Monday, April 30, 2018

ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ဆောင်ရွက်ခဲ့သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ

Image may contain: 1 person, closeup
ရှင်မင်း၊ ဓာတ်ပုံ-သန်းနိုင်ဦး(ငဖဲ)
မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါး၍ ဆင်းရဲမွဲတေမှုနှုန်းမြင့်မားသည့် အားနည်းချက်များနှင့် ဒေသအဖြစ် တည်ရှိနေမှုကိုကျော်လွန်၍ တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒုတိယ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည်။
ဒုတိယ(၁)နှစ်တာကာလအတွင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ သောက်သုံး ရေဖူလုံစွာရရှိရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများ အချိုးညီဖွံ့ဖြိုးမှု ရရှိစေရန် အဓိကထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးခေါင်ရေရှားသည့် ဒေသဖြစ်သည့် အတွက် တိုင်းဒေသကြီးအတွင်း သောက်သုံး ရေရရှိရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အလေးပေးကာ ငွေကျပ် ၅၆၃ ဒသမ ဝ၄ဝ၇ သန်း သုံးစွဲဆောင်ရွက်ခဲ့သည်။
''မကွေးတိုင်းဒေသကြီးဟာ မိုးခေါင် ရေရှားဒေသဖြစ်တယ်။ ဒါကြောင့် ဒေသခံ ပြည်သူတွေ သန့်ရှင်းတဲ့ သောက်သုံးရေဖူလုံစွာ ရရှိစေဖို့ ငွေကျပ် ၅၆၃ ဒသမ ဝ၄ဝ၇ သန်း သုံးစွဲပြီးတော့ စက်ရေတွင်းတူးတာ၊ ရေပိုက် သွယ်တန်းတာ အပါအဝင် ရေရရှိရေး လုပ်ငန်း ၁၂၂ ခုကို အကောင်အထည်ဖော်ပေး နိုင်ခဲ့တယ်။ ဒါ့အပြင် ကျေးလက်ဒေသတွေမှာ လည်း တွင်းတိမ်၊ တွင်းနက်၊ လက်တူးကန်၊ မြေသားရေကန် စတာတွေကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါတယ်'' ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။
ကျေးလက်ဒေသများ ရေရရှိရေးအတွက် တွင်းတိမ်၊ တွင်းနက်၊ လက်တူးကန်၊ မြေသား ရေကန် တူးဖော်ဆောင်ရွက်ခြင်း အပါအဝင် ရေရရှိရေးလုပ်ငန်း စုစုပေါင်း ၃၉၈ ခုကို ငွေကျပ် ၄၃၆၂ ဒသမ ၆၃၃၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရ သည်။
မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိ သည့် ဧရာဝတီမြစ်၊ မုန်းချောင်း၊ မန်းချောင်း၊ စလင်းချောင်း၊ ယောချောင်း၊ ပင်းချောင်း၊ မြစ်သာမြစ်တို့မှ ရေကို အသုံးပြုနိုင်ရန် ဘက်စုံ ရေလှောင်တမံကြီးများ တည်ဆောက်ကာ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိသည်။
စိုက်ပျိုးရေ ရရှိရေးအတွက် အားဖြည့်ပေး လျက်ရှိသည့် ဆည်မြောင်းတာတမံများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ခွဲဝေရရှိသည့် ရန်ပုံငွေ ကျပ် ၆၆ဝ၆ ဒသမ ၂၂၆ သန်းကို အသုံးပြု၍ လုပ်ငန်း ၁၉၃ ခုကို ဆောင်ရွက်နိုင်ခဲ့ သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်များထံမှ ရရှိ သည့် ရန်ပုံငွေကျပ် ၆၈ ဒသမ ၂ဝ သန်း ဖြင့် ရွှေစက်တော် မင်္ဂလာကန်လျှိုပိတ်တမံ တည်ဆောက်ခြင်း၊ အထွေထွေပိုလျှံ ရန်ပုံငွေမှ ရရှိသည့် ရန်ပုံငွေ ကျပ် ၁၇ သန်းဖြင့် ဝက်သည်းကန်တာပေါင်အုတ်စီခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကိုလည်း ကျပ် ၂၈၄၃ ဒသမ ၄၁၃ သန်း အသုံးပြု ဆောင်ရွက်ခဲ့သည်။
''သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေ ရရှိရေးဆောင်ရွက်မှုတွေနဲ့အတူ ဒေသခံ တောင်သူတွေအတွက် အခုဘဏ္ဍာနှစ်မှာ စီးပွားဖြစ် မျိုးသန့်မျိုးပွားထုတ်လုပ်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်။ ပြီးတော့ တောင်သူတွေအတွက် စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုး နည်းစနစ်တွေ အသုံးပြုနိုင်ဖို့ သင်တန်းပေးတာ တွေ၊ တောင်သူတွေ သဘောကျ နှစ်သက်တဲ့ မျိုးတွေ ရွေးချယ်စိုက်ပျိုးစေနိုင်ဖို့ အသိပညာ ပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်'' ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။
တိုင်းဒေသကြီးအတွင်း လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန် ကတ္တရာ လမ်းခင်းခြင်း၊ ကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာ ခင်းခြင်း၊ ကျောက်လမ်းခင်းခြင်း၊ မြို့ပြလမ်း များ ဖောက်လုပ်ခြင်းတို့ကို ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်နှင့် တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြု ရန်ပုံငွေတို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
''တိုင်းဒေသကြီးအတွင်း ကတ္တရာလမ်း ခင်းတာ၊ ကတ္တရာလမ်းချဲ့တာ၊ ထပ်ပိုးလွှာ ခင်းတာ၊ ကျောက်လမ်းခင်းတာ၊ လမ်းတွေ ဖောက်လုပ်တာတွေကို ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်နဲ့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် ၇၂၈၂၇ ဒသမ ၈၃၆ သန်းနဲ့ ၄၈၄ မိုင် ၁ ဖာလုံကို ဆောင်ရွက်ခဲ့တယ်။ တံတားလုပ်ငန်းတွေအတွက် ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်နဲ့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၄၉၆ဝ ဒသမ ၅၆၉၃ နဲ့ တံတား ၂၉၅ စင်းကို အကောင် အထည်ဖော်ပေးနိုင်ခဲ့တယ်'' ဟု ဝန်ကြီးချုပ်က ပြောသည်။
ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး ဘတ်ဂျက်တို့ဖြင့် မကွေးမြို့ပေါ်ရှိ သစ္စာလမ်း နှင့် တောင်တွင်းလမ်းတို့အား လမ်းတာတိုးချဲ့ ခြင်း၊ လမ်းမျက်နှာပြင်ဖြေညှိခြင်း၊ ကတ္တရာ ကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်း၊ လိုအပ်သော နေရာများတွင် ကွန်ကရစ်ရြေ>ွပန် တံတား တည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက် ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒုတိယ(၁)နှစ်တာကာလအတွင်း ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အားစိုက် ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း အခြေခံပညာ အထက်တန်းကျောင်း ၄၉ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၂၁ ကျောင်း၊ အလယ်တန်းကျောင်း ၃၅၃ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၂ဝ၉ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၄ဝ၊ မူလတန်းကျောင်း ၈၆ ကျောင်း မူလတန်းကျောင်း(ခွဲ) ၅၄ ကျောင်း စုစုပေါင်း ၁ဝ၁၂ ကျောင်းကို တိုးမြှင့်ဖွင့်လှစ် နိုင်ခဲ့သည်။
''တိုင်းဒေသကြီးအတွင်းက အန္တရာယ်ရှိ ကျောင်းဆောင် ၁၃၆ ဆောင်၊ ဥပဓိရုပ် မကောင်းတဲ့ ကျောင်းဆောင် ၇၃ ဆောင်ကို ဖျက်သိမ်းပြီးတော့ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ခဲ့တယ်။
ပြီးတော့ ဆရာ ဆရာမတွေအတွက် ဝန်ထမ်းအိမ်ရာ ၁၅ ဆောင် ဆောက်လုပ်ပေး နိုင်ခဲ့တယ်။ အခြေခံပညာကျောင်း ၂၃ဝ အတွက် စာသင်ခုံ နိမ့်/မြင့် ၈၈၇၆ စုံကို ရန်ပုံငွေကျပ်သန်း ၄၇၂ ဒသမ ၃၁၉ဝ အသုံး ပြုပြီး ဝယ်ယူဖြည့်တင်းနိုင်ခဲ့တယ်။ ဒါ့ပြင် အခြေခံပညာကျောင်း၊ ရုံးတွေရဲ့ အဆောင် ၆၆၉ ဆောင်ကို ရန်ပုံငွေ ကျပ်သန်းပေါင်း ၄၆၇၈ ဒသမ ၁၉ဝ၇ သန်းနဲ့ ပြင်ဆင် ဆောက်လုပ်နိုင်ခဲ့တယ်။
ဒါ့ပြင် ကျောင်းတွေမှာ သန့်စင်ခန်း လိုအပ်နေတာ၊ သောက်သုံးရေ လိုအပ်နေတာ၊ ကျောင်းဝန်းလုံခြုံမှု လိုအပ်နေတာ၊ ရေ ဝင်ရောက်လို့ သန့်ရှင်းရေးပြုလုပ်ဖို့ လိုအပ် နေတာ စသဖြင့် လိုအပ်ချက်တွေ ရှိနေတဲ့ ကျောင်းတွေအတွက် ရန်ပုံငွေကျပ် ၁၆၁ဝ ဒသမ ၈ဝ၆၁ သန်းနဲ့ ဖြည့်ဆည်းဆောင်ရွက် ပြီးတော့ ကျောင်းသား ကျောင်းသူတွေ အဆင်ပြေချောမွေ့စွာ ပညာသင်နိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်'' ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
တိုင်းဒေသကြီးအတွင်းရှိ ချင်းတိုင်းရင်းသား လူမျိုးများအနေဖြင့် သက်ဆိုင်ရာ ချင်းမျိုး နွယ်စုစာပေများကို သင်ကြားခွင့်ရရှိနိုင်ရေး အတွက် ချင်းတိုင်းရင်းသားစာပေ သင်ကြား မည့် ဆရာ ဆရာမ ၅၄၃ ဦးတို့ကို ခန့်ထား တာဝန်ပေးအပ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၁၄၈၄ဝ အထိ တိုးတက်ပညာ သင်ကြားခွင့်ရခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည့် မကွေးတိုင်းဒေသကြီးသည် ဧရိယာစတုရန်း မိုင်ပေါင်း ၁၇၃ဝ၅ ဒသမ ၆၂ မိုင်ကျယ်ဝန်းကာ အိမ်ထောင်စု ၉၂၅၄၂၄၊ လူဦးရေစုစုပေါင်း ၄၁၇၆၄၄၁ဦး နေထိုင်ပြီး ခရိုင် ငါးခရိုင်၊ မြို့ပေါင်း ၃ဝ၊ ကျေးရွာအုပ်စု ၁၅၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၈ဝ၃ ဖြင့် ဖွဲ့စည်းထားသည်။
တိုင်းဒေသကြီးအတွင်း နေထိုင်သည့် လူဦးရေ ၄၁၇၆၄၄၁ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံနိုင်အောင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်း လျက်ရှိသည်။
တိုင်းဒေသကြီး၏ ကျန်းမာရေးကဏ္ဍနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်က ''မြို့နယ်အသီးသီး က ကျေးလက်ကျန်းမာရေးဌာန ၁၆ ခုနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ ၉၆ ခုတို့ကို ကျပ်သန်းပေါင်း ၈၄၄၈ ဒသမ ၃၄၅ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်။
ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၁၄ ခု ပြင်ဆင်ထိန်းသိမ်းတာကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၂၃၉ ဒသမ ၆၈၆ သန်းနဲ့ ဆောင်ရွက်ခဲ့တယ်။ တိုက်နယ်ဆေးရုံ ၁ဝ ရုံမှာ ခွဲစိတ်ခန်းအပါအဝင် လူနာဆောင်၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်တာတွေကိုလည်း ကျပ်သန်း ၆၇၁၈ သန်းနဲ့ ဆောင်ရွက်ခဲ့တယ်။
ဒါ့ပြင် ဆေးနဲ့ ဆေးပစ္စည်းအမျိုးအစား ၁၉ဝ ဝယ်ယူဖြည့်တင်းနိုင်ဖို့ ငွေကျပ် သန်း ၂၅၈၅ ဒသမ ၇ သန်းနဲ့ ဆောင်ရွက် နိုင်ခဲ့တယ်။ တိုက်နယ်ဆေးရုံ ၇ဝ၊ မြို့နယ် ဆေးရုံ ၂၅ ရုံ၊ ခုတင် ၁ဝဝ ဆေးရုံ သုံးရုံ အတွက် ဆေးဝါးနှင့် ဓာတ်ခွဲခန်းသုံး၊ ဓာတ်မှန်သုံးပစ္စည်းတွေကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၂ဝဝ၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၁၈ဝဝ နဲ့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်'' ဟု ပြောသည်။
တိုင်းဒေသကြီးအတွင်းရှိ ဂန့်ဂေါပြည်သူ့ ဆေးရုံ၊ မြောက်ခင်ရမ်းတိုက်နယ်ဆေးရုံ၊ စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံနှင့် ဆော မြို့နယ်ဆေးရုံတို့အတွက် ဓာတ်မှန်စက် တစ်လုံးစီကို လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံ အတွက် ၁ဝ ကေဗွီအေ မီးစက် တစ်လုံးကို လည်းကောင်း၊ မြို့နယ် ၂၅ မြို့နယ်အတွက် ကာကွယ်ဆေး သိုလှောင်သိမ်းဆည်းရန်Ice Line Refrigerator (ILR) အလုံးရေ ၃၂ လုံး၊Freezer ၂၅ လုံး၊ ဆိုလာရေခဲသေတ္တာ ၁၅ လုံးကို ဝယ်ယူဖြည့်တင်းနိုင်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုက်နယ်ဆေးရုံ ၂၉ ရုံအတွက် ဆေးရုံတစ်ရုံလျှင် ရန်ပုံ ငွေကျပ် ၁ဝ သိန်းစီဖြင့် သိန်း ၂၉ဝ ထောက်ပံ့ ပေးနိုင်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၏ လျှပ်စစ်ကဏ္ဍ တိုးတက်စေရန် ဆောင်ရွက်မှုအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အသုံးစရိတ် ရန်ပုံ ငွေ၊ တိုင်းဒေသကြီး ကုန်သွယ်လုပ်ငန်းခွန်နှင့် အခွန်ဝေစုရငွေ စုစုပေါင်း ငွေကျပ် ၁၄ ဒသမ ၈၅၄ ဘီလီယံကို သုံးစွဲကာ ကျေးရွာပေါင်း ၁၈၈ ရွာနှင့် အိမ်ထောင်စုပေါင်း ၁ဝ၉၇၈ စု လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်သုံးစွဲလာနိုင် စေခဲ့သည်။
''ငွေကျပ် ၁၄ ဒသမ ၈၅၄ ဘီလီယံနဲ့ ၁၁ ကေဗွီလိုင်း ၂၄၇ ဒသမ ၃၅၃ မိုင်၊ ၁၁/ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ အလုံး ၂ဝဝ၊ ၄ဝဝဗို့ ဓာတ်အားလိုင်း ၆၇ ဒသမ ၆၃၇ မိုင်ကို တည်ဆောက်ပြီး ကျေးရွာပေါင်း ၁၈၈ ရွာနဲ့ အိမ်ထောင်စုပေါင်း ၁ဝ၉၇၈ စု လျှပ်စစ် ပိုသုံးစွဲနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ ဒါက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ဆောင်ရွက် တာပါ။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာလည်း ငွေကျပ် ၅ ဘီလီယံခန့်နဲ့ ၁၁ ကေဗွီလိုင်း ၆၇ ဒသမ ၈၂၃ မိုင်၊ ၁ဝ/ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၅၈ လုံးနဲ့ ၄ဝဝ ဗို့ဓာတ်အားလိုင်း ၂၄ ဒသမ ၁၆၁ မိုင် တည်ဆောက်ပြီးတော့ ကျေးရွာပေါင်း ၃၅ ရွာအတွက် ဆောင်ရွက် နိုင်ခဲ့တယ်''ဟု ဝန်ကြီးချုပ်က ဆိုသည်။
ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင် ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ် များ ရရှိစေရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကာ စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း များဖြစ်သည့် လျှပ်စစ်အခြေခံသင်တန်း၊ အသေးစားအင်ဂျင်နှင့် မော်တော်ဆိုင်ကယ် ပြုပြင်သင်တန်း၊ အခြေခံဂဟေဆက် သင်တန်း များကို တစ်ခရိုင်လျှင် သင်တန်း သုံးမျိုးဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
တိုင်းဒေသကြီး၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးဟောပြောပွဲများကိုလည်း ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင် မှုဖြင့် မကွေးမြို့တွင် ဒုတိယအကြိမ်မြောက်MSMEs Trade Promotion အား မကွေး၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ ဆိုင်ခန်းပေါင်း ၁၅ဝ ဖြင့် ခင်းကျင်းပြသခဲ့ရာ ခင်းကျင်းပြသသည့် သုံးရက်တာအတွင်း ရောင်းချရငွေကျပ် သိန်းပေါင်း ၄ဝ၇ သိန်းခန့် ရရှိခဲ့သည့်အပြင်SME Member Card များကို လူဦးရေ ၂ဝဝဝ ခန့် လက်ဝယ်အရောက် ထုတ်ပေးနိုင်ခဲ့ သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးမှ နိုင်ငံ့ဝန်ထမ်းများ နေထိုင်မှု အဆင်ပြေချောမွေ့စေရေးအတွက် အငှားအိမ်ရာ အကောင်အထည်ဖော်ဆောက် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
''၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာ မကွေး မြို့နယ်မှာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ရှစ်ခန်းတွဲ ငါးထပ် သုံးလုံး၊ အခန်းပေါင်း ၁၂ဝ ကို ကျပ်သန်း ၂၁၅၂ ဒသမ ၈ဝဝ နဲ့ ဆောင်ရွက်နိုင်ခဲ့သလို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ်မှာ မကွေးမြို့၊ ရေနံချောင်းမြို့၊ ချောက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ သရက်မြို့နဲ့ ပခုက္ကူမြို့တွေမှာ နိုင်ငံ့ဝန်ထမ်း တွေအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ရှစ်ခန်းတွဲ ခြောက်ထပ် တစ်လုံးစီ၊ အခန်းပေါင်း ၃၂၅ ခန်း ပါဝင်တဲ့ ခုနစ်လုံးကို ကျပ်သန်း ၆၁ဝဝ နဲ့ အကောင်အထည်ဖော်နိုင်တယ်'' ဟု ဝန်ကြီးချုပ်က ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှု ဒုတိယ (၁)နှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှရရှိသော အကျိုး အမြတ်များထဲမှ ၂ ရာခိုင်နှုန်းကို အသုံးပြု၍ လူမှုတာဝန်သိမှု(CSR) လုပ်ငန်းအစီအစဉ် များကို ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါလုပ်ငန်းအစီအစဉ်တွင် ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ လူမှုရေးအထောက် အကူပြု ကဏ္ဍ၊ အထွေထွေနှင့် အရေးပေါ် ကိစ္စရပ်များ ဆောင်ရွက်မှုပါဝင်ကာ စုစုပေါင်း လုပ်ငန်း ၄၄ ခုအတွက် ကုန်ကျငွေကျပ် ၂၂၁၈၉၈၉၆၅ ဖြင့် ကျခံဆောင်ရွက်ခဲ့ သည်။
တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံး ၂၆ ရုံးကို ငွေကျပ်သန်း ၂၆၉ ဒသမ ၈ဝဝ သန်း အသုံးပြုတည်ဆောက်ပေးခဲ့သည်။
အစိုးရအဖွဲ့၏ ဒုတိယနှစ် (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုတစ်ခုမှာ ကျေးရွာ မြေငှားဂရန် ၂၁၉၅ ခုအပါအဝင် တစ်ဧက အောက် မြေငှားဂရန် ၅၆၄၂ ခု၊ တစ်ဧကမှ ငါးဧကအထိ ၂၆ ခု၊ ငါးဧကအထက် တစ်ခု တို့ကို လူနေထိုင်ရန်နှင့် စက်မှု/စီးပွား လုပ်ကိုင်ရန် မြေငှားဂရန်ထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ထုတ်ပေးခြင်းလုပ်ငန်းများကို ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် အညီ ၁-၁-၂ဝ၁၃ ရက်မှစတင် ဆောင်ရွက် ခဲ့ပါသည်။
''မကွေးတိုင်းဒေသကြီး အတွင်းမှာ ရပ်ကွက်/ကျေးရွာအုပ်စု ၁၅၉၇ အုပ်စု၊ ကွင်း/အကွက်ပေါင်း ၉၉၃ဝ၊ တောင်သူပေါင်း ၉၈၁၄၁၂ ဦး၊ ဦးပိုင်လုပ်ကွက်ပေါင်း ၁၇၅၆၇၆၃ ခု၊ လက်ရှိဧရိယာ ၂၉၈၃ဝ၂၁ ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံ တင်ခြင်းနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)ထုတ်ပေးခြင်းအနေနဲ့ ၂၈-၂-၂ဝ၁၈ ရက်အထိ ဦးပိုင်ပေါင်း ၁၇၁၉၉ဝ၈ ခုကို လက်ဝယ်အရောက် ထုတ်ပေး နိုင်ခဲ့တယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။
အစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တစ်တာ ကာလအတွင်း တိုင်းဒေသကြီး မှတ်ပုံတင်ရေး အဖွဲ့သို့ မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေး တင်ပြလာသည့် အသင်းအဖွဲ့ ၂၇ ဖွဲ့ကို လည်းကောင်း၊ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့သို့ တင်ပြလာသည့် အသင်းအဖွဲ့ ခြောက်ဖွဲ့ကို လည်းကောင်း၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့သို့ တင်ပြလာသည့် အသင်းအဖွဲ့ ၂၄၃ ဖွဲ့ကို လည်းကောင်း မှတ်ပုံတင်လက်မှတ်များ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယခင်က တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် မှတ်ပုံတင်ကြေးပေးသွင်းရန် သတ်မှတ်ချက် ရှိသော်လည်း ယခုအခါ မှတ်ပုံတင်ကြေး ပေးသွင်းရန် မလိုအပ်သည့်အပြင် ပြစ်မှု၊ ပြစ်ဒဏ်များ လုံးဝမပါရှိဘဲ ဖြေလျှော့ ဆောင်ရွက်ပေးခဲ့သည်။
ထိုကဲ့သို့ တိုင်းဒေသကြီးအတွင်း လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီးလင်းရေး စသည့် ကဏ္ဍများကို အချိုးညီ တိုးတက်မှုရစေရန် အကောင်အထည်ဖော်ခဲ့ပြီး မြို့ပြများမှသည် ကျေးရွာများအထိ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁) နှစ်တာ ဆောင်ရွက်မှုမှတစ်ဆင့် တွေ့မြင်နိုင်ပါ ကြောင်း ရေးသားတင်ပြအပ်ပါသည်။

No comments:

Post a Comment