Sunday, September 2, 2018

ထာဝရငြိမ်းချမ်းရေးစေတီတော် အလယ်ဌာပနာတော်သွင်း၊ အတွင်းစေတီတော်နှင့်ပုံတော်ပွားစေတီတို့အား ရွှေစင်ရွှေသား ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညို

Image may contain: one or more people, people sitting and wedding

နေပြည်တော် စက်တင်ဘာ ၁
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထားပူဇော်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော် အလယ်ဌာပနာ တော်သွင်း၊ အတွင်းစေတီတော်နှင့် ပုံတော်ပွားစေတီတော်တို့အား ရွှေစင် ရွှေသားရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညို၍ အလယ်ဌာပနာတော်များ သွင်းလှူပူဇော်ကြပြီး ရွှေထီးတော်များ တင်လှူ ပူဇော်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုသော စေတီတော် သြဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော် မူကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဝင် များနှင့် ၄င်းတို့၏ဇနီးများ၊ အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဓမ္မာရုံတော်အတွင်း ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော် ရေချမ်းတို့ကို ဆက်ကပ်ပူဇော်သည်။
အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဈေးကုန်းဆရာတော်ကြီးထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြ သည်။
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ဆရာတော်၊ သံဃာတော်များ ထံ ဆက်ကပ်လှူဒါန်းကြသည်။
တရားတော်များ ရွတ်ပွားသရဇ္ဈာယ်
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက သမန္တာမှစ၍ မေတ္တသုတ်တော်၊ ရတနာသုံးပါးဂုဏ်တော် နှင့် ပုဗ္ဗဏှသုတ်ပရိတ်တရားတော်များကို ရွတ်ပွား သရဇ္ဈာယ်တော်မူကြရာ ဧည့်ပရိသတ်များက နာယူကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို စေတီတော်ပရိဝုဏ်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်တားဆီးကာရံကြသည်။
ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရထံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က ထာဝရငြိမ်းချမ်းရေး အတွင်းစေတီတော်အထွတ်တွင် တပ်ဆင်ပူဇော်မည့် ရွှေစင်ရွှေသား ရွှေထီးတော်၊ အလယ်ဌာပနာတော်တိုက်တွင် သွင်းလှူပူဇော်မည့်ခက်မငါးဖြာနှင့် ပြည့်စုံသော ရတနာ ငွေဗောဓိပင်တော်၊ ဝါစိမ်းနီပြာ ရတနာကျောက်မျက်များ စီခြယ်ထားသော ရွှေကြာငါးခိုင်၊ ရတနာရွှေအိုး၊ ဓာတ်တော် ရွှေကြုတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံ ထာဝရ ငြိမ်းချမ်းရေး ပုံတော်ပွားစေတီတော်အထွတ်တွင် တပ်ဆင် ပူဇော်မည့် ရွှေစင်ရွှေသား ရွှေထီးတော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လည်းကောင်း၊ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကထံ အလယ်ဌာပနာတိုက်အတွင်း သွင်းလှူ ပူဇော်မည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေကံ့ကော်ရွှေပန်းအိုး ဓာတ်တော်ကြုတ်၊ ရွှေနှင်းဆီရွှေပန်းအိုး ဓာတ်တော်ကြုတ်၊ ပုလဲရတနာလည်ဆွဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်ကပ်လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ တပ်ကုန်းမြို့ ရွှေအင်း ရိပ်သာကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ပညာ သာမိထံ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး တို့က အလယ်ဌာပနာတိုက်အတွင်း သွင်းလှူပူဇော်မည့် မဟာမဏိမယ ဗုဒ္ဓပဋိမာရုပ်ပွားတော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်ဘုရားဒါယကာ၊ ဒါယိကာမ များက ဆရာတော်၊ သံဃာတော်များထံ အလယ်ဌာပနာ တိုက်တွင် သွင်းလှူပူဇော်မည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ ဈေးကုန်း ဆရာတော်ကြီးထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် အလယ်ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးနှင့် ဧည့်ပရိသတ်များက ရွှေစင်ရွှေသား ရွှေထီးတော်များ၊ အလယ်ဌာပနာတွင် သွင်းလှူပူဇော်မည့် ခက်မငါးဖြာနှင့် ပြည့်စုံသည့် ရတနာငွေဗောဓိပင်တော်၊ ဗုဒ္ဓရုပ်ပွားတော် များ၊ ရွှေတိဂုံပုံတူ ငွေစေတီတော်များ၊ ပရိက္ခရာရှစ်ပါး ငွေပဒေသာပင်များ၊ ငွေကြုတ်တော်များ၊ ဓာတ်တော် ငွေဆွမ်းအုပ်များ၊ ရတနာတံသင်းငွေသေတ္တာများ၊ ဗုဒ္ဓ ဇာတာတော်၊ မော်ကွန်းကြေးပြားတော်၊ မဟာဇေယျမင်္ဂလာ ၄၃ ဂါထာနှင့် ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်တို့ကို ပင့်ဆောင်ကာ စေတီတော်အား လက်ယာရစ် လှည့်လည် ပူဇော်ပြီး ကုသိုလ်တော်မဏ္ဍပ်သို့ ပို့ဆောင်ပေးကြသည်။
ပင့်ဆောင်ပူဇော်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၏ဇနီး၊ ဒုတိယသမ္မတ၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်ပရိသတ်များသည် အတွင်းစေတီတော်၏ ရွှေစင်ရွှေသား ရွှေထီးတော်နှင့် အလယ်ဌာပနာတော်များကို ဌာပနာတော်တိုက်သို့ လက်ဆင့်ကမ်း ပင့်ဆောင်ပူဇော်ပေးကြသည်။
မင်္ဂလာအချိန်တွင် ရွှေပါရမီတောရဆရာတော် အရှင် ဆန္ဒာဓိက၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင် ဘုရားဒါယကာတို့က ခက်မငါးဖြာနှင့် ပြည့်စုံသည့် ရတနာငွေဗောဓိပင်တော်၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေတိဂုံ ပုံတူငွေစေတီတော်များ၊ ပရိက္ခရာရှစ်ပါးငွေပဒေသာပင်များ၊ ငွေကြုတ်တော်များ၊ ဓာတ်တော်ငွေဆွမ်းအုပ်များ၊ ရတနာ တံသင်း ငွေသေတ္တာများ၊ ဗုဒ္ဓဇာတာတော်၊ မော်ကွန်း ကြေးပြားတော်နှင့် ဌာပနာတော်များကို ရှေးထုံးကျမ်းဂန်နှင့် အညီ ဌာပနာတိုက်တော်အတွင်း အစီအစဉ်အတိုင်း သွင်းလှူပူဇော်ကြသည်။
ထို့နောက် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့သည် အလယ်ဌာပနာ တိုက်တော်ကိုပိတ်၍ ပရိတ်နံ့သာရည်ဖြင့် ပက်ဖျန်းပူဇော် ကြသည်။
အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်
ဆက်လက်၍ ရွှေပါရမီတောရဆရာတော်၊ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်ဘုရားဒါယကာတို့က ထာဝရငြိမ်းချမ်းရေး အတွင်းစေတီတော်အထွတ်တွင် ရွှေစင်ရွှေသား ရွှေထီး တော်ကို တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။
ယင်းနောက် ရွှေပါရမီတောရဆရာတော် အရှင် ဆန္ဒာဓိကနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် စေတီတော်ပရိဝုဏ် ဓမ္မာရုံတော်အတွင်းရှိ ထာဝရငြိမ်းချမ်းရေးပုံတော်ပွား စေတီတော်အထွတ်တွင် ရွှေစင်ရွှေသား ရွှေထီးတော်ကို တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော် ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါ ဘိသေက ဂါထာတော်နှင့် ဇယမင်္ဂလာ အောင်ဂါထာတော် များကို ရွတ်ဆိုပူဇော်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment