Tuesday, July 31, 2018

ရန်ကုန်မိုးပျံအမြန်လမ်း ၂ဝ၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်တွင်ဖြေကြား

Image may contain: one or more people and crowd
နေပြည်တော် ဇူလိုင် ၃ဝ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆိုတစ်ခု တင်သွင်းခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာတစ်ခု ဖတ်ကြားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ ရခိုင် ပြည်နယ် မြို့နယ်များရှိ ကျေးရွာအုပ်စုကြီးများတွင် ဒေသကိုယ်စားပြု ဘက်စုံ သုံး အဆောက်အအုံ (Community Hall) များ တည်ဆောက်ပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်သည် ရေမြေသဘာဝအနေအထားအရ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိနေသည့်အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့ခံစားနေရသည့် ဒေသဖြစ်ပြီး မုန်တိုင်းဒဏ်ခံအဆောက်အအုံများကို ဆောက်လုပ်ပေးရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန် ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဘက်စုံသုံးအဆောက်အအုံများသည် ပြည်သူများ ဘေးကင်းခိုလှုံရာနေရာ အဖြစ်လည်းကောင်း၊ စာသင်ကျောင်းအဖြစ် အသုံးပြု၍လည်းကောင်း၊ လူမှုရေးအခမ်းအနားနှင့် ကျန်းမာရေးစောင့်ရှောက်မှု စင်တာနေရာအဖြစ် လည်းကောင်း၊ သတင်းအချက်အလက်စင်တာများ၊ လူငယ်စင်တာများ စသည်ဖြင့် ဘက်စုံအသုံးပြုဆောင်ရွက်နိုင်ပြီး ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စု ကြီးများတွင် လိုအပ်လျက်ရှိပါကြောင်း။
ပြည်သူများအတွက် အသုံးဝင်သည့် ဘက်စုံသုံးအဆောက်အအုံများ ဆောက်လုပ်လျက်ရှိရာ ဆောက်လုပ်ပြီးစီးမှု ၂၄ လုံးရှိပြီး ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ရန်ကျန် အလုံး ၃ဝ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထောက်ပံ့ငွေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူဆောက်လုပ်နေဆဲ လေးလုံးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တင်ဒါစနစ်ဖြင့် ၂၆ လုံး ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်းတွင် သဘာဝ ဘေးအန္တရာယ်ကျရောက်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ၅၇ လုံး၊ ရခိုင်ပြည်နယ်တွင် ၂၆ လုံး၊ ရှမ်းပြည်နယ် တွင် တစ်လုံး၊ ချင်းပြည်နယ်တွင် သုံးလုံး စုစုပေါင်းShelter၈၇ လုံး ဆောက်လုပ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရာတွင် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို လုပ်ငန်းအပ်နှံရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ရခိုင်ပြည်နယ်အတွက် တင်ဒါအောင်မြင်ပြီးသည့်Shelter၂၆ လုံး ဆောက်လုပ်ပြီးစီးမည်ဆိုလျှင် ရခိုင်ပြည်နယ်အတွက်Shelter ၅၄ လုံး ရှိလာ မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ပိုမို ကျရောက်လွယ်သည့် မြို့နယ် ၁၁ မြို့နယ်၊ ကျေးရွာ ၅၄ ရွာတို့တွင် အမှန် တကယ်လိုအပ်၍ ဆောက်လုပ်ထားသည့် ဆိုင်ကလုန်း Shelter များ၌ ကိုယ်စားလှယ်ကြီး မေးမြန်းချက်တွင်ပါရှိသည့် ကျေးလက်နေပြည်သူများအတွက် လိုအပ်လျက်ရှိသည့် ဒေသကိုယ်စားပြုဘက်စုံသုံးများအဖြစ် အသုံးပြုဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပြည်သူလူထု သွားလာမှုအဆင်ပြေစေရန်နှင့် ကားကျပ်တည်းမှုများ လျော့ပါးစေရန်အတွက်Inner Ring Road ပြုလုပ်ရန် အစီအစဉ်ကို မည်သို့ စီမံကိန်းချပြီး ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်မိုးပျံအမြန်လမ်း ပထမ အဆင့်အနေဖြင့် Expression of Interest (EOI)ကို တင်သွင်းရန် နိုင်ငံတော် ပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီး ၂ဝ၁၈ခုနှစ် ဇွန် ၂၉ ရက်တွင် တင်ဒါပိတ် မည်ကို သတင်းထုတ်ပြန်ခဲ့ပါကြောင်း၊ သတ်မှတ်ထားသည့် နောက်ဆုံးနေ့အထိ ပြည်တွင်း၊ နိုင်ငံတကာကုမ္ပဏီနှင့် အဖွဲ့အစည်း စုစုပေါင်း ၅၃ ခုမှ စိတ်ဝင်စားမှု လျှောက်လွှာ EOI များ တင်ပြခဲ့ပါကြောင်း။
စီမံကိန်းဒုတိယအဆင့်အနေဖြင့် ၂ဝ၁၈ ခုနှစ် သြဂုတ်လတွင်Request for Qualification (RFQ)ကိုခေါ်ဆိုသွားမည်ဖြစ်ပြီး RFQအဆင့်အောင်မြင် သွားသည့် ကုမ္ပဏီများကို စီမံကိန်း တတိယအဆင့်အနေဖြင့် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် Request For Proposal (RFP)ကို ဆက်လက်ခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့်ဖြစ်သည့်Bidder Winning Award and Contracting ကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ဆောင်ရွက်ပြီးသည်နှင့် တည်ဆောက်ရေးလုပ်ငန်းများကို စတင်အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်း။
တင်ပြခဲ့သည့်အတိုင်း စိစစ်ရွေးချယ်ခြင်း အဆင့်ဆင့်ကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ဆုံးပိတ်အောင်မြင်သည့် ကုမ္ပဏီအနည်းဆုံး တစ်ဖွဲ့ သို့မဟုတ် အများဆုံး လေးဖွဲ့အတွင်းတွင် အတည်ပြုရွေးချယ်ပြီး ၂ဝ၁၉ ခုနှစ်အစပိုင်းတွင်Inner Ring Roadကိုစတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စတင်အကောင်အထည်ဖော် ဆောင်ရွက် သည့် အချိန်မှစတင်၍ သုံးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းလုပ်ငန်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်သွားမည် မဟုတ်ဘဲ နိုင်ငံတကာကုမ္ပဏီများ၏ ကိုယ်ပိုင်အရင်းအနှီးဖြင့် ထည့်ဝင် ဆောင်ရွက်သွားစေမည် ဖြစ်ပါကြောင်း။
ပြန်လည်ရရှိမည့် ငွေကြေးစနစ်အနေဖြင့်Inner Ring Road ကိုအသုံးပြု သွားလာမည့် မော်တော်ယာဉ်များထံမှ လမ်းဖြတ်သန်းခကောက်ခံပြီး အရင်း ကျေရန်နှင့် အကျိုးအမြတ်ရရန်တို့ကို စီမံဆောင်ရွက်သွားရမည့် စနစ်ပင် ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ် အဆင့် အလိုက် တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း နှင့် အသေးစိတ်အစီအစဉ်များကို တစ်ဆင့်ချင်း ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ လမ်း၊ တံတားကဏ္ဍ
တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည်
ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၏ အမြန်လမ်းများ၊ ပြည်နယ်ချင်း ဆက်လမ်း၊ ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်းနှင့် ကျေးရွာချင်း ဆက်လမ်း လမ်းဟောင်းများ ပြင်ဆင်ရာတွင်လည်းကောင်း၊ လမ်းသစ်များ ဖောက်လုပ်ရာတွင်လည်းကောင်း နိုင်ငံတကာအဆင့်အရည်အသွေးရှိ လမ်းများ ကဲ့သို့ စနစ်ကျပြီး ကုန်ကျစရိတ်သက်သာစေရန် လမ်းဒီဇိုင်းပြင်ဆင်ခြင်းနှင့် လမ်းကြောင်းကို ဖြောင့်တန်းစွာဖောက်လုပ်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက နိုင်ငံတကာအဆင့်မီလမ်းများကဲ့သို့ ဆောင်ရွက်ရန် နည်းပညာများ သိရှိနားလည် ထားသော်လည်း မိမိတို့နိုင်ငံ၏ ရန်ပုံငွေအခြေအနေအရ ဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် လမ်းအဆင့်မြှင့်တင်ခြင်းကို တစ်နိုင်ငံလုံးအတိုင်း အတာအရ စနစ်ဟောင်းကိုသာ ယနေ့တိုင်အသုံးပြုနေရခြင်း ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံ၏ လမ်းတစ်မိုင် အသုံးစရိတ်သည် အိမ်နီးချင်းနိုင်ငံ၏ လမ်းတစ်မိုင်ပေါ်တွင်သုံးသည့် အသုံးစရိတ်၏ ခုနစ်ပုံ တစ်ပုံသာ အများဆုံး သုံးနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံအတွင်းရှိ လမ်းများအား နိုင်ငံတကာ အဆင့်မီ အရည်အသွေးရှိစေရန် ကမ္ဘာ့အဆင့်မီ မဖောက်လုပ်နိုင်သေးသော်လည်း မိမိတို့လက်ရှိလုပ်နေသည့် ဒီဇိုင်းအနေဖြင့်လည်း လမ်းများမပေါက်မီ အောက်ခံ မြေသားကို ဓာတ်ခွဲခန်းသို့ ယူဆောင်၍ Soil Test လုပ်စမ်းသပ်စစ်ဆေးပါကြောင်း၊ ယင်းအောက်ခံမြေသားနှင့် လိုက်လျောညီထွေဖြစ်စေမည့် Penetration Macadam သော်လည်းကောင်း၊DBST သော်လည်းကောင်း၊ ကွန်ကရစ်လမ်း လုပ်ငန်းသော်လည်းကောင်း ဒီဇိုင်းဆွဲပေးပြီး ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ အဆိုပါဒီဇိုင်းအတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်း မိမိတို့ဌာနတွင်ရှိသည့် ဓာတ်ခွဲခန်းမှ ကျွမ်းကျင်ပညာရှင်များက ကွင်းဆင်းစစ်ဆေးခြင်း၊Quality Control (QC)စစ်ဆေးခြင်းတို့ကို အဆင့်ဆင့် စနစ်တကျဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အကယ်၍ ကွင်းအင်ဂျင်နီယာများအနေဖြင့် ဒီဇိုင်းအတိုင်းမလုပ်ဘဲ ကိုယ်ကျိုးစီးပွားများရှာပြီး မသမာမှု ပြုလုပ်ပါကလည်း ဌာနအနေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ လမ်း၊ တံတားကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အပြန်အလှန်ညှိနှိုင်းပေါင်းစပ်ထိန်းကျောင်း လမ်းညွှန်ပေးခြင်းကိုခံယူ၍ အကောင်းဆုံးဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်နှင့် လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြာသည်။
ပြည်သူ့ဝန်ဆောင်မှုစနစ်ကောင်းများ ဖြစ်ပေါ်လာစေရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်း
ထို့နောက် ကော့မှူးမဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းတွင် BOT(Build, Operate, Transfer) စာချုပ်များဖြင့် ဆောင်ရွက်လျက်ရှိကြသော လမ်းမကြီးများသည် နိုင်ငံတော်နှင့် ချုပ်ဆိုခဲ့ကြ သော စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြခြင်းရှိ၊ မရှိ စိစစ်၍ တာဝန်ကျေ၊ တာဝန်ခံမှုမရှိသူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလာစေရေးစီမံခန့်ခွဲ ထိန်းချုပ်ခြင်းဖြင့် နိုင်ငံတော်-ပုဂ္ဂလိက ပူးပေါင်းသည့် PPP(Private-Public- Partnership) ပြည်သူ့ဝန်ဆောင်မှုစနစ်ကောင်းများ ဖြစ်ပေါ်လာစေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာတွင် ၁၉၉၆ ခုနှစ်မှစတင်၍ မိမိတို့တိုင်းပြည်အတွက် စီးပွားရေးရာ မဟာဗျူဟာကျသည့် လမ်းမကြီးများကို ပုဂ္ဂလိကကုမ္ပဏီများလက်ဝယ်BOT စနစ်ဖြင့် လွှဲပြောင်း လုပ်ကိုင်စေခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့ တိုင်းပြည်စီးပွားရေး အတွက် အသက်သွေးကြောဖြစ်သည့် အချက်အချာကျ လမ်းမကြီးအရေအတွက် ၉ဝ ရာခိုင်နှုန်းကျော်သည် ပုဂ္ဂလိကကုမ္ပဏီများမှ BOT စနစ်ဖြင့် စီမံခန့်ခွဲလျက် ရှိနေပါကြောင်း။
နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သည့် အစိုးရအဆက်ဆက်က စာချုပ်ချုပ်ဆို လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည့် BOT စနစ်လမ်းများကို လေ့လာကြည့်ရာတွင် စာချုပ်ပါ ကတိကဝတ်များအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝနှင့် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သည့် ကုမ္ပဏီတချို့သာရှိပြီး အများစုသည် စာချုပ်ပါ ကတိကဝတ်ထက်၎င်းတို့ကိုယ်ကျိုးစီးပွားကိုသာ အဓိကထား ရှေးရှုဆောင်ရွက်နေကြသည့်အတွက် လမ်းမကြီးများသည် ၎င်းတို့ တာဝန်ယူစဉ်ကနှင့် ထူးမခြားနားဖြစ်နေပြီး ပိုမိုကောင်းမွန်လာခြင်းမရှိပါ ကြောင်း၊ လမ်းအသုံးပြုသူ ပြည်သူလူထုသည် နေ့စဉ်နှင့်အမျှ လမ်းအသုံးပြုခ ပေးနေရသည်သာ အဖတ်တင်ပြီး ငွေကုန်အကျိုးမရှိဖြစ်နေကြရပါကြောင်း။
စာချုပ်ပါ ကတိကဝတ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများကို ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေးရှုပြီး သင့်တော်သလို အရေးယူဆောင်ရွက်ရန် အားနည်းခဲ့သည်ကို အပြစ်တင်ရုံဖြင့် လမ်းမကြီးများ ကောင်းမလာနိုင်ပါကြောင်း။
ရှေ့တွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်၊ လစ်ဟာချက်၊ ပျက်ကွက်မှုများကို သင်ခန်းစာယူ၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးစီးပွားအတွက် လုပ်သင့် လုပ်ထိုက်သည့် စီမံထိန်းကျောင်းမှုများ၊ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ နှင့် အမြန်ဆုံးကုစားနိုင်ရန် အရေးကြီးသည့်အတွက် အဆိုတင်သွင်းရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော် က သဘောတူသဖြင့် အဆိုကို လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ယင်းအဆိုကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေကြမ်းကို တင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေးစတုတ္ထနေ့ကို သြဂုတ် ၂ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment