Thursday, January 31, 2019

ကောင်းမွန်သည့်အရွေ့တစ်ခုကို ပြိုင်တူတွန်း


Image may contain: text
နိုင်ငံတစ်နိုင်ငံ၏ ကောင်းမွန်သောအနာဂတ်သည် မျိုးဆက်သစ်ကလေး သူငယ်များအား ပြုစုပျိုးထောင်ပေးနိုင်မှုအပေါ်တွင် မူတည်သည်။ နေပြည်တော်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေး အဆင့်မြင့်ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် ''ကလေးသူငယ်များ၏ ဘဝအစဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံတော်အတွက် အရေးအကြီးဆုံး၊ တန်ဖိုး အရှိဆုံး အရင်းအမြစ်ဖြစ်သည့် လူသားအရင်းအမြစ်ကို ကောင်းစွာတန်ဖိုး ရှိအောင်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရာရောက်ပါ ကြောင်း၊ တစ်နည်းအားဖြင့် ထိုသို့ဆောင်ရွက်မှုများသည် သုံးဖြုန်းခြင်းမျိုး မဟုတ်ဘဲ အနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါကြောင်း'' နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များအား နိုင်ငံ၏အနာဂတ်အတွက် တန်ဖိုးမြင့်မားသော လူသားအရင်းအမြစ်များ ဖြစ်လာစေရေးအတွက် ကလေးသူငယ်ဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များကို ဦးစားပေးဖော် ဆောင်နေသည်ကို တွေ့ရသည်။ ကလေးသူငယ်အရေးသည် နိုင်ငံ အနာဂတ်အတွက် အထူးအရေးကြီးသည်ကို ဆိုင်ရာတို့က သိရှိနားလည် ထားကြသော်လည်း မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံမှုမပြုကြသဖြင့် မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့သည်ကို တွေ့ရမည်။
ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်အရေးအတွက် ကလေးသူငယ် များအား စနစ်တကျ ပျိုးထောင်နိုင်ရန် အဆိုပါအဆင့်မြင့်ဖိုရမ်ဖွင့်ပွဲ တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံရှိ ကလေးတိုင်း အတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်ရ မည့် မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အချက်ငါးချက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် အများ ပြည်သူသို့ မိတ်ဆက်ဖြန့်ချိ မျှဝေအသိပေးခဲ့ပြီးဖြစ်သည်။ အဆိုပါကလေး သူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များမှာ ပြည့်စုံကောင်း မွန်ပြီး လက်တွေ့ကျကျအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အတွက် မိဘများ၊ ဆရာ ဆရာမများသာမက သက်ဆိုင်ရာဌာနပေါင်းစုံ တို့က ပေါင်းစပ်ချိတ်ဆက် အကောင်အထည်ဖော်သွားကြရမည် ဖြစ်သည်။
မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်အညီ မြန်မာနိုင်ငံရှိ ကလေးများ အားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နိုင်မည့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်ပြီး လုပ်ကိုင်ဆောင်ရွက်ကြ ရန်နှင့် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အရွေ့တစ်ခုကို ဖန်တီးရာတွင် မဟာဗျူဟာ၏လားရာကို သဘောပေါက်နားလည်ဖို့ လိုအပ်သကဲ့သို့ ပြိုင်တူတွန်းနိုင်ဖို့ လိုအပ်ကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါ အဆင့်မြင့်ဖိုရမ်တွင် တိုက်တွန်းပြောကြားခဲ့သည်။
မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍဆိုင်ရာစီမံကိန်းများနှင့် ဒေသ္တရစီမံကိန်းများသည် အလွန်အရေးကြီး သည်။ ထိုစီမံကိန်းများအား လိုအပ်ချက်တစ်မျိုးတည်းကို ရှေးရှုဆောင် ရွက်ခြင်းမျိုးမပြုလုပ်ဘဲ အကောင်အထည်ဖော်နိုင်ရန် ဖြစ်နိုင်ခြေရှိသည့် လက်တွေ့ကျသည့်စီမံချက်များကို သက်ဆိုင်ရာတို့က နှစ်စဉ်စီမံကိန်းများ ဖြင့် အချိတ်အဆက်မိမိ ဆက်စပ်စဉ်းစားဆောင်ရွက်နိုင်ရန်ဖြစ်သည်။
ကလေးသူငယ်များ၏ အနာဂတ်ကို ကဏ္ဍပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ မှ လေ့လာသုံးသပ် ဆွေးနွေးမှုများပြုလုပ်ပြီး ကလေးငယ်များ မွေးဖွား၊ သေဆုံးခြင်းမှအစ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ ဘဝနွေးထွေးလုံခြုံမှု ရှိစေရေး၊ သာတူညီမျှရှိရေး၊ အကာအကွယ်ပေးရေး၊ အနာဂတ်ဘဝ သာယာဝပြောရေး စသည်တို့ကို အစိုးရ၊ ပုဂ္ဂလိက၊ ကဏ္ဍအသီးသီးတွင် အားလုံးပါဝင်၍ အားနည်းချက်၊ လိုအပ်ချက်များကို အတူတကွဖြေရှင်းပြီး အားသာချက်များကို ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကောင်းမွန်သည့်အရွေ့တစ်ခုကို ပြိုင်တူတွန်းလျှင် ရွေ့နိုင် သကဲ့သို့ နိုင်ငံ၏အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်သော ကလေးသူငယ်များ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေး ပြည့်မီရေးကို အလေးပေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment