Saturday, September 30, 2017

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ




 နေပြည်တော် စက်တင်ဘာ ၂၉



တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရား မျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာ၌ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး တွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း။
ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ ရှမ်းနှင့် မ္တလေးတို့တွင် ပြည်သူများထံမှ တင်ပြချက် စုစုပေါင်း ၉၅ မှုကို လက်ခံရရှိခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်များ အပေါ် အဖွဲ့ခွဲများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခြင်း၊ ဥပဒေနှင့်အညီ အယူခံလျှောက်ထားနိုင်ခွင့်များ အကြံပြုပြန်ကြားခြင်းနှင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့် နိုင်ကြောင်း အကြံပြုပြန်ကြားခြင်းများကို ဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း၊ အဖွဲ့ခွဲတွင် အစိုးရဘက်မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေ ပညာရှင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်၍ ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်ပါက တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း။
အဖွဲ့လုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာ ရေးအတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ရည်ရွယ်၍ Rule of Law and Justice Sector Forum တစ်ရပ်ကို ကျင်းပရန် စီစဉ်လျက်ရှိပါကြောင်း။
အဆိုပါညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသူများက တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများတွင် ဆောင်ရွက် သင့်သည့်ကိစ္စရပ်များ၊ ညီလာခံအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment