Wednesday, January 2, 2019

သီလဝါဆိပ်ကမ်းရှိ နိုင်ငံတကာဆိပ်ကမ်းလုပ်ငန်းများ မတ်လတွင် စတင်ဆောင်ရွက်မည်

Image may contain: sky and outdoor

ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန် မြေကွက်အမှတ်(၂၅)/(၂၆) ဆိပ်ခံတံတားရှိ နိုင်ငံတကာ ဆိပ်ကမ်းလုပ်ငန်းများကို လာမည့်မတ်လတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး(ရန်ကုန်)မှ သိရသည်။
အဆိုပါ ဆိပ်ကမ်းကြီးမှတစ်ဆင့် အထွေထွေကုန်စည် နှင့် ကုန်သေတ္တာများ၊ သီလဝါအထူးစီးပွားရေးဇုန်၏ ပို့ကုန်၊ သွင်းကုန်သင်္ဘောများကို နိုင်နင်းစွာကိုင်တွယ်ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး စီမံကိန်းမှာ သီလဝါဧရိယာ အခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (ပထမ အဆင့်)အောက်ရှိ သီလဝါကမ်းနားဒေသ ရန်ကုန်ဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးစီမံကိန်းဖြစ်ကြောင်းလည်း သိရ သည်။
လုပ်ငန်းများဆောင်ရွက်ပြီးစီးနေ
သီလဝါအထူးစီးပွားရေးဇုန်၏ သီလဝါဆိပ်ကမ်း မြေကွက်အမှတ်(၂၅)နှင့် (၂၆)တို့၌ နိုင်ငံတကာအဆင့်မီ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာ တင်/ချပြုလုပ်နိုင် သောဆိပ်ခံတံတား နှစ်စင်း၊ ဆိပ်ကမ်းဆိုင်ရာအဆောက် အအုံများ၊ ကုန်စည်ကိုင်တွယ်စက်ကိရိယာများ တပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုမှာ ယခုအခါတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး(ရန်ကုန်)မှ သိရသည်။
အဆိုပါ တည်ဆောက်ပြီးစီးသွားသော ဆိပ်ခံတံတား နှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများမှာ ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီအရ အတိုးနှုန်းသက်သာသော ချေးငွေဖြင့် ၂ဝ၁၆ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်၍ ယခုအခါတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး သွားပြီ ဖြစ်သည်။
လက်ရှိအနေအထားအရ သီလဝါကမ်းနားဒေသ၌ မြေကွက်တစ်ကွက်လျှင် (၂ဝဝ မီတာ x ၇၅ဝ မီတာ)အကျယ်ရှိ မြေကွက် ၇၃ ကွက်တွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအားဖိတ်ခေါ်ထားသည့် ဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး မှ သိရသည်။
သတင်း -ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်

No comments:

Post a Comment