Thursday, December 27, 2018

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ






Image may contain: 3 people, text
နေပြည်တော် ဒီဇင်ဘာ ၂၆



ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် Universal Periodic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာဒေါ်မြလေးစိန်နှင့် ဦးဆက်အောင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်း ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက Universal Peri-odic Review (UPR) ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် (၆၅/၂၅၁) အရ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UPRကို ၂ဝ၁၁ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကျော့(First Cycle) ကို ၂ဝ၁၅ ခုနှစ်တွင်လည်းကောင်း အစီရင်ခံစာများကို သက်ဆိုင်ရာအကျော့အလိုက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် သုံးသပ်မှုခံယူခဲ့သည် ကို တွေ့ရှိရပါကြောင်း။
ဒုတိယအကျော့ (Second Cycle) သုံးသပ်မှုခံယူခဲ့စဉ်က အဖွဲ့ဝင်နိုင်ငံပေါင်း ၉၃ နိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ပေါင်း ၂၈၁ ချက်တွင် ၁၆၆ ချက်ကို လက်ခံခဲ့ပါကြောင်း၊ လက်ခံခဲ့သည့် အကြံပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က ဦးဆောင်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ ပါကြောင်း။
ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့
ထို့အတူ ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် The Lutheran World Federation (Myanmar) တို့ ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုလည်း ထပ်မံကျင်းပ ခဲ့ပါကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိခဲ့သည့် ရလဒ်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် “'Universal Periodic Review (UPR)အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက် ရေး အမျိုးသားအဆင့်ကော်မတီ''ကို လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ကာ အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ ပါကြောင်း။
၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် အမျိုးသားအဆင့် ကော်မတီ၏ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ တာဝန်ရှိသူများနှင့် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြု တိုက်တွန်းချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကဏ္ဍ (၁၂)ရပ်အတွက် တာဝန်ခံဝန်ကြီးဌာန၊ အဖွဲ့အစည်းများကို သတ်မှတ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါကဏ္ဍ (၁၂)ရပ်အတွက် တာဝန်ခံဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှာ ''အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင် ပါဝင်ချုပ်ဆိုရန်ကိစ္စရပ်(၄၁)ရပ်နှင့် စပ်လျဉ်း၍'' နိုင်ငံခြားရေးဝန်ကြီးဌာနက လည်းကောင်း၊ ''အမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ် (၇)ရပ်နှင့် စပ်လျဉ်း ၍''” မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လည်းကောင်း၊ ''ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စရပ်(၄)ရပ်နှင့်စပ်လျဉ်း၍'' အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက လည်းကောင်း၊ ''ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေးကိစ္စရပ် (၁၉)ရပ်နှင့် စပ်လျဉ်း၍'' ပြည်ထောင်စုရှေ့နေချုပ်ရုံးက လည်းကောင်း၊ ''စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် (၁၂)ရပ်နှင့် စပ်လျဉ်း၍''စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လည်းကောင်း၊ ''ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေးကိစ္စရပ်နှင့် မြေသိမ်းမှုကိစ္စရပ်(၁ဝ)ရပ်နှင့် စပ်လျဉ်း၍'' ပြည်ထဲရေးဝန်ကြီး ဌာနက လည်းကောင်း၊ ''ကျား- မ တန်းတူရည်တူရှိမှုမြှင့်တင်ရေး ကိစ္စနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးကိစ္စ ရပ် (၁၅)ရပ်၊ ခွဲခြားမှုမပြုရေးကိစ္စရပ်(၁၅)ရပ်တို့နှင့် စပ်လျဉ်း ၍'' လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်းကောင်း၊ ''ကျန်းမာရေးနှင့် ပညာရေးကိစ္စ ရပ်(၁၃)ရပ်နှင့်စပ်လျဉ်း၍'' ပညာရေးဝန်ကြီးဌာနက လည်း ကောင်း၊ ''ဘာသာပေါင်းစုံချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကိစ္စရပ် (၁၈)ရပ်နှင့် စပ်လျဉ်း၍'' သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လည်းကောင်း၊ ''နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများ ကိစ္စနှင့် လူကုန်ကူးခြင်းကိစ္စရပ်(၇)ရပ် နှင့်စပ်လျဉ်း၍'' အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက လည်းကောင်း၊ ''အပစ်အခတ်ရပ်စဲရေး နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကိစ္စရပ်(၅)ရပ်နှင့် စပ်လျဉ်း၍'' နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတို့က လည်း ကောင်း တာဝန်ယူဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
လျာထားဆောင်ရွက်
၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေ အနေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တတိယ အကျော့အဖြစ် သုံးသပ်မည်ဖြစ်ရာ ဒုတိယအကျော့၏ အကြံပြု တိုက်တွန်းချက်များအား အကောင်အထည်ဖော်မှုဆိုင်ရာ National Report ကို ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ နောက်ဆုံး ထား၍ တင်သွင်းရမည်ဖြစ်ပြီးNational Report မူကြမ်းအား ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် အမျိုးသားအဆင့်ကော်မတီသို့ တင်ပြနိုင်ရေး လျာထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် စနစ်တကျရှိစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးပြည့်စုံသည့် National Report ရရှိစေရန်အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြ စေလိုပါကြောင်း။
UPR လုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကသိစေရန် စနစ်တကျဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်သည့် အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ပီပီပြင်ပြင်နှင့် ကျစ်လျစ်စွာ ဖော်ပြ နိုင်ရန် အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှုရှိစေရေးအတွက် ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိသည်ကို ဖော်ပြနိုင်ရေး အတွက်National Report တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် ကိစ္စရပ်များ ပါဝင်စေရေးနှင့် ကျန်ရှိမှုမရှိစေရေးကို အထူးဂရုပြု ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခု အစည်း အဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ဆက်လက် ဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ လုပ်ငန်းကော်မတီများ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက် အခဲများကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးစေလို ပါကြောင်း ပြောကြားသည်။
လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ
ထို့နောက် ကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်အောင်သူက ယခင်ဆောင်ရွက်ခဲ့သည့် UPRလုပ်ငန်းစဉ်များ၊ အကြိုလုပ်ငန်း ညှိနှိုင်းမှု အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထား ရှိမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်UPR အကြံပြုတိုက်တွန်းချက် (၁၆၆)ချက် နှင့် စပ်လျဉ်း၍ ကဏ္ဍ (၁၂)ရပ်အတွက် တာဝန်ခံဝန်ကြီးဌာန၊ အဖွဲ့အစည်းများဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ''အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆိုရန် ကိစ္စရပ်(၄၁)ရပ်''နှင့် ''ကုလသမဂ္ဂလူ့အခွင့် အရေးယ္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်(၄)ရပ်''တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ''အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်(၇)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ''ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေးကိစ္စရပ်(၁၉)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ''စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ် (၁၂)ရပ်''နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ''ကောင်းမွန် သောအုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေးကိစ္စရပ်နှင့် မြေသိမ်းမှု ကိစ္စရပ် (၁ဝ)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ''ကျား-မ တန်းတူရည်တူရှိမှု မြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေးကိစ္စရပ် (၁၅)ရပ်၊ ခွဲခြားမှုမပြုရေးကိစ္စရပ် (၁၅)ရပ်''တို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပညာရေးဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ''ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ် (၁၃)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ''ဘာသာပေါင်းစုံချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကိစ္စရပ် (၁၈)ရပ်''နှင့် စပ်လျဉ်း၍လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယòန်ကြားရေးမှူးချုပ် ဦးရှိန်ဝင်းက ''နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများကိစ္စနှင့် လူကုန်ကူးခြင်းကိစ္စရပ် (၇)ရပ်'' နှင့်စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ''အပစ်အခတ်ရပ်စဲရေး နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စရပ် (၅)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင် တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြုတိုက်တွန်း ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေ အနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်(Universal Perio-dic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင် အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေးတင်ပြချက်များ နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment