Wednesday, January 2, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်းဆုရ ''ဝ''စေတီ နောင်တော်ဘုရား ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနား တက်ရောက်


Image may contain: 4 people, outdoor
နေပြည်တော် ဇန်နဝါရီ ၁
တောင်းဆုရ ''ဝ'' စေတီ နောင်တော်ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၄၅ မိနစ် တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အဆိုပါစေတီတော်ရင်ပြင် ယာယီမဏ္ဍပ် ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဖူးမြော်ကြည်ညိုကြ သည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကြ ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကြည်မင်း၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယာယီမဏ္ဍပ် အတွင်း ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ တောင်းဆုရ ''ဝ''စေတီ နောင်တော်ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို ဖွင့်လှစ်ကြပြီး နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တပ်ကုန်းမြို့ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ပက်ဖျန်းကြဲဖြန့်ချည်နှောင်
ဆရာတော်၊ သံဃာတော်များက သမန္တာမှစ၍ မေတ္တသုတ်တော်၊ ရတနာ သုံးပါး ဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ်တော်ပရိတ်တရားတော်များကို ရွတ်ပွား သရဇ္ဈာယ်တော်မူကြရာ ဧည့်ပရိသတ်များက နာယူကြည်ညိုကြပြီး ဥပါသကာ များက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲများကို စေတီတော်ပရိဝုဏ် အတွင်း ပက်ဖျန်းကြဲဖြန့်ချည်နှောင်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့က စေတီတော်၏ ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငှက်မြတ်နားတော်၊ သာသနာ့တံခွန်တိုင်၏ စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက် သွန်းလောင်းအမျှပေးဝေကြသည်။
ပို့ဆောင်ပူဇော်
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဇွန်းဘုံတော်များ၊ ဆပ်သွားဖူးတော်၊ ရွှေထီးတော်ဘုံဆင့်များနှင့် ရွှေခေါင်းလောင်းတော်များကို ပင့်ဆောင်၍ တောင်းဆုရ ''ဝ'' စေတီ နောင်တော်ဘုရားအား လက်ယာရစ်လှည့်လည်၍ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပို့ဆောင်ပူဇော်ကြသည်။
မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်ပူဇော်
ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ရွှေထီးတော်ဘုံဆင့်များ၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို ပရိတ်နံ့သာရည်၊ အောင်စံပယ် ပန်း၊ အောင်သပြေပန်းများဖြင့် ပက်ဖျန်းချိတ်ဆွဲကြပြီး မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်ပူဇော်ကြသည်။ မင်္ဂလာအချိန်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ရှေးထုံးကျမ်းဂန်နှင့်အညီ စေတီတော်အထွတ်၌ အစီအစဉ် အတိုင်း တင်လှူပူဇော်ကြပြီး ရွှေထီးတော်ကို ပရိတ်နံ့သာရည်၊ တရော်ကင်ပွန်း ရည်၊ ရေစင်ရေသန့်များဖြင့် ပက်ဖျန်းသန့်စင်သွန်းလောင်းပူဇော်ကြသည်။
ယင်းနောက် သာသနာ့တံခွန်တိုင်၌ ရွှေထီးတော်၊ ဆပ်သွားဖူးတော်၊ ဇွန်းဘုံတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို လက်ဆင့်ကမ်း တင်လှူပူဇော်ကြပြီး ပရိတ်နံ့သာရည်၊
တရော်ကင်ပွန်းရည်၊ ရေစင်ရေသန့်များဖြင့် ပက်ဖျန်းသန့်စင်သွန်းလောင်း ပူဇော်ကြသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် သာသနာ့တံခွန်တိုင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြပြီး ရတနာ ရွှေမောင်းတော်နှင့် ရတနာခေါင်းလောင်းတော်တို့ကို တီးခတ်ပြီး အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ဆက်လက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ကျင်းပရာ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက တောင်းဆုရ ''ဝ''စေတီ နောင်တော်ဘုရားအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော် မူကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်

No comments:

Post a Comment