Saturday, June 2, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အား တွေ့ဆုံမှာကြား

Image may contain: 1 person, sitting and indoor

နေပြည်တော် ဇွန် ၁
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံမှာကြားသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပ နိုင်ရန်နှင့် နိုင်ငံရေးပါတီများအား ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် စနစ် တကျ ဆောင်ရွက်စေလိုပါကြောင်း၊ မဲစာရင်းများ တိကျမှန်ကန်စွာပြုစုရေးသည် အရေးကြီးပါကြောင်း၊ ထို့ပြင် မဲဆန္ဒရှင်နိုင်ငံသားများသည် ¤င်းတို့မည်သည့် မဲရုံတွင် မဲပေးရမည်ကို လွယ်ကူစွာ သိရှိစေရမည်ဖြစ်ပါကြောင်း။
ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ နိုင်ငံရေးပါတီများကို ဥပဒေနှင့် အညီ ကြီးကြပ်ရန် လိုအပ်ပါကြောင်း၊ ကော်မရှင်ရုံးချုပ်တွင် တစ်နိုင်ငံလုံးမှ နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံ၍ ထိတွေ့ဆက်ဆံပြီး ပါတီများ၏အသံ များကိုလည်း နားထောင်သင့်ပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများအား လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ကျေကျေညက်ညက် သိရှိနားလည်စေရန်အတွက် သင်တန်းများပေးရန်လိုအပ်ပါကြောင်း၊ မဲဆန္ဒရှင် များက ယုံကြည်အားကိုးသည့် ကော်မရှင်အဖွဲ့ခွဲများဖြစ်ရန် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားစေလိုပါကြောင်း၊ အဓိကအားဖြင့် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဟူသော ဒီမိုကရေစီမူအရ ရွေးကောက်ပွဲများအား ပြည်သူလူထု၏ဆန္ဒနှင့်အညီ လွတ်လပ်၍တရားမျှတပြီး ချောမောအောင်မြင်စေ ရန် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲစာရင်းများဆောင်ရွက်နေမှုနှင့် ဆက်စပ်ဌာနများနှင့်ပူးပေါင်း ဆောင်ရွက်နေမှု၊ ကော်မရှင်အဖွဲ့ခွဲများအား သင်တန်းများပို့ချနေမှု၊ နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်နှင့် ဦးသန်းဌေးတို့ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment