Wednesday, November 28, 2018

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၊ တိုင်းရင်းသားရေးရာကော်မတီဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ





 နေပြည်တော် နိုဝင်ဘာ ၂၇


 

 ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၊ တိုင်းရင်းသားရေးရာကော်မတီဒုတိယဥက္ကဋ္ဌ H. E. Mr.Tondrub Wangbenနှင့်အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က တရုတ်- မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် မိမိတို့ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးလုပ်ငန်းများတွင် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ် အေးချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးပါကြောင်း။
မိမိတို့လွှတ်တော်နှင့် အစိုးရအနေဖြင့်လည်း တိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေများနှင့် တိုင်းရင်းသားများ အကျိုးစီးပွား ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်း ထားရှိပြီး တိုင်းရင်းသားများ၏ တန်းတူညီမျှရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မိမိတို့ နိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးဆိုင်ရာ လုပ်ငန်းများတွင် တရုတ်နိုင်ငံ အနေဖြင့် ထောက်ခံ အားပေးကူညီဆောင်ရွက်သွားမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်း များနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကဏ္ဍများတွင် ပိုမိုထိရောက်မြန်ဆန်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၊ တိုင်းရင်းသားရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌက တရုတ်- မြန်မာ နှစ်နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိကြသည့် နိုင်ငံများဖြစ်သည့်အားလျော်စွာ နိုင်ငံရေးသမိုင်းကြောင်း ဖြစ်စဉ်များလည်း များစွာတူညီပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်း ရေးနှင့် စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့ဖြစ်ရာ တရုတ်နိုင်ငံ အနေဖြင့်လည်း တိုင်းရင်းသားများ၏ အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် စည်းလုံးညီညွတ်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသည့်အတွက် အတွေ့အကြုံနှင့် အကူအညီများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment