Thursday, April 27, 2017

ဘက်စုံပညာထူးချွန်လူငယ်များ ပုဂံနှင့်အင်းလေး အပန်းဖြေစခန်းတို့သို့သွားရောက်ရန် မန္တလေးမြို့သို့ စတင်ရောက်ရှိ



Image may contain: 12 people, people smiling, people standing and outdoor
မန္တလေး ဧပြီ ၂၆
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတို့မှ ဘက်စုံပညာထူးချွန်လူငယ်များအား စိစစ်ရွေးချယ်ပြီး ပုဂံ၊ အင်းလေးနှင့် ငွေဆောင်အပန်းဖြေ စခန်းများဖွင့်လှစ်၍ လေ့လာရေးခရီးစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ရာ အင်းလေးနှင့် ပုဂံ အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ဘက်စုံပညာထူးချွန်လူငယ်များ မန္တလေးမြို့သို့ ဧပြီ ၂၆ ရက် ညနေတွင် စတင်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဘက်စုံထူးချွန်လူငယ်များအတွက် အဋ္ဌမတန်းဘက်စုံပညာ ထူးချွန်လူငယ်များကို ပုဂံအပန်းဖြေ စခန်းသို့လည်းကောင်း၊ နဝမတန်း ဘက်စုံပညာထူးချွန်လူငယ်များကို အင်းလေးအပန်းဖြေစခန်းသို့ လည်းကောင်း၊ ဒသမတန်းဘက်စုံပညာ ထူးချွန်လူငယ်များကို ငွေဆောင်အပန်းဖြေစခန်းသို့ လည်းကောင်း လေ့လာရေးခရီးစဉ်အဖြစ် စခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ရာ ပုဂံနှင့်အင်းလေး အပန်းဖြေစခန်းသို့ သွားရောက်ကြမည့် တစ်နိုင်ငံလုံးမှ ဘက်စုံပညာထူးချွန်လူငယ်များ မန္တလေးမြို့စုရပ်သို့ ဧပြီ ၂၆ ရက် ညနေပိုင်းတွင် စတင်ရောက်ရှိလာပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက ပြောသည်။
''ပုဂံနဲ့ အင်းလေးကို သွားကြမယ့် အထက်မြန်မာပြည်က ဘက်စုံထူးချွန် လူငယ်တွေ ဧပြီ ၂၆ ရက်မှာ မန္တလေး စုရပ်ကို စတင်ရောက်ရှိလာပြီး အောက်မြန်မာပြည်က လာကြမယ့်သူတွေကတော့ ၂၇ ရက် ညမှာ ရန်ကုန်ကနေ ဒီစုရပ်ကို ကားနဲ့ ထွက်ခွာလာကြမှာဖြစ်ပါတယ်။ ၂၈ ရက်မှာတော့ အားလုံးစုံညီစွာ ရောက်ရှိနေမှာဖြစ်ပါတယ်။ အထက်မြန်မာပြည်က ဒသမတန်းဘက်စုံ ပညာထူးချွန် လူငယ်တွေကတော့ ငွေဆောင်ကိုသွားဖို့ ရန်ကုန်စုရပ်ကို ဧပြီ ၂၇ ရက်ညမှာ မန္တလေးကနေ ကားနဲ့ထွက်ခွာသွားကြမှာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
ပုဂံနှင့် အင်းလေးအပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ဘက်စုံပညာထူးချွန်လူငယ်များအား မန္တလေးမြို့စုရပ်တွင် အဋ္ဌမတန်းအတွက် အထက(၁၄)နှင့် အထက (၂၂) တို့တွင်လည်းကောင်း၊ နဝမတန်းအတွက် အထက(၁)နှင့် အထက(၄) တို့တွင်လည်းကောင်း တည်းခိုနေထိုင်ရန် စီစဉ်ပေးထားပြီး ဧပြီ ၂၉ ရက် နံနက် ၇ နာရီတွင် စုရပ်အသီးသီးမှ စတင်ထွက်ခွာ၍ မန္တလေးမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်နှင့် မဟာမုနိဘုရားသို့ ဝင်ရောက်ဖူးမြော်ကာ သတ်မှတ်စခန်းအသီးသီးသို့ ဆက်လက်ထွက်ခွာသွားမည်ဖြစ်သည်။
အဆိုပါ ဘက်စုံပညာထူးချွန် လူငယ်များအား တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တစ်တန်း လျှင် ၁၇၆ ဦးစီဖြင့် ရွေးချယ်ကာ လေ့လာရေးခရီးစဉ်အဖြစ် စီစဉ်ပေး ခြင်းဖြစ်ပြီး အဆိုပါအပန်းဖြေစခန်း အသီးသီးကို မေ ၁ ရက်တွင် ဖွင့်ပွဲအခမ်းအနားများ တစ်ပြိုင်တည်း ဖွင့်လှစ်ကာ မေ ၄ ရက်တွင် စခန်းသိမ်းပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment