Monday, January 1, 2018

၂ဝ၁၈ ခုနှစ်နှစ်သစ် အခါသမယအတွက်ဆုမွန်ကောင်း

Image may contain: 1 person, smiling
ဦးအောင်ကိုဝင်း(နာယက-မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ဥက္ကဋ္ဌ-ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု)
ခရစ်နှစ် ၂ဝ၁၈ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ငြိမ်းချမ်းသာယာသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေဟု ဦးစွာ ဆုတောင်းမေတ္တာ ပို့သ အပ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့မြင်ရပါတယ်၊ ယခုကုမ္ပဏီများဥပဒေကိုလည်း ပြဋ္ဌာန်းအတည်ပြုနိုင်ပြီဖြစ်တဲ့အတွက် လုပ်ငန်းရှင်များ အားလုံးကလည်း ဥပဒေဘောင်အတွင်းကနေ နိုင်ငံတော် ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆပွားတိုးမြှင့်လုပ်ဆောင် ကြရင် မကြာသောကာလတွင် စီးပွားရေး တောင့်တင်း ခိုင်မာသော နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်များကလည်း နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပြီး နိုင်ငံ့စီးပွားရေး တိုးတက်မြင့်မားလာဖို့ တစ်ဖက်တစ်လမ်းကနေ ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
အခုလို မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ မင်္ဂလာစကားပြောခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ဝမ်းမြောက်မိပါတယ်၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ ပြည်သားများအားလုံး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဦးအောင်မြတ်ကျော် (ဒုတိယညွှန်ကြားရေးမှူးချုပ်- ငြိမ်း)(တိုင်းရင်းဆေးပညာဦးစီးဌာန)
ယခုလို နှစ်ဆန်းအခါသမယမှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ချစ်ကြည်ရင်းနှီးစွာ အတူတကွ ပူးပေါင်းနေထိုင်ကြသည့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက် သော ခေတ်မီနိုင်ငံတော်သစ်ကြီးတစ်ရပ် ပေါ်ထွန်းလာပါ စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
မြန်မာတိုင်းရင်းဆေးပညာအမွေအနှစ် ထိန်းသိမ်း ရေးနှင့် မြန်မာတိုင်းရင်းဆေးလောက ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် တိုင်းရင်းဆေးသမားတော်ကြီးများ စည်းလုံးညီညာ စုပေါင်းအားဖြင့် အောင်မြင်မှု ရလဒ်ကောင်း များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ပြည်သူ ပြည်သား အားလုံး မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝခံစား ရရှိနိုင်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျား။
ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ(ဥက္ကဋ္ဌ)မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒအဖွဲ့ချုပ်နှင့်နယ်စပ်တောင်တန်းဒေသသာသနာ့နုဂ္ဂဟအသင်း(ဗဟို)
နှစ်ဟောင်းလွန်မြောက် နှစ်သစ်ကူးရောက်သည့် ကာလ မှာ မြန်မာနိုင်ငံတော်ရှိ ရဟန်းရှင်လူပြည်သူများအားလုံး စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးဘက်ပေါင်းစုံတွင် တိုးတက်ဖွံ့ဖြိုးမှုအပေါင်း ရရှိခံစားကြပါစေကြောင်း၊ တစ်ဦးချင်းအနေဖြင့် မိမိအကျိုးနှင့် တိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေကြောင်းနှင့် တစ်ဦးအပေါ်တစ်ဦး ဣသာမစ္ဆရိယစိတ် ကင်းရှင်းစွာဖြင့် မုဒိတာပွားများနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းပို့သ အပ်ပါတယ်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်
၂ဝ၁၇ ခုနှစ်ကတော့ မြန်မာနိုင်ငံမှာ အကျပ်အတည်း များတဲ့ နှစ်ပေါ့၊ အခက်အခဲတွေလည်း များတယ်၊ အထူး သဖြင့် နိုင်ငံရေး၊ စီးပွားရေးပေါ့၊ လာမယ့်နှစ်တွေမှာတော့ ဒါတွေအားလုံး ကျော်လွှားနိုင်မယ်လို့ ကျွန်တော်ထင်တယ်။
မြန်မာနိုင်ငံလည်း ၂ဝ၁၈ ခုနှစ်မှာ အစစအရာရာ အားလုံးကို ကျော်လွှားပြီးတော့ အများမျှော်လင့်တဲ့ နိုင်ငံသစ်ပေါ့၊ ရှေ့ကို အရွေ့တစ်ခု ကောင်းကောင်းမွန်မွန် ရောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ အထူးသဖြင့် တောင်သူလယ်သမားတွေ ဆယ်စုနှစ်တစ်ခုလောက် ကြုံတွေ့နေရတဲ့ ရာသီဥတုရဲ့ အဖျက်အဆီးကို ၂ဝ၁၈ ခုနှစ်မှာ ဝိုင်းဝန်းပြီးတော့ ထိရောက်တဲ့ စီမံခန့်ခွဲမှုရယ်၊ ပြည်သူ၊ အစိုးရ၊ ပညာရှင်ရယ် ဒီထက် ပိုပြီး ပူးပေါင်း ဆောင်ရွက်ပြီးတော့ သဘာဝဘေးအန္တရာယ်တွေကို စိုက်ပျိုးရေးမှာရော အသက်အန္တရာယ်မှာရော လျော့ပါး အောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ဒေါက်တာအောင်သူရ (CEO , Thura Swiss Ltd.,)
မြန်မာနိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးစတာတွေ အကုန်လုံး တိုးတက်လာစေချင်ပါတယ်၊ တစ်နေရာတည်းမှာ ရပ်တန့်နေတာမျိုးမဖြစ်စေချင်ဘူး၊ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုး တိုးတက်လာစေချင်တယ်၊ ဒီလိုတိုးတက်ဖို့ဆိုရင် အစိုးရ ပိုင်းမှာသာမက စီးပွားရေးလုပ်ငန်းရှင်တွေရော ပြည်သူ လူထုရော ပူးပေါင်းဆောင်ရွက်ရပါမယ်၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ မြန်မာပြည်ထဲကို များများဝင်ရောက်စေချင် တယ်၊ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း ဗဟုသုတတွေ တိုးပွားလာပြီး နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်နိုင်တယ်၊ သူတို့ ဘယ်လို လုပ်ကိုင်တယ်ဆိုတာ လည်း သိလာမယ်၊ ဒါဆိုရင် သူများထက် နောက်မကျဘဲ စီးပွားရေးပိုင်းမှာ ယှဉ်လာနိုင်မှာ ဖြစ်ပါတယ်။
ဦးသက်လွင်တိုး(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း)
၂ဝ၁၈ ခုနှစ်ဟာ မြန်မာ့ခရီးသွားကဏ္ဍအတွက် ရောင်နီသစ်တစ်ဖန်ပြန်လာပြီလို့ မျှော်လင့်ရပါတယ်၊Tourism For All ဆိုတဲ့စကားအတိုင်း ပြည်သူလူထု တစ်ရပ်လုံးပါဝင်တဲ့ ခရီးသွားလုပ်ငန်းကို ထူထောင်ရာမှာ Public-Private-People Partnership တို့ ပူးပေါင်း ပါဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ပြည်တွင်းပြည်ပခရီးသွား ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်း ကင်းဝေးပြီး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေရန် ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
စာရေးဆရာမ ပုညခင်
၂ဝ၁၈ ခုနှစ် နှစ်သစ်အခါသမယမှာ မြန်မာပြည်သူ ပြည်သားများအားလုံး အယုတ်အလတ်အမြတ်မရွေး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း ပေးပါတယ်၊ အခြေခံလူတန်းစားများရဲ့ စားဝတ်နေရေး ကျပ်တည်းနေတာတွေလည်း ကြားသိရတဲ့အတွက် အခြေခံ လူတန်းစားတွေရဲ့ နေရေးထိုင်ရေး၊ ပညာသင်ကြားရေး၊ ကျန်းမာရေး၊ ကိစ္စအဝဝလည်း အဆင်ပြေချောမွေ့ ပြေလည်စေဖို့ ဆုတောင်းပေးပါတယ်၊ မြန်မာပြည်ရဲ့ မြောက်ဖျား၊ အနောက်ဖျားက ပဋိပက္ခတွေလည်း အမြန်ဆုံး ပြေလည်ငြိမ်းချမ်းစေဖို့ ဆုတောင်းပါတယ်၊ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ ကိုလည်း အမြန်ဆုံးကိုယ့်နေရပ်ဌာနေမှာ အေးအေး ချမ်းချမ်း ပြန်လည်နေထိုင်နိုင်ကြစေဖို့ ဆုတောင်းပေးပါ တယ်၊ မြန်မာနိုင်ငံရဲ့ ပြဿနာတော်တော်များများကို ပြေလည်အေးချမ်းစေမယ့် အကြောင်းတရားတစ်ခုဖြစ်တဲ့ ကျွန်မတို့ တိုင်းပြည်အတွက် အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့ကိုလည်း လေးနက်လှိုက်လှဲစွာ ဆုတောင်း ပေးပါတယ်၊ ကျွန်မရဲ့စာအုပ်တွေကို ဖတ်ရှုအားပေးကြတဲ့ စာဖတ်ပရိသတ်များနဲ့တကွ စာအုပ်စာပေချစ်မြတ်နိုးသူများ အားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း မေတ္တာပို့သ ဆုတောင်းလိုက်ရပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူ
၂ဝ၁၈ နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး၊ ခုနစ်ရက်သားသမီး ပရိသတ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။
ဦးဇင်ဝိုင်း (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)
၂ဝ၁၈ ခုနှစ် နှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံတိုင်းရင်းသားပြည်သူအားလုံး၊ မိသားစုအားလုံး၊ တစ်နိုင်ငံ လုံး ကျန်းမာချမ်းသာ စိတ္တသုခ ကာယသုခ နှစ်ဖြာပြည့်စုံကြ ပါစေလို့ ဆုတောင်းပေးပါတယ်။
အဆိုတော် အောင်ထက်
၂ဝ၁၈ နှစ်သစ်မှာ အားလုံးစိတ်ချမ်းသာ ကိုယ် ကျန်းမာဖြင့် အလုပ်အကိုင်တွေအားလုံး အဆင်ပြေကြပါ စေ၊ ရည်ရွယ်ချက်တွေနဲ့ ကြိုးစားနေတဲ့သူတွေအားလုံး ရည်ရွယ်ချက်တွေ ဖြစ်မြောက်လို့ အမြဲတမ်းပျော်ရွှင် သာယာတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးချင်ပါတယ်။
ရီရီမြင့်၊ မြတ်စန္ဒီ၊ သီသီမင်း၊ ခင်ဇာလီ

No comments:

Post a Comment