Friday, September 7, 2018

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 3 people, people sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၆
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုကဏ္ဍသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍအနေဖြင့် ပါဝင်ကြောင်း၊ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းသည် တိုင်းပြည်၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံအကြောင်း အရင်းဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အချိန်တိုတိုနှင့် မြန်မြန်ရရှိမည့် နည်းလမ်းများကို အသုံးပြု ဆောင်ရွက်ရန်လိုအပ်ကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအပိုင်းများ တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ ဖြစ်ပေါ်နေခြင်း သည် အားလုံးနှင့်သက်ဆိုင်မှုရှိ၍ နည်းပညာပိုင်းအရ အားနည်းချက်များ၊ Lossesများ၊ စွမ်းဆောင်ရည်များကို စိစစ်၍ ထုတ်လုပ်မှုစွမ်းရည်များကို ယခုထက်ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူရသည့် ဒေသရှိ မြို့နယ်ရုံးများ၊ ဓာတ်အားခွဲရုံများ သို့ သွားရောက်၍ သေချာစွာကြည့်ရှုစစ်ဆေးပြီး လိုအပ် ချက်များအား စစ်ဆေးပြုပြင်ဆောင်ရွက်သွားရန်လိုအပ် ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ များအနေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားလိုင်းများ သွယ်တန်း ရာတွင် အဓိကဖြစ်သည့် မြေယာကိစ္စများအား သေချာစွာ ညှိနှိုင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ မိမိတို့၏တိုင်းဒေသကြီး၊ ပြည်နယ်ဧရိယာအတွင်းရှိ ပြည်သူများ လျှပ်စစ်နှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့်အခက်အခဲများ၊ လိုအပ်ချက်များရှိလာပါက ဆက်သွယ်ဆောင်ရွက်နိုင်ရန် Call Centerများ ထားရှိပေးရန်လိုအပ်ကြောင်း၊ ကျေးလက် လျှပ်စစ်မီးရရှိရေးကော်မတီများအတွက် အထောက်အကူ ပြုစေရန် လျှပ်စစ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း များ မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ ယခုအချိန်အခါတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တတ်မြောက် ထားသည့် ပညာရပ်များဖြင့် စေတနာထား၍အနစ်နာခံပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထုအတွက် သင့်တော်သော ဈေးနှုန်းဖြင့် ဝန်ဆောင်မှုကောင်း၍ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ် လျှပ်စစ်အင်ဂျင် နီယာများက မိမိတို့ဒေသအလိုက် လျှပ်စစ်ဓာတ်အား ရရှိမှုနှင့် ဖြန့်ဖြူးပေးထားမှုအခြေအနေများကို ရှင်းလင်း တင်ပြကြရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင် က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုများအား ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဓာတ်အား ပြတ်တောက်မှုအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော် က ဆက်လက်ဆောင်ရွက်မည့် ၂၃ဝ ကေဗွီနှင့် ၅ဝဝ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း များနှင့်ပတ်သက်သည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က သုံးသပ်ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
သတင်းစဉ်

No comments:

Post a Comment