှာပါ။ ဒီသဘာဝကိုလုံးဝမပြု ပြင်ဘူး။ လုံးဝမထိဘူး။ ဒီအတိုင်းပဲမပြောင်းလဲဘဲ ထားမယ်ဆို တာကတော့ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ ဖွံ့ဖြိုးရေးအတွက် ကျွန်မတို့ရဲ့ခေတ်အဆက်ဆက်လိုအပ်ချက်အရ ကျွန်မတို့ ပြုပြင် သွားရမှာပါ။
ကောင်းတဲ့အကျိုးတွေရဖို့
"ပြုပြင်တဲ့နေရာမှာ အားလုံးအတွက် အကျိုးရှိအောင် ကြည့်ရမယ်။ စောစောကပြောသလို လူတွေအတွက်တင် မဟုတ် ဘူး။ တိရစ္ဆာန်များအတွက်ပါ ကြည့်ရမယ်။ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ကျွန်မတို့နေတဲ့ကမ္ဘာကြီးပေါ်မှာ တာဝန်ရှိ တယ်။ ကျွန်မတို့နေတဲ့မြေ အပေါ်မှာတာဝန်ရှိတယ်။ ကျွန်မတို့ သောက်တဲ့ရေအပေါ်မှာ တာဝန်ရှိတယ်။ ကျွန်မတို့သုံးတဲ့ မီးအပေါ်မှာ တာဝန်ရှိတယ်။ အားလုံးကတာဝန်ယူမှ ဒီ ရေ၊ မီး၊ မင်း၊ မချစ်မနှစ်သက်သောသူ၊ ခိုးသူဆိုတဲ့ ရန်တွေ၊ အန္တရာယ် တွေအားလုံးကို ကျော်လွှားပြီးတော့ ကောင်းတဲ့အကျိုးတွေရဖို့ပဲ ကျွန်မတို့လုပ်နိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ တောင်းပန်စကားပြောရမှာဖြစ်ပါတယ်။ ကျွန်မတို့နောက်ကျသွားတဲ့ ကိစ္စပါ။ နောက်ကျသွားတယ်ဆိုတာ ကလည်း ကျွန်မတို့အနေနဲ့ ရာသီဥတုကို ကြည့်ပြီးတော့ အလုပ် လုပ်ရတာပါ။ ဒါဟာလည်း ကျွန်မတို့အတွက် သင်ခန်းစာပဲ ဖြစ်ပါတယ်။ ရာသီဥတုကို အခုထက်ထိ လုံးဝတော့မနိုင်သေး ပါဘူး။ ရာသီဥတုကို ခန့်မှန်းနိုင်တဲ့ နည်းပညာတွေ ရှိပေမယ့် ရာသီဥတုပြောင်းလဲမှုကို ကျွန်မတို့အနေနဲ့ တားဆီးနိုင်တဲ့ အဆင့် မှာ မရှိပါဘူး။ ဒါကြောင့် စဉ်းစားတဲ့အခါမှာ နောင်အတွက် စီစဉ် တဲ့အခါမှာ ကိုယ်ဘာတွေကိုလုပ်နိုင်သလဲ၊ ဘာတွေကိုမလုပ်နိုင် ဘူးလဲဆိုတာကို မှန်မှန်ကန်ကန် စဉ်းစားရမယ်။ ချင့်ချိန်ရမယ်။ လုပ်နိုင်သမျှကို လုပ်ရမယ်။ ကာကွယ်နိုင်တဲ့ ကိစ္စအားလုံးကို ကြိုတင်ပြီးကာကွယ်ရမယ်။ ပြဿနာတစ်ခုဟာ ဖြစ်ပြီးမှ ပြုပြင်ဖို့ ဆိုတာဟာမလွယ်ပါဘူး။ မဖြစ်ခင်က ကာကွယ်ဖို့ဆိုတာ ပိုပြီးတော့လွယ်ပါတယ်။ ရာသီဥတုအလိုက် အလုပ်ကိုပြောင်း ပြီးတော့ လုပ်ရတာတွေရှိတယ်။ ဒီလိုပြောင်းပြီးတော့ လုပ်ရတဲ့ အခါမှာလည်း ကျွန်မတို့အတွက် အဆုံးအရှုံးမရှိအောင် အားလုံး က ဝိုင်းပြီးတော့ကြိုးစားရမှာပါ။
"အချိန်အနည်းငယ်မျှသာ ကျွန်မတို့အတူတူ တွေ့ဆုံရတယ် ဆိုပေမယ့် ဒီအချိန်အနည်းငယ်အတွင်းမှာ စစ်မှန်တဲ့စေတနာ တွေ၊ မေတ္တာတွေ ကျွန်မတို့ကြားထဲမှာတည်ဆောက်နိုင်မယ် ဆိုရင် အချိန်အကြာကြီးနေတတ်တာတောင်မှ ပိုပြီးတော့ တန်ဖိုး ရှိပါတယ်လို့ပြောရင်းနဲ့ ထပ်မံပြီး ကျန်းမာချမ်းသာကြပါစေ၊ ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။ ကျေးဇူးတင်ပါတယ်" ဟု ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ယင်းနောက် သီကီရ်ရေလှောင်တမံကို နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တို့သည် ရေလှောင်တမံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တို့သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သည့် သီကီရ်အသေးစားရေအား လျှပ်စစ်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အစီအစဉ်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသေးစားရေအားလျှပ်စစ်စက်ရုံ ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်း ပေးသည်။
အမွှေးနံ့သာရည်ပက်ဖျန်း
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်း ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူ များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထန်တလန်မြို့ မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ကိုလာတိုင်း ချင်း တိုင်းရင်းသားများ၏ နွေးထွေးမှုကို အများကြီးခံစားရပါ ကြောင်း၊ အထူးသဖြင့် ချင်းတိုင်းရင်းသားများသည် ဖေဖေ့ကို ဘယ်တော့မှမမေ့သည်ကို မိမိကျေးဇူးတင်ပါကြောင်း၊ မိမိကို အမြဲတမ်း မိမိဖခင်၏ သမီးအနေဖြင့် တန်ဖိုးထားသည့်အတွက် အင်မတန်ကျေးဇူးတင်ပါကြောင်း၊ ဒီကိုရောက်လာသည့်အခါ တွင် ရာသီဥတုအခြေအနေကြောင့် နောက်ကျသွားသည့် အတွက် တောင်းပန်ပါကြောင်း၊ တချို့ တိုင်းရင်းသားများက တော်တော်ဝေးသည့်ရွာများမှ အရောက်လာရသည်ကို မိမိ နားလည်ပါကြောင်း၊ ဒီလောက်အချိန်ပေးလာပြီး ခဏလေး တွေ့သွားရသည်ကို အင်မတန်အားနာပါကြောင်း၊ အထူး သဖြင့် သီကီရ်တွင် အချိန်ကိုကျုံ့ခဲ့ရပါကြောင်း၊ အချိန်ကာလ ဘယ်လောက်ကြာကြာတွေ့တာက အဓိကမဟုတ်ဘဲ မိမိတို့ အချင်းချင်းကြားတွင် နားလည်မှုရှိနိုင်တာ၊ စေတနာ မေတ္တာ ထားနိုင်တာက အဓိကဖြစ်ပါကြောင်း။
တိုင်းပြည်အကျိုး ဘယ်လိုလုပ်နိုင်မလဲ
မိမိသီကီရ်တွင် တွေ့ခဲ့ရသည်မှာ စီမံကိန်းသေးသေးလေး တစ်ခုက ဘယ်လောက်အထိ ဒေသခံများကို အကျိုးပြုသလဲ ဆိုတာ တွေ့ရပါကြောင်း၊ ဒီထက်ပိုပြီးအရေးကြီးတာက မိမိ တို့၏ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရေးကိစ္စ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို သေသေချာချာ ပြုစုပျိုးထောင် မည်ဆိုလျှင် မိမိတို့နိုင်ငံတစ်နိုင်ငံလုံးကို ဘယ်လောက်အထိ အကျိုးပြုနိုင်မလဲဆိုတာ မိမိသဘောပေါက်ပါကြောင်း၊ မိမိ နိုင်ငံတစ်ဝန်းသွားပြီး ပြည်သူပြည်သားများနှင့် တွေ့သည့်အခါ တိုင်း အဖြစ်အပျက်များကို လေ့လာပြီး သင်ခန်းစာယူပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်၏အကျိုး၊ နိုင်ငံသူနိုင်ငံသားများ၏ အကျိုးအတွက် ဘယ်လိုပိုပြီး လုပ်ပေးနိုင်မလဲဆိုပြီး အဲဒီလို နားလည်မှုရအောင်၊ ပညာများရအောင် လေ့လာပါကြောင်း၊ ဥပမာ ကချင်ပြည်နယ်ရော၊ ချင်းပြည်နယ်မှာရော ရဟတ်ယာဉ် သုံးရတာများပါကြောင်း၊ ချင်းပြည်နယ်ကို ယခင် မိမိလာတုန်း က မိမိသည် အစိုးရအဖွဲ့ထဲမှာ မဟုတ်တော့ ကားဖြင့် လာခဲ့ရ ပါကြောင်း။
ဒါပေမယ့် ကားဖြင့်တက်ခြင်း၏ အကျိုးကျေးဇူးမှာ လမ်း တစ်လျှောက် ပြည်သူလူထုနှင့်ထိတွေ့ခွင့်ရရှိပါကြောင်း၊ လမ်းက ရွာများတွင်ရပ်ပြီး ရွာထဲမှ ရွာသူရွာသားများနှင့် ထိတွေ့ခွင့် ရှိပါကြောင်း၊ မိမိ ၂၀၀၂ ခုနှစ်လောက်က ချင်းပြည်နယ်ကို လာသည့်အခါ လမ်းမှ ရွာလေးများက နွေးနွေးထွေးထွေး ကြိုဆိုရုံတင်မက လမ်းပြင်နေသည့် ချင်းတိုင်းရင်းသားများကပါ ကြိုဆိုကြပါကြောင်း၊ ကြိုဆိုသည့်နေရာတိုင်းတွင် နွေးနွေး ထွေးထွေးနှင့် မရှိမဲ့ ရှိမဲ့ လက်ဆောင်လေးများဖြင့် ကြိုဆိုကြ ပါကြောင်း၊ အဲဒီလို မိမိတို့က ထိတွေ့ပိုင်ခွင့်ရှိပါကြောင်း။
နွေးထွေးနီးစပ်မှုမှာ နည်းမသွားနိုင်
အခုကျတော့ ထိတွေ့မှုပုံစံမျိုးက မတူတော့ပါကြောင်း၊ အဲဒီတုန်းကလောက် ပြည်သူကြားထဲမှာ မသွားနိုင်သော် လည်း ပြည်သူနှင့်မိမိတို့အကြားရှိ နွေးထွေးနီးစပ်မှုမှာ ဘယ်လိုမှ နည်းမသွားဘူးဟုလည်း ထင်ပါကြောင်း၊ ရဟတ်ယာဉ်ဖြင့် သွားတော့လည်း မိမိ သင်ခန်းစာတစ်ခုရပါကြောင်း၊ ရဟတ် ယာဉ်ဆင်းတိုင်း ဘေးပတ်ဝန်းကျင်ကို ပြဿနာဖြစ်စေပါ ကြောင်း၊ လေအလွန်တိုက်သည့်အခါ ခေါင်မိုးများပျက်စီးတာ၊ ခြံစည်းရိုးများပျက်စီးတာကို တွေ့မြင်ရပါကြောင်း၊ ဒါကလည်း သင်ခန်းစာဖြစ်ပါကြောင်း၊ ကိစ္စတိုင်းသည် အပေါင်းလက္ခဏာ ရှိသလို၊ အနုတ်လက္ခဏာရှိပါကြောင်း၊ မိမိ သေသေချာချာ ပြောထားပါကြောင်း၊ ပျက်စီးမှုများအတွက် အားလုံးလျော်ကြေး ပေးရမည် ဖြစ်ပါကြောင်း၊ မပေးဘူးဆိုလျှင် မိမိတို့ကို အသိပေး ရန်လိုပါကြောင်း။
ပြည်သူများ ထောက်ခံမှု
မိမိ ဒီမှာဆင်းလာသည့်အခါ ကြိုဆိုရန် မုခ်ဆောက်ထား တာ ပြိုကျသွားသည်ကို တွေ့ရပါကြောင်း၊ အပေါ်မှ ကြည့်လိုက် သည့်အခါ အရှေ့ကမုခ်၊ အနောက်က ပြည်သူများက စောင့်ပါ ကြောင်း၊ သီချင်းဆိုပြီး ကြိုဆိုသည့် ပြည်သူများနောက်တွင် မိမိဓာတ်ပုံကို ထောင်ထားပါကြောင်း၊ ထိုဓာတ်ပုံကတော့ လုံးဝမယိုင်လဲသွားပါကြောင်း၊ ထို့အတွက် မိမိစိတ်ထဲတွင် ပြည်သူကာကွယ်ပေးထားသည့်အရာက ဘယ်တော့မှ မယိုင် ဘူးဟု စဉ်းစားမိပါကြောင်း၊ မိမိတို့အစိုးရသာမဟုတ်ဘဲ ဘယ်အစိုးရ၏ ရပ်တည်မှုမဆို ပြည်သူများ ထောက်ခံမှုမရှိဘဲ အောင်အောင်မြင်မြင် မဖြစ်နိုင်ပါကြောင်း၊ ပြည်သူများ၏ ထောက်ခံမှုမရှိဘဲ အုပ်ချုပ်ခြင်းဆိုသည်မှာ တကယ်တော့ ပြည်သူကိုကိုယ်စားပြုပြီး ပြည်သူများ၏ တာဝန်အတွက် တာဝန်ထမ်းဆောင်ခြင်း မဟုတ်နိုင်ပါကြောင်း။
အားလုံးအတူ ကြိုးစားရန်လို
အခု မိမိကိုကြိုဆိုတော့ သီချင်းလေးနှင့် ကြိုဆိုပါကြောင်း၊ သီချင်း၏အဓိပ္ပာယ်ကို ဘာသာပြန်ပေးထားသဖြင့် နားလည်ရ ပါကြောင်း၊ အဓိကကတော့ အဖေ့သမီးအနေနဲ့ ကြိုဆိုတယ်၊ ယုံကြည်ချက်နဲ့ကြိုဆိုတယ်။ ယုံကြည်ချက်နဲ့ ကြိုဆိုတယ်ဆိုတာ ပြည်သူများရဲ့ ဆင်းရဲနွမ်းပါးမှုကို ပပျောက်သွားအောင်၊ မျက်ရည်တွေ ပျောက်သွားအောင်၊ မျက်ရည်ကျဖို့မလိုတော့ အောင် လုပ်ပေးတယ်ဆိုရင်လည်း မိမိတို့တာဝန်က မပြီးသေး ပါကြောင်း၊ တိုင်းရင်းသား ပြည်သူပြည်သားအားလုံး ဆင်းရဲ နွမ်းပါးမှုမှ လွတ်မြောက်ရန်အတွက်၊ မျက်ရည်မကျရန်အတွက် အားလုံးအတူ အများကြီးကြိုးစားရန် လိုပါကြောင်း။
မိမိတို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်စနိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် တခြားလူများထက်ပိုပြီး ကြိုးစားရမည်ဖြစ်ပါ ကြောင်း၊ ဒုတိယက္ဘာစစ်ပြီးခါစတုန်းက ဖေဖေပြောခဲ့သည့် စကားတစ်ခုရှိပါကြောင်း၊ ကျွန်တော်တို့ နိုင်ငံက မွဲပြာကျခဲ့လို့ တခြားသူတွေ လမ်းလျှောက်နေတဲ့အချိန်မှာ ပြေးမှတော်ကာ ကျမယ်ဟူ၍ ဖြစ်ပါကြောင်း၊ အခုလည်း ယင်းကဲ့သို့ ခံစားရ ပါကြောင်း။
အင်အားနှင့်အရည်အချင်းပူးတွဲ
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုတွင် နောက်ကျကျန်ခဲ့ သဖြင့် တခြားအိမ်နီးနားချင်းများ၊ ရှေ့မှ ဖွံ့ဖြိုးတိုးတက်သွား သည့် နိုင်ငံများကို မီရန်ဆိုလျှင် သူတို့ လမ်းလျှောက်နေသည့် အချိန်တွင် ပြေးနိုင်မှရမည် ဖြစ်ပါကြောင်း၊ ပြေးဖို့ဆိုတော့ ပြေးဖို့က ဆန္ဒလိုပါကြောင်း၊ ငါတို့ပြေးမယ်လို့ ဆုံးဖြတ်ရမည်၊ တခြားသူတွေ လမ်းလျှောက်ပေမယ့် ငါတို့ပြေးမည်၊ တခြား သူတွေ သက်သက်သာသာသွားနေပေမယ့် ငါတို့ အပင်ပန်း ခံမည်ဆိုသည့် သန္နိဋ္ဌာန်ချရန် လိုပါကြောင်း၊ သန္နိဋ္ဌာန်အရ လုပ်နိုင်ဖို့က အင်အားလိုပါကြောင်း၊ အရည်အချင်းလိုပါ ကြောင်း၊ အင်အားနှင့်အရည်အချင်း ပူးတွဲခြင်းအားဖြင့်သာလျှင် ဆောက်တည်နိုင်မှာ ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံ တိုးတက်ရန်အတွက် အင်အားဆိုတာ တစ်ယောက်နှင့်တစ်ယောက် ဖြည့်ဆည်းပေးရန် လိုပါကြောင်း၊ ဒီလိုလုပ်သည့်နေရာတွင် ဘယ်သူကသာသည်၊ ဘယ်သူက နာသည်ဟု မရှိပါကြောင်း၊ အားလုံးအတူတူ သှူတန်ဖိုးနှင့်သူ ရှိပါကြောင်း၊ သှူအားနည်းချက်နှင့်သူ၊ သှူအားသာချက်နှင့်သူ ရှိပါကြောင်း၊ အဲဒါကိုမမေ့ရန် လိုပါကြောင်း၊ တချို့က ကိုယ့်အားနည်းချက်ကိုမမြင်ဘဲ၊ သူများ၏ အားနည်း ချက်ကို မြင်သည်မှာလည်း မကောင်းပါကြောင်း၊ ကိုယ့်မှာအားသာ ချက်ရှိသည်ဆိုလည်း အဲဒါကိုသိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုဆောက်တည်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ဖွံ့ဖြိုး တိုးတက်စေချင်တယ်ဆိုတာ
ပိုက်ဆံချမ်းသာချင်၍ မဟုတ်ဘဲ ပြည်သူ ပြည်သားများကို စိတ်ချမ်းသာစေချင်လို့ ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်သည်၊ မတိုးတက်ဘူးဆိုတာ ပြည်သူပြည်သားများ၏ စိတ်ခွန်အား ဘယ်လောက်ရှိသလဲ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ဘယ်လောက်ရှိသလဲ ဆိုသည့်အပေါ်တွင် တည်ပါကြောင်း၊ တခြားအပေါ်တွင် မတည်ပါကြောင်း၊ GDP တွေ ဘယ်လိုပဲ တက်တက်၊ ဘာပဲ ဘယ်လိုပြောပြော၊ ဘယ်ကိန်းဂဏန်းကြည့်ကြည့် နောက်ဆုံး တွင် နိုင်ငံသူ နိုင်ငံသားများ ဘယ်လောက်ထိ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှုရှိသလဲ၊ ဘယ်လောက်ထိ စိတ်ချမ်းသာမှုရှိသလဲ ဆိုသည့် ဒီကိန်းနှင့်ကြည့်ပြီး လုပ်ရမည် ဖြစ်ပါကြောင်း။
ပြည်သူ့အသံ နားထောင်ရန်
ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာ အောင်နေရန်ဆိုတာ ကိုယ်ကလည်းပါရမည်၊ သူများကလုပ်ပေးမှ စိတ်ချမ်းသာ ရမည်ဆိုတာ ဘယ်တော့မှ စိတ်ချမ်းသာမှုရနိုင်မှာ မဟုတ်ပါ ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ပြည်ထောင်စုသားအားလုံး တစ်ဦးချင်း တစ်ဦးချင်း ကိုယ့်မှာ တာဝန်ရှိပါကြောင်း၊ ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်း ဆောင်ခြင်းအားဖြင့် ကိုယ့်ပြည်ထောင်စုကို အကျိုးပြုမည် ဆိုသည့် စိတ်ထားများကို မွေးမြူစေချင်ပါကြောင်း၊ အစိုးရတစ်ခု သည် အောင်အောင်မြင်မြင် တာဝန်များကို ထမ်းဆောင်နိုင်ရန် ဘာအရေးကြီးဆုံးလဲဆိုတာ ပြည်သှူအသံကို နားထောင်ရန် ဖြစ်ပါကြောင်း။
ပြည်သူများ၏ နှလုံးသားထဲတွင် ဘာရှိသလဲဆိုတာ သိနိုင်ဖို့ပဲ ဖြစ်ပါကြောင်း၊ ပြည်သှူအသံမှတစ်ဆင့် ဒီနှလုံး သားထဲမှာရှိနေသည့်အရာများ ပေါ်လာရန်မှာ ပြည်သူကလည်း အစိုးရကို ယုံကြည်မှုရှိမှ ဖြစ်နိုင်မည်ဖြစ်ပါကြောင်း၊ မကြိုက်တာ ကြားရလျှင် ဒဏ်ပေးမည်ဟုထင်လျှင် မပြောတော့ကြောင်း၊ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကြိုက်တာကိုပဲ လိုက်ပြော ကြပါကြောင်း၊ အဲဒီဟာကလည်း အင်မတန်မှ နိုင်ငံတစ်နိုင်ငံကို နစ်နာစေသည့်ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ တချို့ကလည်း အစိုးရလုပ်သူများသည် အားလုံးလုပ်ပေးရမည်၊ ကိုယ့်မှာ တာဝန်မရှိဘူး။ ကိုယ်ကမဲပေးပြီးပြီ၊ မဲပေးပြီးသည်နှင့် ကိုယ့်မှာ တာဝန်ကျေပြီ ကျန်တာ အစိုးရအလုပ်ဆိုပြီး အဲဒီလို စိတ်ထား သူများလည်း ရှိပါကြောင်း၊ အဲဒါလည်း မှန်ကန်မှုမရှိပါကြောင်း၊ ကိုယ့်တာဝန်နှင့်ကိုယ် ကျေပွန်အောင်လုပ်ရမည်၊ အစိုးရ အပေါ်တွင်လည်း အစိုးရ၏ တာဝန် ကျေပွန်စေရမည်ဆိုသည့် အမြင်ဖြင့် မြင်ရမည်ဖြစ်ပါကြောင်း၊ မိမိ ဒီလိုပြောရခြင်း အကြောင်းမှာ ဒီတွေ့ဆုံပွဲတွင် မိမိ ပြောတာထက် ပြည်သှူ အသံကို နားထောင်ချင်တာက အဓိကဖြစ်ပါကြောင်း၊ မိမိ ပြောပြီးသည့်အခါ ပြည်သူလူထုထဲမှ အသံများကို ကြားချင် ပါကြောင်း။
ပြည်သူတွေက ဘာပြောချင်သလဲ၊ ဘာမေးချင်သလဲ၊ ဘာစိုးရိမ်မှုတွေရှိသလဲ၊ ဘာမျှော်လင့်ချက်တွေ ရှိသလဲ၊ ဘာပြဿနာတွေရှိသလဲဆိုတာ မိမိ နားထောင်လိုပါကြောင်း၊ အားလုံးကိုတော့ ချက်ချင်းဖြေရှင်းပေးနိုင်မည် မဟုတ်ပါ ကြောင်း၊ သို့သော် ဘယ်လိုပဲပြောပြော ဆွေးနွေးတယ်၊ တိုင်ပင်တယ်၊ ညှိနှိုင်းတယ်ဆိုတာ နိုင်ငံ့အင်အား အခြေခံ ဖြစ်ပါကြောင်း၊ အခုရောက်လာသည့် မြို့မိ၊ မြို့ဖများအားလုံးကို ကျေးဇူးတင်တယ်ဆိုတာ မိမိတို့နိုင်ငံအတွက် အတူတကွ တာဝန်ထမ်းဆောင်ဖို့ စိတ်ဓာတ်နှင့် လာကြတယ်လို့ မိမိ ယုံကြည်လို့ ဖြစ်ပါကြောင်း၊ မိမိ အပြင်မှာ နှုတ်ဆက်သည့် အထဲတွင် ချင်းတိုင်းရင်းသား ဖခင်ကြီးများကိုလည်း တွေ့ခဲ့ရ ပါကြောင်း၊ ဒီလောက်တောင်မှ မိမိတို့အပေါ် စေတနာထားပြီး ဖြစ်အောင်လာပြီး ကြိုဆိုတာ၊ နှုတ်ဆက်တာကို အင်မတန်မှ တန်ဖိုးထားပါကြောင်း။
လူသား သယံဇာတအပေါ်တွင် မူတည်
ပြည်သူ၏ ထောက်ခံမှု၊ ပြည်သူ၏ မေတ္တာစေတနာများ၏ တန်ဖိုးနှင့် တူညီသည့်တန်ဖိုး ဘာမှမရှိပါကြောင်း၊ တော်တော် များများက ပြောကြပါကြောင်း၊ မြန်မာနိုင်ငံက သဘာဝ သယံဇာတပစ္စည်း အင်မတန်မှ ပေါကြွယ်သည့်နိုင်ငံဖြစ်၍ အင်မတန်မှ ကံကောင်းသည်ဆိုတာ မိမိကတော့ ကံကောင်းမှု သည် သဘာဝသယံဇာတ ပစ္စည်းပေါ်တွင် မတည်ဘဲ မိမိတို့ လူသား သယံဇာတအပေါ်တွင်သာ မူတည်ပါကြောင်း၊ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ၏ တန်ဖိုးပေါ်မှာသာ မူတည်ပါကြောင်း၊ မိမိတို့ နိုင်ငံဆိုတာသည်လည်း တကယ်တော့ နိုင်ငံသူ နိုင်ငံသား များနှင့် ဖွဲ့စည်းထားလို့သာ နိုင်ငံဖြစ်တာ ဖြစ်ပါကြောင်း၊ နိုင်ငံ ဖြစ်လို့ နိုင်ငံသူ နိုင်ငံသားတွေဖြစ်သွားတာ မဟုတ်ပါကြောင်း။
မိမိတို့ အခုရောက်နေသည့်အချိန်တွင် မြို့နယ်အုပ်ချုပ် ရေးမှူးက ခပ်တိုတိုပဲ တင်ပြထားတာတွေ ပြီးပြီဖြစ်ပါကြောင်း၊ ဘာတွေလိုအပ်သလဲဆိုတာ ပရိသတ်ထဲက ပြည်သူထဲက မေးပိုင်ခွင့်ရှိအောင် မိမိတို့ အချိန်ပေးချင်ပါကြောင်း၊ မေးချင်တာ ပြောချင်တာ ပြောပါ။ မိမိအနေဖြင့် တတ်နိုင်သလောက် ဖြေနိုင်တာကို ဖြေမည်ဖြစ်ပါကြောင်း၊ ချက်ချင်း မဖြေနိုင်လျှင် လည်း နောက်အဖြေရှာပြီးတော့ ပေးမည်ဖြစ်ပါကြောင်း၊ တင်ပြသည့်အခါတွင် သတ္တိရှိရှိဖြင့် ပွင့်ပွင့်လင်းလင်းတင်ပြရန် လိုပါကြောင်း၊ ကိုယ့်နှလုံးသားထဲတွင် ရှိသည့်အတိုင်း တင်ပြကြ စေလိုပါကြောင်း၊ မည်သှူကိုမျှ ပုတ်ခတ်ချင်သည့်စိတ်ဖြင့် မတင်ပြကြပါနဲ့၊ ပုတ်ခတ် တိုက်ခိုက်ချင်သည့် စိတ်ဖြင့် မဟုတ်ဘဲ မိမိတို့ အခြေအနေ၊ မိမိတို့ ပတ်ဝန်းကျင် ပိုပြီးကောင်းမွန် သွားစေချင်သည့် စေတနာပေါ်တွင် အခြေခံပြီး ဆွေးနွေးပြောဆို မေးမြန်းကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ပံ့ပိုးပေးမည့်အစီအစဉ် ဖြေကြား
ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပံ့ပိုးပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံပြည်သူများအတွက် ဆန်အိတ် ၁၀၀ နှင့် ဆီပိဿာ ၁၀၀ တို့ကို မြို့မိမြို့ဖ ဦးရှန်ဇဲလ်ထံ ထောက်ပံ့ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများ အား ခင်မင်ရင်းနှီးစွာနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ထန်တလန်မြို့မှ ရိဒ်ခေါဒါရ်မြို့ ပြည်ထောင်စုရိပ်သာသို့ ရောက်ရှိကြသည်။
ပြည်ထောင်စုရိပ်သာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူများအတွက် ဆန်အိတ် ၁၀၀ နှင့် ဆီပိဿာ ၁၀၀ တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့မိမြို့ဖများထံ ပေးအပ်သည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
ဆက်လက်၍ ရိဒ်ခေါ်ဒါရ်မြို့ အမှတ်(၁) ရပ်ကွက်အနီးရှိ ရိဒ်ရေကန်သို့ရောက်ရှိရာ ဟွာငိုလ် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့၏ ချင်းရိုးရာဝါးညှပ်အကဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
ရိဒ်ရေကန်သည် ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါ်ဒါရ်မြို့ အနီး ပင်လယ်ရေမျက်နှာပြင် အထက် ၂၉၉၇ ပေတွင်တည်ရှိပြီး ရေကန်၏ အကျယ်မှာ ၂ မိုင်ကျော်ခန့်ရှိသည်။ ရိဒ်ရေကန်ကို အေဒီ ၁၅၀၀ ခန့်က စတင်တွေ့ရှိခဲ့ပြီး ချင်းပြည်နယ်ရှိ တန်ဖိုး မဖြတ်နိုင်သော ခရီးသွားဒေသတစ်ခုနှင့် ဒေသတွင်း ရိုးရာယုံကြည်ကိုးကွယ်မှုအဖြစ် နိုင်ငံတကာတွင် ထင်ရှားသည့် ရေကန်တစ်ခု ဖြစ်သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဟားခါးမြို့သို့ရောက်ရှိ ကြပြီး ဟားခါးမြို့Carson Hallခန်းမ၌ ကျင်းပသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရမှ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။
ထို့နောက် မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပံ့ပိုးပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူများအတွက် ဆန်အိတ် ၁၀၀ နှင့် ဆီပိဿာ ၁၀၀ တို့ကို မြို့မိမြို့ဖများထံ ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများ အား ခင်မင်ရင်းနှီးစွာ လိုက်လံနှုတ်ဆက်သည်။ သတင်းစဉ်

No comments:

Post a Comment