Monday, January 1, 2018

ကလေးစာပေပွဲတော်ကို ကလေးမိဘတွေ၊ ပြည်သူလူထုတွေအားလုံး လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်

Image may contain: 1 person, eyeglasses
ယနေ့ကလေးလူငယ်များသည် အနာဂတ်နိုင်ငံတော်၏ ရင်နှစ်သည်းချာ အဖိုးတန်ရတနာများဖြစ်ရာ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ပုံဖော်ပေးခြင်းပင်ဖြစ် သည်။ ကလေးစာပေပွဲတော်များကို နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာအပါအဝင် မြို့ကြီးများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးဖြစ်ရာ ယခု ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း နံနက် ၉ နာရီမှ ည ၈ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကလေးစာပေပွဲတော်ကို မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများ၏ဥာဏ်ရည်ဥာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ အပြောအဆိုနှင့် နှုတ်မှုရေးရာ စွမ်းရည်များမြင့်မားလာစေရန်၊ စာပေနှင့် ရင်းနှီးပြီး ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ဖန်တီးပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကလေးစာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့က ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ကလေးစာပေပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းမှုများကို တင်ပြလိုက်ရပါသည်-
ဦးကျော်ကျော်ထွန်း ၊ကျောင်းအုပ်ကြီး၊ အထက(၆) ဗိုလ်တထောင်
ကလေးစာပေပွဲကို အရင်က ကျင်းပလေ့မရှိပါဘူး၊ ဒီနှစ်ပိုင်း အခြားမြို့တွေမှာ ကျင်းပလာတာတွေ့ရတယ်၊ ရည်ရွယ်ချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်ဖြစ်လာမယ့် ကလေးတွေ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာ စေဖို့က ပထမဆုံးရည်ရွယ်ချက်ဖြစ်ပါတယ်၊ ဒုတိယက ကလေးတွေမှာ တီထွင် ဖန်တီးလိုတဲ့စိတ်တွေ ပေါ်ပေါက်လာစေဖို့၊ တတိယက အပြောအဆိုနဲ့ နှုတ်မှု ရေးရာတွေ တိုးတက်လာစေဖို့၊ ကလေးတွေ စာပေနဲ့ ပျော်မွေ့ပြီးတော့ စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်ကျေနပ်မှုတွေ ရရှိသွားစေနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
ပွဲတော်ကျင်းပမယ့်ရက်က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၆၊ ၇၊ ၈ ရက် သုံးရက် ကျင်းပမှာဖြစ်ပြီး နံနက် ၈ နာရီကနေ ည ၈ နာရီအထိ ဆောင်ရွက်ဖို့ စီစဉ် ထားပါတယ်။
ပွဲတော်မှာ ကလေးတွေအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဂိမ်းကစားပွဲ၊ ဂိမ်းကစားတဲ့ပွဲတွေမှာဆိုရင်Team Buildingလို့ခေါ်တဲ့ အဆောက်အအုံ ဆောက်လုပ်တဲ့ကစားနည်း၊Science Fair လို့ခေါ်တဲ့ သိပ္ပံနည်းပညာနဲ့ပတ်သက်တဲ့ ကစားနည်း၊ အရုပ်ဆက်ကစား နည်း၊ စကားပုံဆက် ကစားနည်း၊ အိမ်ဆောက်လုပ်တမ်းကစားနည်းစတဲ့ ကစားနည်း ငါးမျိုး ထည့်သွင်းထားပါတယ်။
ကလေးစာပေပွဲမှာ ဖျော်ဖြေရေးအစီအစဉ်တွေအပြင် စာကြည့်တိုက်တွေနဲ့ ချိတ်ဆက်ထားတဲ့ ကလေးတွေ စိတ်ဝင်စားစေမယ့် အကြောင်းအရာ၊ စာအုပ် ခင်းကျင်းပြသထားမှုအပြင် ကျောင်းစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားပါမယ်၊ စာအုပ်ဈေးပွဲတော်က စာအုပ်အရောင်းဆိုင်တွေနဲ့လည်း ချိတ်ဆက်ထားတယ်၊ ကျောင်းစာကြည့်တိုက်ထဲမှာဆိုရင်လည်း စာကြည့်တိုက်ထဲမှာ ကလေးတွေ မြင်ဖူးနေတဲ့ စာအုပ်တွေသာမကဘဲ တခြားစာအုပ်ပေါင်းစုံကိုပါ စိတ်ကြိုက် ရွေးချယ်ဖတ်ရှုလို့ရနိုင်အောင် စီစဉ်ထားတယ်၊ ဒါ့အပြင် ကာတွန်းပညာရှင် တွေက ကယ်ရီကေချာလို့ခေါ်တဲ့ ကာတွန်းရုပ်ပြောင်ရေးဆွဲတာ၊ မျက်လှည့်ပွဲ၊ ရုပ်သေးပြပွဲတွေလည်း ထည့်သွင်းထားပါတယ်၊ လူဝင်ပြီး ဓာတ်ပုံရိုက်လို့ရတဲ့ ကာတွန်းရုပ်ပုံ၊ ဂျိုကာရုပ်၊ လူဝံရုပ်နဲ့တွဲပြီး ဓာတ်ပုံရိုက်ကူးတာတွေလည်း စီစဉ်ထားတယ်၊ ည ၈ နာရီအထိဆိုတော့ ရောင်စုံမီးတွေ ထွန်းညှိထားပြီး ကလေးတွေ အလှဓာတ်ပုံတွေ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးလို့ရတယ်၊ ပရိုဂျက်တာ တွေ အသုံးပြုပြီး စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ ကလေးတွေ စိတ်ဝင်စားစရာ စာအုပ်တွေကို ပြသထားမယ်၊ ပုံပြင်ပြောပြိုင်ပွဲဆိုရင် ကလေးတွေကို ချက်ချင်း ဆုပေးတဲ့အစီအစဉ်တွေ ပါဝင်သလို သိပ္ပံခေတ်သစ်ပညာရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်းြ
ပသထားပါမယ်။
ကျောင်းမှာရှိတဲ့အခန်းတွေကိုလည်း စာဖတ်ခန်းတွေအဖြစ် ဒီပွဲတော်မှာ ဖွင့်လှစ်ထားမယ်၊ အကျိုးကျေးဇူးအနေနဲ့ ကလေးစာပေပွဲတော်ကို ကလေးတွေ လာရောက်တယ်ဆိုရင် စိတ်တွေပျော်ရွှင်သွားစေရမယ်၊Happy World ကစားကွင်းလည်း ဖွင့်ပေးထားမယ်၊ ပွဲတော်အတွင်း ကလေးတွေ ကစားနည်း တွေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် စိတ်ကူးဥာဏ်တွေ ရင့်သန်လာစေမယ်၊ အားကစားနဲ့ပတ်သက်ပြီးတော့လည်း ဘောလုံးကစားနည်း၊ ထုပ်ဆီးတိုးကစား နည်းတွေ ထည့်သွင်းထားတာကြောင့် ကျန်းမာကြံ့ခိုင်စေတဲ့ အကျိုးကျေးဇူးတွေ ခံစားရရှိနိုင်မှာဖြစ်တယ်။
ကြိုတင်ပြင်ဆင်ထားမှုကတော့ ဒီကျောင်းက ရှေးဟောင်းအဆောက်အအုံ ဖြစ်တာကြောင့် ဆေးသုတ်တာတွေအပြင် မွမ်းမံပြင်ဆင်တာတွေကို အချိန်မီ ပြီးစီးဖို့ ဆောင်ရွက်နေပါတယ်။
ဖျော်ဖြေတင်ဆက်မှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးမှာရှိတဲ့ ကျောင်းအားလုံးက ကလေးတွေ ပါဝင်နိုင်အောင် စီစဉ်ထားပါတယ်။
မသန်စွမ်းကလေးတွေအတွက် ပုံပြော၊ ကျပန်းစကားပြော၊ ကဗျာရွတ် စတဲ့ အစီအစဉ်တွေလည်း ထည့်သွင်းထားတဲ့အတွက် သူတို့လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။
မြန်မာ့ရုပ်မြင်သံကြား ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ ညပိုင်းမှာ ငြိမ်းချမ်း ရေးဂီတပွဲတော်က အဆိုတော်တွေအပြင် ဒီကျောင်းက ကိုယ်ပိုင်ဆိုင်းဝိုင်းနဲ့ ဖျော်ဖြေတင်ဆက်မှုတွေပါဝင်သလို ကျောင်းသားဟောင်းအဆိုတော်ကြီးတွေ နဲ့ လူငယ်ကျောင်းသားဟောင်း အဆိုတော်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်မှာဖြစ်ပါတယ်။
ရန်ကုန်မှာ ကလေးစာပေပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့ အတွက် ဒီလိုစာပေပွဲတော်တွေကို နှစ်စဉ် ကျင်းပပေးသွားမယ်ဆိုရင် ကလေး တွေအတွက် ပျော်ရွှင်မှုတွေရရှိမှာဖြစ်သလို ကျောင်းအားလုံးလည်း ပေါင်းစည်း ပြီးသား ဖြစ်မှာဖြစ်ပါတယ်၊ ကလေးမိဘတွေ၊ ပြည်သူလူထုတွေအားလုံး လာရောက်ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်။
ဦးသိန်းဆွေ
ဥက္ကဋ္ဌ၊ ကျောင်းအကျိုးတော်ဆောင်
ကျွန်တော်က ကလေးစာပေပွဲတော် ကျင်းပရေးကော်မတီမှာ ပါဝင်ပါ တယ်၊ ကလေးစာပေပွဲတော်ကို သာယာလှပစေဖို့နဲ့ အမြင်တင့်တယ်စေဖို့ အဆောက်အအုံကအစ မွမ်းမံပြင်ဆင်တာတွေ ဆောင်ရွက်နေပါတယ်။
ဒီခေတ်မှာ ကလေးတွေက စာဖတ်မှုအားနည်းသွားကြသလို စာအုပ် အပေါ် အာရုံစိုက်မှုလည်း အားနည်းတယ်၊ ကျွန်တော်တို့ ခေတ်ကတော့ ကလေးတွေရဲ့ကြားမှာ ဘယ်စာအုပ်က ဖတ်သင့်တယ်၊ ဘယ်စာအုပ်က ကောင်းတယ်ဆိုတဲ့ သတင်းပေးပြောတဲ့အလေ့အထရှိခဲ့တယ်၊ ဒီနေ့အချိန်အခါ မှာတော့ ဒါမျိုးတွေ သိပ်မကြားမိတော့ဘူး ၊ ဒီလိုစာပေပွဲတော်ကျင်းပပေးခြင်း အားဖြင့် ကလေးတွေ အာရုံစူးစိုက်မှုတွေ၊ အလေ့အထကောင်းတွေ၊ အပြုအမူ ကောင်းတွေ တိုးပွားလာပါမယ်။
ကလေးစာပေပွဲတော်ဆိုတာ ကလေးတွေတင် မဟုတ်ပါဘူး၊ လူကြီးတွေ လည်း ပါဝင်ဆင်နွှဲသင့်တယ်၊ ဒါမှ မိမိရဲ့ကလေးတွေကို ဘယ်လိုပျိုးထောင်ရမယ်၊ စာပေ ဝါသနာပါအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြံကောင်းတွေ၊ အတွေး အခေါ်ကောင်းတွေ ရသွားမယ်ဆိုရင် နောင်မျိုးဆက်သစ်တွေက စာပေအပေါ်မှာ မွေ့လျော်ပြီး စာပေကို ချစ်မြတ်နိုးလာမယ်၊ စာပေချစ်မြတ်နိုးတယ်ဆိုရင်ပဲ နောက်ဆက်တွဲအနေနဲ့ နိုင်ငံချစ်မြတ်နိုးစိတ်ကို စာပေက ရှာလို့ရတယ်၊ နိုင်ငံရဲ့သမိုင်းကြောင်း ဗဟုသုတတွေ၊ ပြည်တွင်း၊ ကမ္ဘာနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဗဟုသုတတွေကို စာပေက ရှာလို့ရတယ်၊ စာဖတ်ခြင်း အလေ့အထကို ကလေးတွေရသွားမယ်ဆိုရင် အခြားအကြောင်းအရာတွေမှာ အာရုံစူးစိုက်မှု နည်းသွားမယ်။
နောင်ခေါင်းဆောင်ဖြစ်လာမယ့် ကလေးတွေအတွက် ဒီစာပေပွဲတော် တွေက ရင်းနှီးမြှုပ်နှံတာပါ၊ ကလေးတွေအတွက် ဖျော်ဖြေပွဲ၊ ပျော်ပွဲရွှင်ပွဲတွေ လည်း ပါတယ်၊Happy WorldကနေWater Boomရေဂါလန်တစ်သိန်းဆံ့တဲ့ ရေနဲ့ ရေလွှာလျှောစီး ပျော်ပွဲရွှင်ပွဲတွေလည်း ပါဝင်မယ်၊ ဘောလုံးပွဲဆိုရင် တိုင်းဒေသကြီးအဆင့် ယူ ၁၃ နဲ့ ယူ ၁၄ သက်ငယ်ပွဲတွေပါတယ်၊ ထုပ်ဆီးတိုး အပါအဝင် အခြားပျော်ပွဲရွှင်ပွဲတွေလည်းပါမယ်၊ အထက(၆) ဗိုလ်တထောင်ရဲ့ ဆိုင်းဝိုင်းက ဖျော်ဖြေတင်ဆက်မှာဖြစ်သလို ကျောက်ဆည်ဆင်အကလည်း ပါဝင်မယ်၊ စိန့်ပေါလ်ကျောင်းသားဟောင်းတွေဖြစ်တဲ့ အနုပညာလောကက အဆိုတော်တွေလည်း ဒီပွဲမှာ ပါဝင်ဖျော်ဖြေဖို့စီစဉ်ထားတယ်၊ ဒီပွဲက ဖျော်ဖြေမှု ရော၊ ဗဟုသုတရော ပါဝင်တာကြောင့် ပျော်ရွှင်စွာ လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါ်အေးသန္တာချစ်
မြို့နယ်ပညာရေးမှူး၊ ဗိုလ်တထောင်မြို့နယ်
ကလေးစာပေပွဲတော် ကျင်းပမယ်ဆိုကတည်းက ဌာနဆိုင်ရာတွေအနေနဲ့ နေရာရွေးချယ် အခန်းပြင်ဆင်မှု၊ သန့်ရှင်းမှုတွေကို ကူညီဆောင်ရွက်ပါတယ်၊၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသားဟောင်းများအဖွဲ့ကလည်း ဒီပွဲမှာ ပါဝင်ကူညီကြတယ်၊ ငွေကြေးလိုအပ်ချက်တွေကို တိုင်းဒေသကြီးက စီစဉ်ဆောင်ရွက်ပေးပါတယ်၊ ကျောင်းအတွင်းက အောင်ဆန်းခန်းမ၊ အောင်ကျော်ခန်းမစတဲ့ သက်ဆိုင်ရာ အခန်းအသီးသီးကို ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်၊ ကလေးစာပေပွဲတော်ကျင်းပခြင်းအားဖြင့် ကလေး တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ စာပေလေ့လာမှုစိတ်ဓာတ်တွေ၊ တီထွင်ဖန်တီးမှု စွမ်းရည်တွေ တိုးတက်လာစေမှာ ဖြစ်တယ်၊ စာဖတ်တဲ့ အလေ့အထကနေ ဗဟုသုတတွေ တိုးပွားစေတဲ့အတွက် နောင်နိုင်ငံ့အနာ၃တ်မှာ ပိုမိုအကျိုးရှိမှာ ဖြစ်ပါတယ်။
ဒေါ်စန်းစန်းဝေ
လက်ထောက်ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး
ကလေးတွေ ကဗျာရွတ်ဆိုပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ တွေမှာ တာဝန်ယူကြီးကြပ်ပေးရမှာဖြစ်ပါတယ်၊ ကလေးစာပေပွဲတော်ကို လာရောက်ဆင်နွှဲကြဖို့အတွက် မြန်မာ့ရုပ်မြင်သံကြားနဲ့ သတင်းစာထဲမှာပါ ဖိတ်ခေါ်ထားပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှာလည်း ရန်ကုန် တိုင်းဒေသကြီးအတွင်းက ကျောင်းတွေကို ဒီပွဲတော်မှာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေအပြင် အင်တာနေရှင်နယ် ကျောင်းအသီးသီးက ကလေးတွေကိုလည်း ဒီပွဲတော်ကို လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်ထားပါတယ်။
ကလေးစာပေပွဲတော်ကျင်းပခြင်းဖြင့် ကလေးတွေနဲ့ ဆရာ ဆရာမတွေ အကြား ရင်းနှီးမှုပိုလာစေမယ့်အပြင် ကလေးတွေလည်း စာဖတ်ခြင်းရဲ့ အကျိုး ကျေးဇူးတွေကို သိရှိရုံမက စာပေကိုလည်း ပိုစိတ်ဝင်စားလာစေမယ်လို့ ထင်ပါတယ်၊ ပွဲတော်ကို လာရောက်ဆင်နွှဲခြင်းဖြင့် စိတ်ကျေနပ်ပျော်ရွှင်မှု တွေနဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေပါ တိုးတက်လာစေမယ်လို့ထင်ပါတယ်။
ဦးခင်မောင်ဦး
အတွင်းရေးမှူး၊ စိန့်ပေါလ်ကျောင်းသားဟောင်းများအသင်း
ကလေးစာပေပွဲတော်မှာ စိန့်ပေါလ်ကျောင်းသားဟောင်းများအသင်းက ပြခန်း တစ်ခုအနေနဲ့ ပါဝင်ပြသမှာဖြစ်ပါတယ်၊ စိန့်ပေါလ်ကျောင်းကို ၁၈၈ဝ ခုနှစ်က စတင်ခဲ့တာကြောင့် အခုချိန်ဆိုရင် နှစ်ပေါင်း ၁၅၇ နှစ် တိုင်ခဲ့ပါပြီ၊ ၁၈၆ဝ ခုနှစ်မှာမှ စိန့်ပေါလ်ကျောင်းအဖြစ် ပြောင်းခဲ့တာကြောင့် ဒီပွဲမှာ ဒါတွေကို အပိုင်းလိုက် ပြသသွားဖို့ရှိပါတယ်၊ ဒီကျောင်းမှာ တာဝန်ယူ ထမ်းဆောင်ခဲ့တဲ့ ဆရာကြီးတွေ၊ ကျောင်းသားဟောင်းကနေ ယနေ့မျိုးဆက်သစ် တွေအထိ နိုင်ငံတော်ရဲ့ အဆင့်မြင့် တာဝန်တွေ ထမ်းဆောင်ခဲ့ကြတဲ့ ထူးချွန်တဲ့ သူတွေ ဒီကျောင်းက ပေါ်ထွန်းခဲ့တယ်၊ ဒါတွေကို မျိုးဆက်သစ်ကလေးတွေ အားကျအတုယူစေဖို့အတွက် ပြခန်းတစ်ခုအနေနဲ့ ပါဝင်ပြသသွားမှာဖြစ်ပါတယ်၊ စိန့်ပေါလ်ကျောင်းသားဟောင်းများအသင်းကို ၁၉၆ဝ ခုနှစ်က တည်ထောင်ခဲ့ပြီး ကျောင်းရဲ့ လိုအပ်ချက်တွေမှန်သမျှကို အသင်းအနေနဲ့ ပံ့ပိုးပေးလျက်ရှိပါတယ်။
တွေ့ဆုံမေးမြန်း-ဝင်းစန္ဒီ၊ ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment