Sunday, October 28, 2018

မိုဟာမက်ခရာကီအား အနိုင်ရရှိသည့် အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်

Image may contain: 3 people, people standing and hat

နေပြည်တော် အောက်တိုဘာ ၂၇

ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံကြီး၌ အောက်တိုဘာ ၂၆ ရက် ညပိုင်းက ပြုလုပ်သည့် Pursuit of Greatness  ပြိုင်ပွဲတွင်  အဓိက ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ထိုးသတ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှင့် မစ်ဒယ်ဝိတ်တန်းလက်ရှိကမ္ဘာ့ ချန်ပီယံဖြစ်သူ အောင်လအန်ဆန်က စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက် ခရာကီအား ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အလဲထိုး အနိုင်ရရှိခဲ့သည်။

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် စိန်ခေါ်သူလက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီအား  ပထမအချီ၌ပင် တိကျသေသပ်ပြီး ပြင်းထန်သောလက်သီး ထိုးချက်များဖြင့် ဒိုင်ပွဲရပ်အလဲထိုးအနိုင်ယူခဲ့သည့်အတွက် မြန်မာအမျိုးသား ကချင် တိုင်းရင်းသား အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ပေးပို့ သည့် ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁ဝဝ တို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့ရှိRose Garden Hotel ၌ သွားရောက်ပေးအပ် ချီးမြှင့်သည်။

ထို့နောက်MMAမစ်ဒယ်ဝိတ်တန်းနှင့်လိုက်ဟဲဗီးဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား အောင်လအန်ဆန် လက်မှတ်ရေးထိုးထားသည့်အင်္ကျီနှင့် One Championship  ပိုစတာတို့ကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်၊ ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment