Saturday, January 5, 2019

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ ကျင်းပ

Image may contain: night, sky and outdoor
နေပြည်တော် ဇန်နဝါရီ ၎
၂ဝ၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မြို့တော် ခန်းမရှေ့၌ ကျင်းပသည်။
အခမ်းအနားကို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ''စုပေါင်း အင်အား'' ဖြင့် ကာကွယ်စောင့်ရှောက် ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော် နှင့်သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်း ဆောင်ရွက်ရေး၊ နိုင်ငံသူ နိုင်ငံသား များ၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တ ကို ထိခိုက်ပျက်ပြားစေသည့် မူးယစ် ဆေးဝါးသုံးစွဲမှုများကို ထိရောက်စွာ တားဆီးကာကွယ်ရေး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ဘက်ညီ မျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးရေးဟူသည့် အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အနှစ်သာရပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။
နိုင်ငံတော်အလံကိုလွှင့်တင်
ရှေးဦးစွာနံနက် ၄ နာရီမိနစ် ၂ဝ တွင်၂ဝ၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။
နံနက် ၆ နာရီတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ (၇၁)နှစ်မြောက် လွတ်လပ် ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပုဗ္ဗသီရိတပ်နယ်မှအရာရှိ၊ စစ်သည်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် သတ်မှတ်စုရပ် အသီးသီးမှ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပမည့် မြို့တော် ခန်းမရှေ့ရင်ပြင်သို့ ဝင်ရောက်နေရာယူကြသည်။
ချီတက်နေရာယူ
နံနက် ၆ နာရီ ၄၅ မိနစ်တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကိုကျင်းပရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ရင်ပြင်သို့ ချီတက်နေရာယူကြသည်။
ထို့နောက်(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အလေးပြုခံစင်မြင့်သို့ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆို
ယင်းနောက် ဒုတိယသမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာ တပ်မတော်(ကြည်း၊ ရေ၊ လေ)ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးသည်။
ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအားအလေးပြု၍ သစ္စာလေးချက်ကိုသံပြိုင်ရွတ်ဆိုကြ သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment