Monday, December 3, 2018

ယနေ့ခေတ်ကာလရဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို အပြုသဘောနဲ့ ပေါင်းစည်းဖြေရှင်းနိုင်မယ့်နည်းလမ်းများ ရှာဖွေနိုင်မယ့် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေမယ်လို့ ယုံကြည်

Image may contain: 1 person, text
အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်း
(၁-၁၂-၂ဝ၁ ရက်နေ့၊Hyatt Regency ဟိုတယ်၊ ကတ္တမန္ဒူးမြို့)
နီပေါဝန်ကြီးချုပ် မစ္စတာ ကေ၊ပီ၊ ရှာမာ အိုလီ၊
ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်းဥက္ကဋ္ဌ ဒေါက်တာ သောမတ်စ် ဂျီ၊ ဝေါလ်၊နိုင်ငံ့အကြီးအကဲများ၊ ဧည့်သည်တော်ကြီးများ၊
ဂုဏ်သရေရှိ လူကြီးမင်းများရှင့်၊
အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးကို ယခုလိုတက်ရောက်ခွင့်ရတဲ့ အတွက် မိမိအနေနဲ့ ဂုဏ်ယူမိပါတယ်။ မိမိဘဝရဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ နေ့ရက်တွေကို ဖြတ်သန်းနေထိုင်ခဲ့ဖူးတဲ့ နီပေါနိုင်ငံကို ပြန်လည်လာရောက် ခွင့်ရရှိတဲ့အတွက်လည်း များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။ မိမိအနေနဲ့ နီပေါပြည်သူတွေရဲ့ နွေးထွေးစွာကြိုဆိုမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုတွေ အတွက်လည်း များစွာကြည်နူးမိပါတယ်။
နီပေါနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်တဲ့ မိမိရဲ့တရားဝင်ချစ်ကြည် ရေးခရီးစဉ်နှင့် တစ်ဆက်တည်း အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားခဲ့တဲ့အတွက် နီပေါဝန်ကြီးချုပ် မစ္စတာ ကေ၊ပီ၊ ရှာမာ အိုလီကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ယခုထိပ်သီးအစည်းအဝေးမှာ ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေး၊ သာယာဝပြောရေး နဲ့ လူသားအချင်းချင်း ရိုင်းပင်းကူညီမှုဆိုင်ရာ လုပ်ငန်းစဉ်များကို မြှင့်တင် ပေးရန် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်နေကြတဲ့ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှ ပုဂ္ဂိုလ်ကြီးများစွာနဲ့ တွေ့ဆုံခွင့်ရရှိစေခဲ့တာဟာ အဖိုးမဖြတ်နိုင် တဲ့ အခွင့်အလမ်းတစ်ရပ်ဖြစ်ပါတယ်။
ဧည့်သည်တော်များနဲ့ ဂုဏ်သရေရှိလူကြီးမင်းများရှင့်။
ဒီကနေ့ ကမ္ဘာကြီးဟာ မသေချာမရေရာမှုတွေ၊ ကုန်သွယ်ရေးတင်းမာမှု တွေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အထူးသဖြင့် မိမိတို့ဒေသ အတွင်းမှာ êကြုံတွေ့နေရပါတယ်။ သမားရိုးကျနှင့် သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေဟာ ကြီးမားသောစိန်ခေါ်မှုများကို ဖြစ်စေလျက်ရှိကြပြီး တစ်ခါတစ်ရံမှာ မမျှော်လင့်ထားတဲ့ နေရာကနေ ပေါ်ထွက်လာတာကို တွေ့မြင်ရပါတယ်။ သဘာဝဘေးအန္တရာယ်များ၊ အကြမ်းဖက်မှုများ၊ စားနပ် ရိက္ခာရှားပါးမှု၊ ရောဂါဘယများ၊ ရွှေ့ပြောင်းသွားလာမှုနှင့် နေရပ်စွန့်ခွာမှု၊ ဆင်းရဲနွမ်းပါးမှု၊ တရားမမျှတမှု၊ ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုနှင့် မတူကွဲပြား မှုအပေါ် လက်မခံမှုများ ဖုံးလွှမ်းနေတဲ့ သတင်းဖြစ်စဉ်တွေကို မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ အမြဲမပြတ် ကြားသိနေကြရပါတယ်။ အပြုသဘောမဆောင်တဲ့ အင်အားစုများဟာလည်း နေရာတိုင်းမှာရှိနေကြပြီး ငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ်များကို တိုက်စားဖျက်ဆီးလျက်ရှိကြပါတယ်။ မိမိတို့ကမ္ဘာကြီးအတွက် သဟဇာတဖြစ်မှုနဲ့ ပျော်ရွှင်မှုတို့ကို ထိန်းသိမ်းရန် လိုအပ်သော သဘာဝ သယံဇာတပစ္စည်းများနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အဆင်အခြင်မဲ့စွာ ဖြုန်းတီးပစ်မှုတွေကို ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့မြင်နေရပါတယ်။
သတင်းအချက်အလက်နည်းပညာတွေ လျင်မြန်စွာ တိုးတက်ပြောင်းလဲ လာမှုနဲ့ ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်ကြောင့် ကမ္ဘာ့နိုင်ငံများနဲ့ ပြည်သူများဟာ အချင်းချင်း အပြန်အလှန်ဆက်နွှယ်မှုနဲ့ မှီခိုမှုတွေ ပိုမိုတိုးတက်မြင့်မားလာခဲ့ ပါတယ်။ ယခုလို ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်မှီခိုလာရမှုရဲ့ရလဒ်အနေနဲ့ မိမိတို့အားလုံးနေထိုင်ရာဖြစ်တဲ့ ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အာမခံနိုင်ဖို့ အထောက်အကူပြုမယ့် မှန်ကန်သော ဖြေရှင်းမှုရရှိရေးနဲ့ သဟဇာတဖြစ်မှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာရဲ့အကြောင်းရင်းတွေကို ရှာဖွေဖော်ထုတ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ မလွဲမသွေတိုးမြှင့် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမျှ တစ်နိုင်ငံ တည်း ရပ်တည်ရှင်သန်၍ မရနိုင်ပါ။ အမျိုးသားအကျိုးစီးပွားကို ဖော်ထုတ် ရန်နဲ့ ကာကွယ်ရန်၊ ငြိမ်းချမ်းရေးနဲ့ အကျိုးတူသာယာဝပြောရေးတို့ရရှိရန် အတွက် နိုင်ငံတိုင်းဟာ နှစ်နိုင်ငံချင်းဖြစ်စေ၊ ဒေသတွင်းအချင်းချင်းဖြစ်စေ ထိတွေ့ဆက်ဆံကြဖို့ လိုအပ်ပါတယ်။ အပြန်အလှန် မှီခိုနေထိုင်ကြရတဲ့ ယနေ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုကို ရှေးရှုတဲ့ယဉ်ကျေးမှုတစ်ရပ်ကို တိုးမြှင့်ဖော်ထုတ် ခြင်း နည်းလမ်းဖြင့်သာ မတူကွဲပြားတဲ့ လူမှုအသိုက်အဝန်းများအကြားမှာ သဟဇာတဖြစ်မှုကိုဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဟာ ဒင်္ဂါးတစ်ခုရဲ့မျက်နှာနှစ်ဖက်သဖွယ် အပြန်အလှန် ဒွန်တွဲလျက်ရှိပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတာ အထွေအထူးရှင်းပြရန် လိုအပ်မယ် လို့မထင်ပါ။ ထို့ပြင် ငြိမ်းချမ်းမှုတည်တံ့ခိုင်မြဲခြင်းဆိုတာဟာ ပဋိပက္ခ သို့မဟုတ် စစ်ပွဲများမရှိရုံသက်သက်မျှသာ မဟုတ်ပါ။ ငြိမ်းချမ်းရေးဆိုသည်မှာ အင်အားသုံး ဖော်ဆောင်ရတဲ့ ယာယီအခြေအနေတစ်ရပ်မဟုတ်ဘဲ လူသားတစ်ဦးချင်း၊ မိသားစုတစ်စုချင်းနဲ့ လူ့အဖွဲ့အစည်းတစ်ခုစီတို့ရဲ့ အတွင်းစိတ်နှလုံးမှ ပေါက်ဖွား လာတဲ့ အပြုသဘောအင်အားတွေ ဖြစ်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ လူသားတွေဟာ မေတ္တာ၊ ကရုဏာပွားများဖို့ တိုက်တွန်းသူတွေထက် အမုန်း တရား ဖြန့်ဝေသယ်ဆောင်သူတွေရဲ့စကားအပေါ် ပိုမိုနားယောင်လွယ်တတ် ကြတာကို တွေ့ရှိရပါတယ်။
ပဋိပက္ခတွေရဲ့ အခြေခံအကြောင်းရင်းဟာ နာကျင်စေလိုခြင်းနဲ့ ဖျက်ဆီး လိုခြင်းကို ဦးတည်ဆောင်ရွက်တဲ့ မကောင်းသောစိတ်ဆန္ဒဖြစ်ပြီး ထိုသို့ဆောင် ရွက်ခြင်းဖြင့် ပဋိပက္ခဖြစ်ပေါ်မယ့်လမ်းစကို ပွင့်သွားစေမှာဖြစ်ပြီး အဲဒီကမှ တစ်ဆင့် အမုန်းတရားနှင့် အကြောက်တရား အဆိုးသံသရာစက်ဝန်းကို အမြဲတမ်း အသစ်တစ်ဖန်ဖြစ်ပေါ်လာစေပြီး ငြိမ်းချမ်းရေးအလင်းရောင်ကို မှေးမှိန်စေပါတယ်။
ဒီအဆိုးသံသရာစက်ဝန်းကို ဖောက်ထွက်ပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ပြန်လည်ထွန်းတောက်လာစေဖို့အတွက် မိမိတို့အနေနဲ့ လူ့သဘာဝရဲ့ ကောင်းမွန်သော စရိုက်လက္ခဏာများ ရှင်သန်လာစေရန် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်သွားကြဖို့ လိုအပ်ပါတယ်။ ထို့ပြင် အပြန်အလှန်လေးစားမှုနဲ့နားလည်မှုကို ပိုမိုမြှင့်တင်ဖို့ သာမက ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ ခိုင်မာစွာဆက်လက်တည်ရှိနေ စေဖို့အတွက် မိမိတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေအပေါ် ယုံကြည်မှုပိုမိုရှိဖို့၊ ကြိုးပမ်းသွားကြဖို့လည်း လိုအပ်ပါတယ်။
ငြိမ်းချမ်းရေးဟာ မိမိတို့အားလုံးရဲ့ ပစ္စုပ္ပန်ကာလအတွက်သာမကဘဲ အချိန်ကာလတစ်လျှောက်လုံးအတွက် မရှိမဖြစ်အရေးပါတဲ့ လိုအပ်ချက် တစ်ရပ်ဖြစ်ပြီး နိုင်ငံအချို့အတွက်သာမဟုတ်ဘဲ နိုင်ငံအားလုံးအတွက် လိုအပ်ချက်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံတို့ကဲ့သို့ ငြိမ်းချမ်း ရေးကင်းမဲ့မှုရဲ့ အကျိုးဆက်တွေကို ကြီးမားစွာခံစားခဲ့ကြရတဲ့နိုင်ငံတွေ အနေနဲ့ ''အပြန်အလှန် မှီခိုမှု၊ အကျိုးတူ သာယာဝပြောမှုနှင့် ကမ္ဘာလုံး ဆိုင်ရာ စံနှုန်းများကို အလေးထားပြီး မျက်မှောက်ကာလမှာ မိမိတို့ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြရေး'' ဆိုတဲ့ ယခု ကျင်းပတဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးရဲ့ ခေါင်းစဉ်ပါအချက်များကို အလေးအနက် သိရှိနားလည်ကြပါတယ်။ ဖော်ပြခဲ့တဲ့ မဏ္ဍိုင်ကြီး ၃-ရပ် အတွက် အခြေခံလိုအပ်ချက်ကတော့ မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါ တယ်။ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ကမ္ဘာကြီး ဖြစ်ထွန်းလာစေရေးအတွက် အဆိုပါမဏ္ဍိုင်များကို တစုတစည်းတည်းမိတ်ဖက်များအဖြစ် ပေါင်းစည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
မိတ်ဖက်ပြုဆောင်ရွက်ခြင်းဟာ သဘောထားတူညီမှုရှိသူများအကြား ဆက်ဆံရေးပင် ဖြစ်ပါတယ်။ အပြန်အလှန်မှီခိုမှုဟာ သီးခြားလွတ်လပ်မှုကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ တန်းတူညီမျှ လွတ်လပ်မှုရှိတဲ့ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ရလဒ်ဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက် ခြင်းဟာ နှစ်ဦးဆောင်ရွက်ခြင်းထက်ပိုသော အကျိုးရလဒ်ရရှိလာစေနိုင်တဲ့ အချက်ကို လက်ခံခြင်းပင် ဖြစ်ပါတယ်။ အကျိုးတူသာယာဝပြောခြင်းဟာ မိတ်ဖက်များအားလုံးရဲ့ အကျိုးစီးပွားအတွက် အတူတကွဆောင်ရွက်ရေးနဲ့ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုမှရရှိလာတဲ့ အသီးအပွင့်များအား မျှဝေခံစား ရေးဆိုတဲ့ အယူအဆကို လက်တွေ့အသုံးချဆောင်ရွက်ရာမှ ပေါ်ထွက်လာ ခြင်း ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးထားမှုစံနှုန်းတွေဟာ စစ်မှန်တဲ့မိတ်ဖက်ပြုမှု ပေါက်ဖွားစေမယ့်မျိုးစေ့သာမက ကောင်းမွန်စွာ မိတ်ဖက်ပြုဆောင်ရွက်ခြင်းမှ ရှင်သန်ပေါက်ဖွားလာစေမယ့် အသီးအပွင့်များလည်း ပေါင်းစပ်ပါဝင်ပါတယ်။ ဒီကနေ့ ကမ္ဘာကြီးမှာ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးထားမှုစံနှုန်းတွေကို နေရာပေးမှု မရှိတော့တဲ့ အနေအထားမှာရှိနေပြီး ချမ်းသာကြွယ်ဝမှုနဲ့ သြဇာတိက္ကမ မရှိကြတဲ့နိုင်ငံတွေရဲ့ လိုအပ်ချက်တွေနဲ့အကန့်အသတ်ရှိမှုတွေကို အလေးပေး စဉ်းစားခြင်းမရှိဘဲ အင်အားကြီးနိုင်ငံတွေကသာ စံနှုန်းတွေကို သတ်မှတ် ပြဋ္ဌာန်းလာတာကို တွေ့မြင်ရပါတယ်။
မည်သူမှ အငြင်းမပွားနိုင်တဲ့ တစ်ကမ္ဘာလုံးနဲ့ ဆီလျော်မှုရှိတဲ့ တန်ဖိုး ထားမှုစံနှုန်းတွေဟာ ရှိနှင့်ပြီး ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဗြဟ္မစိုရ်တရား လေးပါး ဖြစ်ပါတယ်။ မြတ်စွာဘုရား ဖွားမြင်တော်မူရာဒေသဖြစ်တဲ့ နီပေါ နိုင်ငံကပြည်သူတွေသိကြပြီးဖြစ်တဲ့အတိုင်း ဗြဟ္မဝိဟာရတရားတွေဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ဟာ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အပြုသဘောဆောင်တဲ့ မိတ်ဖက်ပြုမှုတို့ကို ကာလဒေသမရွေး ဖော်ဆောင်ပေးနိုင်တဲ့စံနှုန်းတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မိမိတို့ဆက်ခံခဲ့ရတဲ့ ပျော်ရွှင်ချမ်းမြေ့မှုကင်းမဲ့ပြီး ရှုပ်ထွေးခက်ခဲတဲ့အခြေအနေများမှ ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးဖော်ဆောင်နိုင်ရေးအတွက် ကြီးမားလေးလံတဲ့တာဝန်ကို ထမ်းရွက်နေ ရချိန်ဖြစ်ပါတယ်။ ယင်းသို့သောအချိန်ကာလတွင် ယနေ့ ကြုံတွေ့နေကြရတဲ့ အရေးပါတဲ့ စိန်ခေါ်မှုများကို ငြိမ်းချမ်းရေးအတွက် တန်းတူမိတ်ဖက်ပြု ဆောင်ရွက်ရေးအပေါ် မိမိတို့နဲ့ ယုံကြည်ချက်ချင်းတူညီတဲ့ မိတ်ဆွေစစ်များ ရရှိမည့် အခွင့်အလမ်းများအဖြစ် ရှုမြင်ထားပါတယ်။
ယခုကျင်းပတဲ့ဖိုရမ်ကနေပြီး တစ်ဦးနဲ့တစ်ဦးအကြား ထိတွေ့ဆက်ဆံမှု တွေရှိလာပြီး ယနေ့ခေတ်ကာလရဲ့ အရေးကြီးတဲ့စိန်ခေါ်မှုတွေကို အပြု သဘောနဲ့ ပေါင်းစည်းဖြေရှင်းနိုင်မယ့် နည်းလမ်းများရှာဖွေနိုင်မယ့် အခွင့် အလမ်းများ ဖြစ်ပေါ်လာစေမယ်လို့ ယုံကြည်ပါတယ်။
ငြိမ်းချမ်းရေးမြတ်နိုးသူများက အဆွေတော်တို့အား အောင်မြင်စေ ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment