Tuesday, June 26, 2018

မြောက်ယမား ပင်မမြောင်းမကြီးတစ်လျှောက်တွင် ရေဆိုးထုတ်အဆောက်အအုံများ တိုးချဲ့တည်ဆောက်သွားမည်

Image may contain: sky, outdoor and nature
မုံရွာ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အတွင်းရှိ မြောက်ယမားဆည်၏ မူလမြောင်းမကြီးအား ကမ္ဘာ့ဘဏ်ချေးငွေ ၆ ဒသမ ၄ ဘီလီယံဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း အပြီးတည်ဆောက်ပြုပြင်သွားမည်ဖြစ်ပြီး၎င်းမြောင်းမကြီးတစ်လျှောက်တွင် မူလရေဆိုးထုတ် အဆောက်အအုံ ၁၂ ခုရှိပြီး အသစ် ၁၁ ခု တပ်မံ တည် ဆောက်ပေးသွားမည်ဖြစ်ရာ စုစုပေါင်း ၂၃ ခုအား ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။ ယခုအခါတွင် စီမံကိန်း၏ ၃၃ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
''မိုးရွာတော့ မြောင်းအပြင်ဘက်ကို ကျလာတဲ့ရေက မြောင်းပေါင်တွေနဲ့ခံပြီးတော့ ရေတွေစုနေတယ်၊ မြောင်းမ ကြီးဘေး ဘယ်၊ ညာမှာရှိတဲ့ ချောင်းတွေ တစ်လျှောက်ကို အလွယ်တကူ စီးဆင်းသွားအောင်လို့ အပေါက်တွေ ဖောက်ပေးတာ၊ စိုက်ပျိုးရေးလုပ်ငန်းက ပိုလျှံရေတွေကို စွန့်ထုတ်တယ်၊ မိုးရေလောက်တော့ မများဘူး၊ အဓိက အနေနဲ့ မိုးများတဲ့ အချိန်မှာ ရေတွေစုနေတာကိုပြောတာပါ၊ ရေဆိုးထုတ်အပေါက်တွေ လိုသလောက် မလုပ်နိုင်ရင် မိုးရာသီမှာ မြောင်းမကြီးအနီးက လယ်မြေတွေမှာ ရေနစ် မြုပ်မှုတွေဖြစ်နိုင်ပါတယ်၊ ရေဆိုးထုတ် အပေါက်တွေ ဖောက်သလို ရေစီးဆင်းမှုကောင်းဖို့အတွက်လည်း ချောင်း တွေကို ချဲ့တာကိုလည်း လုပ်ဆောင်ပေးသွားမှာပါ''ဟု ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က ပြောသည်။
မြောက်ယမားဆည် မြောင်းမကြီး တစ်လျှောက်တွင် ရေဆိုးထုတ်အဆောက်အအုံများအဖြစ် လက်ရှိ သုံးပေ ပတ်လည် ရေဆိုးထုတ်ပေါက် ၁၃ ခုကို ခြောက်ပေခွဲ အကျယ် ရေဆိုးထုတ်အပေါက်များအဖြစ်ချဲ့ထွင်ခြင်း၊ ရေဆိုးထုတ်ရန် လိုအပ်နေသေးသော အခြားနေရာ ၁ဝ ခု တွင်လည်း ခြောက်ပေခွဲအကျယ် ရေဆိုးထုတ်အပေါက် ၁ဝခု အား တိုးချဲ့ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment