Wednesday, January 31, 2018

စု အသက်မွေးဝမ်းကျောင်းသိပ္ပံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

Image may contain: 1 person, smiling, outdoor
ရန်ကုန် ဇန်နဝါရီ ၃ဝ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန် ချက်နှင့်အညီ နိုင်ငံတော်၏ မျိုးဆက် သစ်လူငယ်များအား အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြား ပို့ချပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် စုအသက်မွေးဝမ်းကျောင်း သိပ္ပံ နှစ်ထပ်ကျောင်းဆောင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတည်ရှိရာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၇ ရပ်ကွက် စိန်ပန်းမြိုင် ၈ လမ်းရှိ မြေကွက်အမှတ် ၃၃ ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အတွင်းရေးမှူး ဦးÓဏ်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ဝန်ကြီးချုပ်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ် ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် အသက်မွေး ဝမ်းကျောင်းပညာရပ်များမှာ လိုအပ် နေဆဲဖြစ်ကြောင်း၊ ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲနိုင်ရန် ဆွေးနွေး တိုင်ပင်မှုများ ဆောင်ရွက်နေကြောင်း၊ ယခုအချိန်ကာလသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် အချိန်အခါကောင်း တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးကိစ္စရပ်များကို အစွမ်း ကုန် ကြိုးစားဆောင်ရွက်နေသလို လူထုကြားတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးနိုင်ရန် တစ်ဖက်တစ်လမ်းက ကြိုးပမ်း ဆောင်ရွက်နေသည့် အခြေအနေ ဖြစ်ပါကြောင်း အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
''အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာကျောင်းဆိုလို့ရှိရင် စာသင်ကျောင်း ထက် အသက်မွေးဝမ်းကျောင်းကို အလွန်သဘောကျတယ်၊ အမြဲတမ်း လည်း အားပေးတယ်၊ ပြောလည်း ပြောတယ်၊ အဲဒါလေးကိုမှတ်ပြီးတော့ အခုလို စုအသက်မွေးဝမ်းကျောင်း သိပ္ပံ ဖြစ်တည်လာတာပါ''ဟု ဦးဥာဏ်ဝင်းက ပြောသည်။
ယင်းကျောင်းတွင် သင်တန်းများကို ယနေ့မှစ၍ အခြေခံအင်္ဂလိပ်စာ၊ အခြေခံဂျပန်စာ၊ အခြေခံ ကွန်ပျူတာ စသည်တို့ကို သင်ကြားပေးသွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် အပ်ချုပ် သင်တန်း၊ မုန့်ဖုတ်သင်တန်း၊ ဖုန်းပြင် သင်တန်း အစရှိသည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း၊ သင်တန်းကို အသက် ၁၇ နှစ်ပြည့်ပြီး သူ မည်သူမဆို လာရောက်တက်နိုင်ပြီး Sectionတစ်ခုကို သင်တန်းသား ဦးရေ ၃ဝ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါကျောင်းမြေကွက်လပ်ကိုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်သို့ (ဦးအောင်သိန်း)- ဒေါ်လဲ့လဲ့တို့က လှူဒါန်းခြင်းဖြစ်ပြီး Mr.Yukio KAGAYA President of TOKAI Co.,Ltd(ဂျပန်)က အဆောက်အအုံ ဆောက်လုပ်ကုန်ကျ ငွေ စုစုပေါင်း သိန်းတစ်ထောင့်နှစ်ရာ ကျော် လှူဒါန်းခဲ့ကြောင်း၊ ထို့အပြင် MPTက ကွန်ပျူတာ အလုံး ၃ဝ လှူဒါန်းကြောင်း သိရသည်။
သတင်း- ဇာနည်မောင်
ဓာတ်ပုံ- ဇာဏီ

No comments:

Post a Comment