Wednesday, May 2, 2018

ပုဂံလူရည်ချွန်အပန်းဖြေစခန်း ဖွင့်လှစ်၊ လူရည်ချွန်လူငယ်မောင်မယ်များ ပုဂံဒေသရှိ တန်ခိုးကြီးဘုရားများအား လှည့်လည်ဖူးမြော်လေ့လာ

Image may contain: one or more people, people standing, crowd and outdoor
ပုဂံ မေ ၁
၂ဝ၁၈ ခုနှစ် အဋ္ဌမတန်းလူရည်ချွန် (ပုဂံလူရည်ချွန် အပန်း ဖြေလေ့လာရေးစခန်း)ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက ပုဂံမြို့ရှိ မြနန်းဘုံRoyal Emerald River View Resort ဟိုတယ်ရှေ့မုခ်ဦး၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ပုဂံလူရည် ချွန် အပန်းဖြေစခန်းမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ရင်ထိုးတံဆိပ်များ ပေးအပ်ရာ လူရည်ချွန် ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသား ကျောင်းသူတစ်ဦးစီက လက်ခံရယူ ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်း ဒေသကြီး ဝန်ကြီးများနှင့် လူရည်ချွန်ကြီးများက ၂ဝ၁၈ ခုနှစ် လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ရင်ထိုး တံဆိပ်များတပ်ဆင်ပေးကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပုဂံလူရည်ချွန်စခန်း နှစ်စဉ်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ''အဋ္ဌမတန်းလူရည်ချွန်စခန်းကို ပုဂံမှာဖွင့်တာ ခြောက်ကြိမ် မြောက်ရှိပါပြီ၊ ဒီမှာဖွင့်တဲ့ ရည်ရွယ်ချက်က ပထမ မြန်မာနိုင်ငံတော် ထူထောင်ခဲ့တဲ့နေရာဖြစ်တယ်၊ ဒီမှာ လူရည်ချွန်လူငယ်မောင်မယ်လေးတွေ ဒီပထမ မြန်မာနိုင်ငံ တော် ထူထောင်ခဲ့တဲ့နေရာကို လေ့လာပြီး နိုင်ငံတော်ကို ချစ်စေချင်၊ အကျိုးပြုစေချင်လို့ ဒီမှာ လူရည်ချွန်စခန်းတွေ ဖွင့်တာဖြစ်ပါတယ်၊ ဒီကလေးတွေအားလုံးဟာ အနာဂတ် အတွက် ခေါင်းဆောင်တွေ မလွဲမသွေ ဖြစ်လာကြမှာပါ၊ တိုင်းရင်းသားတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီး က လာတာဆိုတော့ ပြည်ထောင်စုစိတ်ဓာတ်၊ နိုင်ငံချစ်စိတ်၊ တည်ဆောက်လိုစိတ်တွေ ဖြစ်ပေါ်လာမယ်၊ နောက်ပြီး နိုင်ငံ့ခေါင်းဆောင်တွေ မလွဲမသွေဖြစ်လာကြမယ့် ကလေး တွေက ကြိုတင်ပြီး ရင်းနှီးမှုတွေရှိထားကြရမယ်၊ ကျွန်တော် တို့မှာလည်း တာဝန်ရှိတယ်၊ ဘာလဲဆိုတော့ လူငယ်တွေကို နေရာပေးဖို့ လူငယ်တွေကလည်းပေးတဲ့ နေရာမှာ ကြိုးစား ပြီးတော့ တိုင်းပြည်အတွက် တည်ဆောက်မယ်ဆိုတဲ့ စိတ်ဓာတ်တွေရဖို့အရေးကြီးပါတယ်၊ လူငယ်တွေအတွက် ကျွန်တော့်အမှာစကားကတော့ တိုင်းပြည်ရဲ့ အနာဂတ် အတွက် ခေါင်းဆောင်ဖြစ်မယ့်သူတွေအတွက် ကျွန်တော်တို့လူကြီးတွေ အစစ အရာရာ ပြင်ဆင်ပေးခဲ့မယ်၊ ကျွန်တော်တို့လူကြီးတွေကိုယ်တိုင် မြေတောင် မြှောက်ပေးရမယ်၊ အဲဒီလိုမြေတောင်မြှောက်ပေးမှုတွေကို ခံယူရင်းနဲ့ နိုင်ငံကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်''ဟု ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှ ထူးချွန်ကျောင်းသား ကျောင်းသူများသည် ရွှေစည်းခုံ၊ အာနန္ဒာ၊ ကန်တော့ပလ္လင်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ လောကနန္ဒာ အစရှိသည့် တန်ခိုးကြီးဘုရား ၁ဝ ဆူ အပါအဝင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂ဝ၁၅ ခုနှစ်က သတ်မှတ်ခံခဲ့ရသည့် မြစေတီ ကျောက်စာ(ရာဇကုမာရ်ကျောက်စာ)ကိုလည်း လေ့လာခဲ့ကြသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှအဋ္ဌမတန်းလူရည်ချွန် မရှင် မင်းသွဲ့က ပုဂံအပန်းဖြေခရီးနှင့် ပတ်သက်၍ ''အခုလိုလူရည်ချွန်အဖြစ်နဲ့ လေ့လာရေးခရီးလာရောက်ရတာ အလွန်ပျော်ပါတယ်၊ ဂုဏ်လည်းယူတယ်၊ ဒီလိုဘုရားဖူးခရီးကို အရင်တုန်းကတော့ မိသားစုနဲ့လာဖူးတယ်၊ ဒါပေမယ့် အခုလိုမျိုးလာတာနဲ့တော့ ဘယ်လိုမှမတူပါဘူး၊ ဒါကတော့ ကိုယ့်ကြိုးစားမှုရဲ့ ရလဒ်အဖြစ်နဲ့လာရတာဆိုတော့ ပိုပြီးပျော်ပါတယ်၊ လူရည်ချွန်တစ်ယောက် အနေနဲ့ကတော့ မွန်မြတ်တဲ့စိတ်ထားရမယ်။ သူများအပေါ် ကောင်းတဲ့စိတ်ပဲ ထားရမယ်။ သူများထက်ပိုပြီးတော့ ကြိုးစားရမယ်လို့ ခံယူထားပါတယ်''ဟု ပြောပြသည်။
ပညာရေးဝန်ကြီးဌာနသည် စံနမူနာပြလူငယ်များ ပေါ်ထွန်းစေရန် ရည်ရွယ် ချက်များဖြင့် လူရည်ချွန်ရွေးချယ်ချီးမြှင့်ခြင်းကို နှစ်စဉ်ဆောင်ရွက်ပေးလျက် ရှိရာ ၂ဝ၁၃ ခုနှစ်က စတင်ခဲ့သည့် ဘက်စုံပညာ ထူးချွန်လူငယ်စီမံကိန်းအနေဖြင့် ယခုနှစ်တွင် ခြောက်ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ အဆက်ဆက်က လူငယ်မောင်မယ်တို့ကို လူရည်ချွန်၊ လူရည်မွန် လူတော်လူကောင်းများ ဖြစ်လာစေရန် အစဉ်တစိုက် ပြုစုပျိုးထောင် ပေးခဲ့ရာ ထူးချွန်လူငယ်စီမံကိန်းကို တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်မှ စတင်ပြီး ၁၉၈၈ ခုနှစ်အထိ ပထမမျိုးဆက် လူရည်ချွန်စီမံကိန်း အကောင်အထည်ဖော်ခဲ့ရာ ၂၄ နှစ်တာကာလအတွင်း လူရည်ချွန်ပေါင်း ၇၉ဝ၈ ဦးကို မွေးထုတ်နိုင်ခဲ့ပြီး ¤င်းလူရည်ချွန်များအနေဖြင့် အဆင့်မြင့် နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ပြီး ထမ်းဆောင်ဆဲပုဂ္ဂိုလ်များအဖြစ် ပါဝင်ခဲ့ကြ ကြောင်း သိရသည်။
သတင်း - ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ-သီဟစည်သူ

No comments:

Post a Comment