Wednesday, January 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရာဇဂြိုဟ်ရေလှောင်တမံဘက်စုံစီမံကိန်း စစ်ဆေး






Image may contain: 3 people, people standing, sky, outdoor and water
နေပြည်တော် ဇန်နဝါရီ ၂၂


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူနှင့် ဒေါက်တာအောင်သူ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် ရေလှောင်တမံ ဘက်စုံစီမံကိန်း သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မော်တော်ယာဉ်ဖြင့် ရာဇဂြိုဟ်ရေလှောင် တမံ၏ ပင်မတမံနှင့် ကုန်းကျောတမံ တို့ကို လှည့်လည်ကြည့်ရှုရာ ရေယူ အဆောက်အအုံ၌ ရေလှောင်တမံအတွင်း ဝင်ရောက်လာသည့် သဲနုန်းများအား နုန်းစုပ်စက်ကြီးများဖြင့် စုပ်ထုတ်ခြင်း၊ Air Compressor နှစ်လုံးဖြင့် နုန်းများ ကို ဖွစေပြီး ရေတံခါးဖွင့်၍ နုန်းများ ရေစီးနှင့် မျောပါစေခြင်း ဆောင်ရွက် နေသည့် လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် ရာဇဂြိုဟ်ရေလှောင်တမံ ဘက်စုံစီမံကိန်း၏ ပင်မတမံ အနီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ရေအားလျှပ်စစ်ထုတ်လုပ်
ရာဇဂြိုဟ်ရေလှောင်တမံ ဘက်စုံစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာ အနီးရှိ နေရဉ္ဇရာချောင်းပေါ်တွင် တည်ရှိသည်။ အဆိုပါ ရေလှောင်တမံသည် အမြင့် ၁၆၅ ပေ၊ အလျား ပေ ၁၃၆၈၀ ရှိ မြေသားတမံအမျိုးအစားဖြစ်ပြီး လယ်မြေဧက ၈၅၀၀ ကို ဆည်ရေပေးဝေနိုင်သည့်အပြင် နှစ်စဉ် ရေအားလျှပ်စစ် ၂၁ ကီလိုဝပ်နာရီသန်းပေါင်းကို ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
ရိုးရာအကများဖြင့် ကြိုဆို
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ချင်းပြည်နယ် တွန်းဇံ မြို့နယ် ဆဲဘောက်ကျေးရွာအုပ်စုရှိ ဟားခါးလေးမြောက် ကျေးရွာသို့ရောက်ရှိကြရာ ဒေသခံပြည်သူများက ရိုးရာအက များဖြင့် ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျေးရွာအတွင်း၌ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် တည်ဆောက်ပေးထားသည့် နေအိမ်များကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တတ်နိုင်သလောက်လုပ်ပေးချင်
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ကြိုဆိုဖို့ရောက်လာတဲ့ ပြည်သူ ပြည်သားတွေအားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ။ ဘုရားသခင်ကောင်းချီးပေးကြပါစေ။ ကျွန်မ ဒီနေရာကို လာချင်တာကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဟားခါး လေးရွာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အိမ်လေးတွေ ဆောက်ပေးတဲ့အခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာ လာပြီး ကြည့်ချင်တာကြာပါပြီ။ အခုမှပဲ အခွင့်အရေးရှိလို့ လာရပါတယ်။ အိမ်တစ်လုံးကို ကြည့်လိုက်တဲ့အခါမှာ လိုအပ်ချက်နည်းနည်း ရှိနေတယ်ဆိုတာ ကျွန်မသတိပြုမိပါတယ်။ အဲဒီ လိုအပ်ချက် တွေကိုလည်း ကျွန်မတို့ တတ်နိုင်သလောက် အမြန်ဆုံး ဖြည့် ဆည်းပေးပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူ ပြည်သားတွေကို စောင့်ရှောက်တဲ့အခါမှာ တတ်နိုင်သမျှ ပြည့်ပြည့်၀၀ စောင့်ရှောက်ချင်တယ်။ အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တယ်။ တစ်ခါတလေ ကျွန်မတို့ တတ်နိုင်တဲ့အခြေ အနေက လိုအပ်တာနဲ့တော့ မကိုက်ညီဘူး။ တတ်နိုင်သလောက် ကျွန်မတို့ လုပ်ပေးချင်ပါတယ်။
သစ္စာတရားကိုရောင်ပြန်ဟပ်
"ကျွန်မတို့ရဲ့ ပြည်သူပြည်သားများအားလုံး လုံလုံခြုံခြုံ နေနိုင်ဖို့ပါပဲ။ လုံခြုံတယ်ဆိုတာ ကိုယ်ရော၊ စိတ်ရော လုံခြုံရမယ်။ ကျွန်မ ချင်းပြည်နယ်လာတဲ့အခါမှာ အင်မတန်မှ စိတ်လုံခြုံပါ တယ်။ ဘာကြောင့်လဲဆိုတော့ ချင်းတိုင်းရင်းသားများရဲ့ နွေးထွေးတဲ့မေတ္တာကြောင့်လည်း ဖြစ်ပါတယ်။ ဒီလို စိတ်လုံခြုံ မှုတွေ တစ်ယောက်နဲ့တစ်ယောက်ကို ပေးနိုင်မယ်ဆိုရင် ကျွန်မ တို့ရဲ့ ပြည်ထောင်စုကြီးက အင်မတန်မှ သာယာမှာပါ။ ချင်း ပြည်နယ်ရဲ့ သင်္ကေတအနေနဲ့ အများက သတ်မှတ်ထားတာ အောက်ချင်းငှက်နဲ့ တောင်ဇလပ်ပန်းဖြစ်ပါတယ်။ အောက်ချင်း ငှက်ဆိုတာက သစ္စာတရားကို ရောင်ပြန်ဟပ်ပါတယ်။ သစ္စာ တရားရဲ့ သင်္ကေတဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးလို
တောင်ဇလပ်ဆိုတာက အင်မတန်မှ ကြမ်းတမ်းခက်ထန်တဲ့ ရာသီဥတုပထဝီအနေအထားမှာ လှပတင့်တယ်စွာ ပွင့်နေနိုင် တဲ့အတွက် သတ္တိကိုလည်း ကိုယ်စားပြုတယ်။ နောက်ပြီး အလှအပကိုလည်း ကိုယ်စားပြုပါတယ်။ ဒီလို သတ္တိရှိပြီးတော့ သစ္စာရှိတဲ့ဒေသမှာ ကျွန်မတို့ဟာ မုချမလွဲ အောင်မြင်မှုကိုရမှာပါ။ အခက်အခဲတွေကိုတော့ ကျော်လွှားရပါမယ်။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးလိုပါသေးတယ်။ အထူးသဖြင့် ချင်းပြည်နယ်လို ပထဝီအရ ကြမ်းတမ်းတဲ့နေရာဒေသတွေမှာ ဆိုရင် ဖွံ့ဖြိုးမှုအစီအစဉ်တွေ အထူးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း ကျွန်မတို့အလေးထားပြီး လုပ်ပေးနေပါတယ်။ ချင်း ပြည်နယ်အတွက်ဆိုရင် ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ရရှိရေး၊ ကျန်းမာရေး၊ ပညာရေး အဓိက အခြေခံအားဖြင့် ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေအားလုံးကို အမြန်ဆုံးဖြည့်ဆည်းပေးဖို့ ကြိုးစားပါ့မယ်။ ဒါပေမယ့် တချို့ ကိစ္စတွေကျတော့ ကျွန်မတို့ စိတ်ကပါပေမယ့် ကိုယ်က မလိုက် နိုင်ဘူးဆိုတာ ကိုယ်မဟုတ်ပါဘူး။ ပိုက်ဆံက မလိုက်နိုင်တာလို့ ဆိုရပါလိမ့်မယ်။ လိုက်နိုင်တဲ့အထိတော့ တချို့ကိစ္စတွေကို ကျွန်မ တို့ စောင့်ပြီးတော့ ဆောင်ရွက်ရမှာပါ။ ဒါပေမယ့် ကျွန်မတို့ရဲ့ ဆန္ဒကပြင်းပြတာကြောင့် အောင်မြင်မယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။
ဆန္ဒလိုအပ်ချက်တွေပြင်းပြ
"ကျွန်မပြည်သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အောင်မြင်ခြင်း တရားလေးပါးကို ပြန်ပြီးသတိပေးရပါတယ်။ ဆန္ဒရှိရမယ်၊ ဝီရိယရှိရမယ်၊ မှန်ကန်တဲ့စိတ်ဓာတ်ရှိရမယ်၊ ပညာရှိရမယ်။ ဒါဟာ ကျွန်မတို့အားလုံး မှတ်သားစရာကိစ္စဖြစ်တာကြောင့် ထပ်တလဲလဲ ပြောရတာပါ။ ဆန္ဒရှိမှ ကိစ္စတစ်ခုကို ကျွန်မတို့ စပြီးဆောင်ရွက်နိုင်မှာပါ။ ဒီနိုင်ငံကြီးကို အင်မတန်မှ ငြိမ်းချမ်း သာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကြီး ဖြစ်စေချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့က အင်မတန် မှ ဆန္ဒပြင်းပြပါတယ်။ ကျွန်မတို့နည်းတူ ကျွန်မတို့ရဲ့ ပြည်ထောင်စု သားသမီးအားလုံးကလည်း ဆန္ဒလိုအပ်ချက်တွေက ပြင်းပြမယ် လို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် ဆန္ဒရှိရုံနဲ့မကဘူး ဒီဆန္ဒတွေ ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လုံ့လဝီရိယနဲ့ အလုပ်လုပ်သွားရမှာဖြစ်ပါတယ်။ ကြိုးစားသွားကြရမှာ ဖြစ်ပါ တယ်။ စိတ်ထားလည်း မှန်ဖို့လိုပါတယ်။ စိတ်ဓာတ်မမှန်ရင် ကိုယ်ကြိုးစားမှုတွေက မမှန်တဲ့လမ်းပေါ်ကိုပို့လိုက်ရင် အ္တရာယ် အများကြီးဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်လုပ်ချင်တဲ့ကိစ္စတွေကို ဘယ်လိုပုံစံနဲ့ဖြစ်အောင် လုပ်မလဲဆိုတဲ့ အသိပညာဆိုတာ အင်မတန်အရေးကြီးပါတယ်။
"ကျွန်မတို့က ပညာလို့ပြောတဲ့အခါကျရင် အဓိကအားဖြင့် ပညာဆိုတာ အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် သုံးသပ် ဆင်ခြင်ပြီးတော့ အဲဒီဆင်ခြင်မှုအပေါ်မှာ လုပ်သင့်လုပ်ထိုက် တာကို လုပ်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလုပ်မယ့်သတ္တိကတော့ အောင်မြင်ခြင်းတရားလေးပါးထဲမှာ မပါဘူးဆိုပေမယ့် စိတ်ဓာတ် အောက်မှာ သတ္တိပါတယ်လို့ ကျွန်မတို့ပြောလို့ရပါတယ်။ အသစ် အဆန်းတစ်ခုကို ဖြစ်မြောက်အောင်လုပ်တယ်ဆိုတာ သတ္တိ လိုပါတယ်။ ပညာတတ်ရုံနဲ့လည်း မလုံလောက်ဘူး။ လုံ့လ၊ ဝီရိယ နဲ့လည်း မလုံလောက်ဘူး။ သတ္တိနဲ့ ကိုယ်ရင်မဆိုင်ဖူးတဲ့အရာ တွေကို ကိုယ်ရင်မဆိုင်ဖူးတဲ့ အခြေအနေတွေကို ရင်ဆိုင်ရဲဖို့က အင်မတန်မှ အရေးကြီးပါတယ်။
"ဟားခါးလေးကျေးရွာဆိုရင် ရွာကလေးလို့ပြောပေမယ့် ကျွန်မတို့အတွက် မြို့ကြီးတစ်မြို့လိုပဲ တန်းတူအရေးကြီးပါတယ်။ မြို့ကြီးကို မှီတင်းပြီးတော့ နေထိုင်နေတဲ့ ပြည်သူပြည်သားတွေ များလို့ ပိုပြီးတော့ အလေးထားပြီးတော့ လုပ်ဆောင်ပေးရ ပေမယ့် ရွာကလေးမှာရှိတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေရဲ့ အရေးဟာလည်း တန်းတူညီတူ အရေးပါပါတယ်။ ရွာကလေးက ပုဂ္ဂိုလ်တွေမို့လို့၊ ရွာကလေးက ရွာသူရွာသားတွေမို့လို့ အရေးပါ မှု နည်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။
"ဟားခါးလေးကျေးရွာကို မဖြစ်မနေရောက်အောင် လာခဲ့ တာဟာ ဘယ်လောက်ပဲသေးတဲ့ ရွာကလေးဖြစ်နေပါစေ ကျွန်မတို့အစိုးရအတွက်ကတော့ အရေးကြီးပါတယ်ဆိုတာကို အသိပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။ ဒီလို အရေး ကြီးပေမယ့်လည်း အားလုံးလို ချင်တာတွေ ဖြစ်အောင်လုပ်ပေး လိုက်ပါဆိုတာလည်း လက်တွေ့ကျကျမဖြစ်ပါဘူး။ တဖြည်း ဖြည်း၊ တဖြည်းဖြည်း၊ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ကျွန်မတို့ အားလုံးပြည့်စုံအောင်လို့ ဖြည့်ဆည်းပေးပါမယ်။ ဒါပေမယ့် ဒီလို ဖြည့်ဆည်းဖို့ ကြိုးစားတဲ့နေရာမှာတော့ ပြည်သူပြည်သားတွေ အားလုံးပါစေချင်တယ်။ ကျွန်မတို့ ရွာသူရွာသားတွေလည်း အားလုံးပါစေချင်တယ်။ ကိုယ့်မှာ ပါဝင်ပြီးတော့ဆောင်ရွက်နိုင် တဲ့ အင်အားတွေရှိတယ်။ အင်အားဆိုတာ ပထမဦးဆုံး စိတ်အင်အားကို တည်ဆောက်ရမယ်။
တန်ဖိုးတွေကို မှန်မှန်ကန်ကန်သုံး
"ကျွန်မတို့ဟာ ပြည်ထောင်စုရဲ့ မိသားစုဝင်တွေပဲ။ ပြည်ထောင်စုရဲ့ မိသားစုဝင်တွေဟာ ကျွန်မတို့နိုင်ငံကြီး ကျွန်မ တို့ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောဖို့အတွက် တစ်ဦးချင်းတစ်ဦးချင်းရှိသမျှ အစွမ်းအစနဲ့ ကြိုးစားပေးစေချင် တယ်။ လူတိုင်းလူတိုင်းမှာ တန်ဖိုးရှိပါတယ်။ တန်ဖိုးမရှိတဲ့ လူဆို တာ မရှိပါဘူး။ အင်အားမရှိတဲ့လူဆိုတာ မရှိဘူး။ အဲဒီတော့ ကိုယ့်မှာရှိတဲ့ တန်ဖိုးတွေကို မှန်မှန်ကန်ကန်သုံးမယ်ဆိုရင် ကျွန်မ တို့ရဲ့ နိုင်ငံကြီးဟာ အင်မတန်မှ တိုးတက်မှုမြန်ပါလိမ့်မယ်။ တိုးတက်မှုမြန်ဖို့လည်း လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ တို့ နိုင်ငံရဲ့ပတ်ဝန်းကျင်က အိမ်နီးနားချင်းနိုင်ငံတွေနဲ့ စာရင် ကျွန်မတို့နိုင်ငံဟာ နောက်မှာကျကျန်ရစ်ခဲ့တယ်။ နောက်မှာ ကျကျန်ခဲ့လို့လည်း ပိုပြီးတော့ ကြိုးစားရမယ်။ နောက်မှာကျကျန် ရစ်ခဲ့ပေမယ့်လည်း ကျွန်မတို့ရဲ့ ပြည်သူပြည်သားများရဲ့ အရည်အချင်းကတော့ မနိမ့်ပါဘူး။ ဒီအရည်အချင်းကို ပြုစု ပျိုးထောင်ပြီးတော့ ပိုမိုပြီးတော့ ခိုင်မာလာအောင်လို့ လုပ်နိုင် မယ်ဆိုရင် ကျွန်မတို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်နိုင် မှာပါ။
အကောင်းဆုံးအဖြစ်နိုင်ဆုံး ဖြည့်ဆည်း
"ကျွန်မ မကြာခဏပြောပါတယ်။ အစိုးရဆိုတာဟာ ပြည်သူ့ အတွက်ဖြစ်တယ်။ ပြည်သူက အစိုးရအတွက်မဟုတ်ဘူး။ အစိုးရ ဆိုတာ ပြည်သူကရွေးကောက်ထားလို့ ပြည်သူထဲက ထွက်ပေါ် လာတာပဲ။ အစိုးရအဖွဲ့ဝင်တွေထဲမှာ ပါတဲ့သူတွေကလည်း ပြည်သူပြည်သားတွေနည်းတူ ဒီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားတွေ၊ လူသားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် အစိုးရမို့လို့ ပြည်သူတွေ ထက်သာတယ်ဆိုတာဟာ လုံးဝမဟုတ်နိုင်ပါဘူး။ အထူးသဖြင့် ဒီမိုကရေစီစနစ်က ပြည်သူတွေရဲ့ အင်အားအပေါ်မှာ အခြေခံ တာမို့လို့ အစိုးရဆိုတာ ပြည်သူတင်မြှောက်မှ အစိုးရဖြစ်နိုင် တာပါ။ ပြည်သူ့ရဲ့ ဆန္ဒမပါဘဲနဲ့ အုပ်ချုပ်တဲ့အစိုးရဆိုတာဟာ ဒီမိုကရေစီအစိုးရမဖြစ်နိုင်ပါဘူး။ ပြည်သူ့ရဲ့ဆန္ဒအရ အုပ်ချုပ်ရေး တာဝန်ကို ယူထားတဲ့ အစိုးရဆိုတာဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးအဖြစ်နိုင်ဆုံး ဖြည့်ဆည်း ပေးဖို့တာဝန်ဟာ အဓိကဖြစ်ပါတယ်။
"ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက် တွေ၊ ဆန္ဒတွေဟာ ဘာလဲဆိုတာကိုလည်း သိနိုင်အောင် ကျွန်မတို့ အမြဲကြိုးစားပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ အခွင့်အရေးကြုံတုန်း ဒီမှာရောက်နေတဲ့ ရွာသူ ရွာသားများ ထဲကများ တင်ပြချင်တာ၊ မေးမြန်းချင်တာရှိရင် မေးမြန်းပါ၊ တင်ပြပါလို့ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်။ အဲဒီအတွက် လည်း မေးစရာရှိတဲ့ ပုဂ္ဂိုလ်များ၊ တင်ပြစရာရှိတဲ့ ပုဂ္ဂိုလ်များ မေးမြန်းတင်ပြကြပါလို့ ကျွန်မဖိတ်ခေါ်ပါတယ်}}ဟု ပြောကြား သည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည် ရှင်းလင်းဖြေကြားပြီး ဟားခါးလေးမြောက်ကျေးရွာနှင့် ဟားခါး လေးတောင်ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် ဆန်နှင့် ဆီတို့ကို ထောက်ပံ့ပေးအပ်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ရိုးရာဓလေ့တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် ဟားခါးလေးမြောက်ကျေးရွာမှ ဟားခါးလေးတောင် ကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုကြပြီး ဟားခါးလေးတောင်ရွာသို့ ရောက်ရှိစဉ် ဒေသခံပြည်သူများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ရိုးရာဓလေ့တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သို့ရောက်ရှိပြီး မြို့တော်ခန်းမ၌ ကျင်းပသည့် ဒေသခံပြည်သူများ နှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ကလေးမြို့ ဟာဆိုရင် ကျွန်မတို့နိုင်ငံ ရဲ့ တောင်တန်းတွေနဲ့ မြေပြန့်တွေ ဆက်နေတဲ့နေရာလို့ ပြောရင် လည်း မမှားပါဘူး။ ကျွန်မတို့နိုင်ငံက အင်မတန်ကျယ်ပြန့်တဲ့ နိုင်ငံဖြစ်သလို ပထဝီအနေအထားအရလည်း တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ တိုင်းရင်းသားများ၊ ယဉ်ကျေးမှုများ၊ ကိုးကွယ်တဲ့ ဘာသာများ၊ ပြောဆိုတဲ့ ဘာသာစကားများက လည်းမတူပါဘူး။ ကျွန်မတို့နိုင်ငံက နေရာတိုင်း နေရာတိုင်းမှာ သူ့အလှနဲ့သူ တင့်တယ်ပါတယ်။ ကိုယ့်ဒေသရဲ့အလှ ပိုပြီး တင့်တယ်အောင် ပြည်သူပြည်သားများက လုပ်ဖို့ တာဝန်ရှိ ပါတယ်။ အုပ်ချုပ်တဲ့၊ တာဝန်ယူထားတဲ့ အစိုးရမှာလည်း တာဝန် ရှိသလို နိုင်ငံသူ နိုင်ငံသားများဟာလည်း နိုင်ငံသူ နိုင်ငံသားများရဲ့ တာဝန်ရှိပါတယ်။ ကျွန်မဘယ်သွားသွား တာဝန်ကိုသတိပေး တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူရဲ့ဘယ်လောက် တာဝန်ကျေပွန်မှုရှိလဲ၊ စွမ်းအားရှိလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။
အများကြီးဖြည့်ဆည်းပေးနိုင်ဖို့လို
"နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်း တစ်ဦးချင်းကို တန်ဖိုးရှိစေ ချင်ပါတယ်။ တွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ ကလေးတွေ လူငယ် တွေကို ဖိတ်ရတဲ့အကြောင်းရင်းက ငယ်ငယ်ကတည်းက ကိုယ့် နိုင်ငံရဲ့အရေးက ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မွေးပေးချင် လို့ပါ။ ဒီနိုင်ငံရဲ့ ရှေ့ရေးက အထူးသဖြင့် လူငယ်တွေနဲ့ဆိုင်တယ်။ လူငယ်တွေက အကြာကြီးနေသွားရမှာ။ လူကြီးတွေက ကြာလေ ကြာလေ သက်တမ်းက တိုလာလေ၊ နေရမယ့်အချိန်က တိုလာ လေပါပဲ။ ကျွန်မတို့ထက်ပိုပြီး အရေးကြီးတာက လူငယ်တွေရဲ့ အနာဂတ်ပဲဖြစ်တယ်။ လူငယ်တွေကို လူကြီးတွေက အများကြီး ဖြည့်ဆည်းပေးနိုင်ဖို့လိုတယ်။ လူငယ်တွေက တစ်ခါပြန်ပြီး လူကြီးတွေကို ဖြည့်ဆည်းပေးနိုင်ဖို့လိုတယ်။ လူကြီးနဲ့လူငယ် တွေကြားမှာ လူငယ်တွေက နားလည်မှု တည်ဆောက်ပေးနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ တချို့လူငယ်တွေက လူကြီးနဲ့ လူငယ် မတူဘူးလို့ ထင်တတ်ကြတယ်။ လူငယ်တွေက တစ်နေ့ လူကြီးဖြစ်လာမယ်။ ရှောင်လို့ မရပါဘူး။ တစ်နေ့ ဒီလမ်းကို သွားရမှာပဲ။ လူကြီးတွေကလည်း တစ်ချိန်တစ်ခါတုန်းက လူငယ် တွေ ဖြစ်ခဲ့တာပဲ။ အဲဒီဘ၀ကိုမမေ့ဖို့ အင်မတန်အရေးကြီးပါတယ်။
"တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာနာမှုရှိမှ တကယ့်နားလည်မှုကို တည်ဆောက်နိုင်မယ်။ ကျွန်မတို့တိုင်းရင်း သားတွေ ကြားထဲမှာလည်း ဒီအတိုင်းပဲ ရှိစေချင်တယ်။ ချင်း ပြည်နယ်ဟာ စစ်ကိုင်းတိုင်းနဲ့စာရင် ပထဝီအနေအထားအရ
အင်မတန်ကြမ်းတမ်းတယ်။ အင်မတန် ခက်ခက်ခဲခဲနဲ့ နေထိုင် စားသောက် လှုပ်ရှားသွားလာရကြရတယ်။ ဒါပေမယ့် ချင်း တိုင်းရင်းသား ပြည်သူများဟာ မြေပြန့်နဲ့မခြား အလားတူပဲ လူ့သိက္ခာနဲ့ ကိုက်ညီအောင် နေထိုင်ကြတယ်။
အင်မတန်မှကြီးတဲ့ပြဿနာဖြစ်
"လူတိုင်းလူတိုင်းဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် လှူသိက္ခာ နဲ့ ကိုက်ညီစွာ ချမ်းချမ်းသာသာ ကျန်းကျန်းမာမာနဲ့ နေနေကြ တယ်။ ဒါကြောင့် ကျွန်မက ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ နှုတ်ဆက်လိုက်တဲ့အခါ အားလုံးပြည့်စုံသွားတယ်။ ဆုပေးချင် တယ်ဆိုရင်တော့ ကျွန်မက နှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ ပြောတယ်။ ကိုယ်စိတ်ချမ်းသာမှုမရှိဘူးဆိုရင် နှလုံးစိတ်ဝမ်း မအေးချမ်းနိုင်ဘူး။ ကလေးတွေက ကလေးအတိုင်းအတာနဲ့၊ လူကြီးတွေက လူကြီးအတိုင်းအတာနဲ့ ပူပန်ရတာတွေ၊ စိုးရိမ် ရတာတွေ ရှိပါတယ်။ လူကြီးက ပိုပြီးပူပန်ရတယ်လို့ ပြောပေမယ့် ကလေးတွေ စာမေးပွဲအတွက် စိုးရိမ်ရတာက ကလေးအတွက် အင်မတန်မှကြီးတဲ့ပြဿနာ ဖြစ်ပါတယ်။ ပညာရေးစနစ်ကိုလည်း အခုဆိုရင် ကျွန်မတို့နိုင်ငံအတွက် အကျိုးဖြစ်မယ့်ပညာရေးစနစ် သာမက ကျွန်မတို့လူငယ်တွေနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်ကို ဦးတည်ပါတယ်။ လူငယ်တွေရဲ့ ခေတ်နဲ့ကိုက်ညီတဲ့ ပညာရေး စနစ်။ ဘယ်လိုပညာရေးစနစ်လဲဆိုရင် လူတစ်ယောက်ကို ဘက်စုံပြည့်ဝဖွံ့ဖြိုးတဲ့၊ လူလိုဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ပညာရေးစနစ်ပါ။ အဲဒီလိုအပ်ချက်နဲ့ ကိုက်ညီအောင် ကျွန်မတို့က ပညာရေးစနစ်ကို ထူထောင်ရမယ်။
"ကျွန်မတို့ ချင်းပြည်နယ်ကို လှည့်လည်သွားတဲ့အခါ တချို့နေရာတွေမှာ ရေရှားပါးမှုရှိတယ်။ ရေဆိုတာက အဓိက လိုအပ်ချက်ပဲ။ ရေရှားပါးတဲ့နေရာမှာဆိုရင် ရေမရှိခြင်းရဲ့ ဒုက္ခက အင်မတန် ကြီးမားပါတယ်။ ဒုတိယက လမ်းပန်းဆက်သွယ်ရေးပါ။ ရွာတိုင်းရွာတိုင်းက ဆေးခန်းလိုချင်တယ်၊ ကျောင်းလိုချင်တယ်။
"ဘာဖြစ်လို့ ဒီလောက်လိုအပ်နေလဲဆိုရင် လမ်းပန်း ဆက်သွယ်ရေးဆိုးလို့ပါ။ လမ်းပန်းဆက်သွယ်ရေးကောင်းတယ် ဆိုရင် တစ်ရွာကနေပြီး နောက်တစ်ရွာမှာရှိတဲ့ ကျောင်းကိုသွားဖို့ လွယ်တယ်။ ဆေးခန်းလည်းထိုနည်းလည်းကောင်းပဲ။ ဆေးခန်း က နီးတယ်ဆိုရင် ကိုယ့်ရွာမှာရှိတာ မရှိတာ အဓိက မဟုတ်တော့ ဘူး။ သွားရလာရ လွယ်တယ်။ လမ်းပန်းဆက်သွယ်ရေးဆိုးတဲ့ အခါကျတော့ ကျောင်းသွားရတာလည်း ခက်တယ်၊ အရေး အကြောင်းဆို လူနာကိုဆေးခန်းကို အချိန်မီပို့ရတာလည်း ခက်တယ်။ ဒီတော့ ကိုယ့်ဆေးခန်း ကိုယ်လိုချင်တယ်။ ကိုယ့် ကျောင်း ကိုယ်လိုချင်တဲ့ ဆန္ဒတွေပေါ်လာတယ်။
"အဲဒီတော့ ဆက်သွယ်ရေးက အဓိကပဲ၊ ကျွန်မတို့ အချင်းချင်း ဆက်သွယ်လို့ရအောင် လမ်းတွေဖောက်ရမယ်။ အချင်းချင်း ဆက်သွယ်နိုင်တဲ့ စိတ်ဓာတ်တွေဖြစ်အောင်လို့လည်း ပညာရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကျွန်မတို့တည်ဆောက်ပေး ဖို့ လိုတယ်။ ကျွန်မတို့ နိုင်ငံက ပြည်ထောင်စုပါ။ ပြည်ထောင်စု ဆိုပေမယ့် လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုတော့ အပြည့်အဝ မဖြစ်သေးဘူး။ အဲဒါဖြစ်ဖို့ အားလုံး ဝိုင်းပြီး ကြိုးစားရမယ်။
"ဒါက နိုင်ငံရေးကိစ္စသက်သက်သာ မဟုတ်ပါဘူး။ လူမှုရေး ကိစ္စလည်း ဖြစ်ပါတယ်။ စီးပွားရေးကိစ္စလည်း ဖြစ်ပါတယ်။ ကလေးမြို့ဟာ တောင်တန်းနဲ့ မြေပြန့်ကို ဆက်သွယ်ထားတဲ့ ဒေသတစ်ခုပါ။ တောင်တန်းက ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ အခြေအနေတွေကိုလည်း သိနိုင်တယ်။ မြေပြန့်က ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အခြေအနေကိုလည်း သိနိုင်တယ်။ အဲဒီလိုနေရာမျိုးမှာရှိတဲ့ ပြည်သူ ပြည်သားတွေရဲ့ ကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဆက်သွယ်ပေးတဲ့ ပေါင်းကူး တံတားအနေနဲ့ ကျွန်မတို့ ကလေးမြို့ကို ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အဓိကမွေးမြူပြီး တော့ ဖွံ့ဖြိုးအောင်လုပ်ပေးတဲ့ နေရာတစ်နေရာ ဖြစ်စေချင် ပါတယ်။ အဲဒီလိုလုပ်ဖို့ဆိုတာ ကလေးတွေကနေစရပါမယ်။ လူငယ်တွေကနေစရပါမယ်။ လူငယ်တွေက ငယ်ငယ်ကတည်းက အများအတွက် စိတ်ထားတွေကို ပြုစုပျိုးထောင်ရမယ်။ ကိုယ် တစ်ယောက်တည်း ကောင်းအောင်နေလို့ ကိုယ့်ပတ်ဝန်းကျင် က မကောင်းရင် ကိုယ်တစ်ယောက်တည်း ဘယ်လိုမှ ဆက်ပြီး ကောင်းမှာ မဟုတ်ပါဘူး။
ဒီနိုင်ငံကြီးကို အကျိုးပြုနိုင်
"ဒါ့ကြောင့် အခု ရှေ့မှာထိုင်နေတဲ့ ကလေးများ သေသေ ချာချာစဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် တခြားလူတွေအတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားစေချင်တယ်။ ကိုယ့်အတွက်ပဲ တန်ဖိုးရှိတယ်ဆိုရင် တကယ်တန်ဖိုးရှိတဲ့သူ မဟုတ်ပါဘူး။ သူများတွေအတွက် တန်ဖိုးရှိမှ တန်ဖိုးရှိတယ်လို့ ပြောနိုင်မှာပါ။ ဒီလိုစိတ်ဓာတ်တွေကို ပြုစုပျိုးထောင်မှသာ နောင်ကြရင် ဒီနိုင်ငံကြီးကို အကျိုးပြုနိုင်မယ့် လူကြီးတွေ ဖြစ်လာမှာပါ။
ပိုပြီးထိထိရောက်ရောက်လုပ်
"ပြည်နယ်နဲ့ တိုင်းတွေမှာ အရေးကြီးတာကတော့ ပြည်နယ်/တိုင်း အစိုးရတွေကဏ္ဍ ဖြစ်ပါတယ်။ ပြည်နယ်/ တိုင်းအစိုးရတွေဟာ ပြည်ထောင်စုအစိုးရနဲ့စာရင် ဒေသခံ တွေနဲ့ထိတွေ့ မှု အင်မတန်မှများပါတယ်။ ပြည်နယ်/တိုင်းတွေ တိုးတက်မှုနဲ့ပတ်သက်ပြီးတော့ ပြည်နယ်/တိုင်း အစိုးရတွေက ပြည်ထောင်စုအစိုးရတွေထက် ပိုပြီးထိထိရောက်ရောက် လုပ်နိုင် မယ်လို့ ပြောရင် မမှားပါဘူး။ ကိုယ်နဲ့ နိစ္စဓူဝထိတွေ့နေရတဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဖို့ တာဝန်ဆိုတာ ပြည်နယ်/တိုင်းအစိုးရတွေအပေါ်မှာ အင်မတန်မှ ကြီးကြီး မားမားရှိနေတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သား တွေကလည်း ပြည်နယ်/တိုင်းအစိုးရတွေကို ကိုယ့်ရဲ့မိသားစု သဖွယ် စိတ်ထားပြီးတော့ လိုအပ်တာတွေကို တောင်းဆိုပါ။ မလိုအပ်ဘဲနဲ့တော့ မတောင်းဆိုပါနဲ့။ အဲဒါဟာ ဘယ်သှူအတွက် မှ အကျိုးမရှိပါဘူး။
"နောက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။ ဆွေးနွေးစရာရှိရင် ဟိုဘက်ဒီဘက် မျှမျှတတဖြစ်အောင် ဆွေးနွေးပြီးတော့မှ အဖြေရှာကြပါလို့ ကျွန်မတိုက်တွန်းချင် ပါတယ်"ဟု ပြောကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေးဖြေကြားပြီး ဒေသခံ ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကလေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ၌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆွေးနွေးမှာကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် ကလေးမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment