
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂ဝ၂ဝ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးအာရှဇုန် ပထမအဆင့်ခြေစစ်ပွဲအတွက် သြဂုတ် ၂၇ ရက်မှစ၍ ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိသည်။
မြန်မာအမျိုးသမီးအသင်းသည် သြဂုတ် ၂၇ ရက်တွင် လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့သော်လည်း ကစားသမားအများစုပါဝင်သည့် မြဝတီနှင့် သစ္စာအားမာန်အသင်းသည် အမျိုးသမီးလိဂ်ပြိုင်ပွဲ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲကို သြဂုတ် ၂၉ ရက်တွင် ယှဉ်ပြိုင်ခဲ့ရသောကြောင့် ယင်းပွဲပြီးမှသာ လူစုံလေ့ကျင့်နိုင်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက ကိုင်တွယ်နေပြီး ၂ဝ၁၈ အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင် စတုတ္ထနေရာသာရခဲ့သောကြောင့် သွေးသစ်လောင်းကာ ပြန်လည်ဖွဲ့စည်းထား ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ကလပ် အသင်းများတွင် ကစားခွင့်ရသူများကိုသာ ရွေးချယ်ထားပြီး ကလပ်အသင်းတွင် ကစားခွင့်မရသူများကို ရွေးချယ်ထားခြင်းမရှိကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် ခြေစမ်းပွဲများကစားရန် လူငယ်အမျိုးသား အသင်းများကို ဦးစားပေးရွေးချယ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တည်ထောင်ထားသည့် ရန်ကုန်နှင့်မန္တလေးမှ အကယ်ဒမီအသင်းများနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ ထို့ပြင် ခြေစစ်ပွဲမတိုင်မီ ပြည်တွင်းသို့ ခြေစမ်း ခရီးစဉ်သွားရောက်ကာ ခြေစမ်းပွဲများထပ်မံကစားမည်ဖြစ်သည်။ မြန်မာ အမျိုးသမီးအသင်းသည် ခြေစမ်းပွဲများကို စက်တင်ဘာလလယ်မှသာ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းတွင် နည်းပြချုပ် ဦးဝင်းသူမိုး၊ လက်ထောက် နည်းပြ ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ ဦးမြကိုမင်း၊ ကစားသမားများအဖြစ် ဂိုး ဇာဇာမြင့်၊ မေဇင်နွယ်၊ မျိုးမြမြငြိမ်း၊ ခင်သီတာအေး၊ နောက်တန်း ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ငယ်ငယ်ထွေး၊ ခင်မျိုးဝင်း၊ ယွန်းမီမီလွင်၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ မေစံပယ်ဖူး ၊ လဲ့လဲ့လှိုင်၊ နန့်မေသဇင်၊ နုနု၊ ခင်မိုးဝေ၊ ရှေ့တန်း ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်နှင့် နီလာဝင်းတို့ ပါဝင်ကြသည်။ မြန်မာအသင်း ယှဉ်ပြိုင်မည့် အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ အုပ်စု(ဂ)ကို နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းအုပ်စုကို မြန်မာနိုင်ငံ၌ ကျင်းပခွင့်ရထားသည်။ မြန်မာအသင်းသည် အုပ်စုတွင် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်
ဓာတ်ပုံ-စိုးညွန့်
No comments:
Post a Comment