Friday, March 31, 2017

ပထမအကြိမ် ပဲခူးတိုင်းဒေသကြီး အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ် ကျင်းပ



Image may contain: one or more people and indoor
ပဲခူး မတ် ၃ဝ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်တွင် ပထမအကြိမ် ပဲခူးတိုင်းဒေသကြီး အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်း ရေးဖိုရမ်ကို ပဲခူးမြို့ သီရိဟံသာခန်းမ ၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပကြောင်း သိရသည်။
ယင်းအခမ်းအနားကို မတ် ၃ဝ၊ ၃၁ နှစ်ရက်တာ ပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးအဖွဲ့လွှတ်တော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြောင်း ပွဲစီစဉ်ကျင်းပသူ ဦးဇင်မျိုးအောင်ထံမှ သိရသည်။
''ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေ တစိုက်မတ်မတ် ပါဝင်လာနိုင်ဖို့နဲ့ Forum ဖြစ်မြောက် ရေးကော်မတီရဲ့လုပ်ငန်းလမ်းညွှန်ကို ပြန်လည်သုံးသပ် ရေးဆွဲအတည် ပြုဖို့ပါ။ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် KNU တာဝန်ရှိသူတွေ၊ ABSDF ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ပါတယ်။ တက်ရောက် ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်''ဟု ပွဲစီစဉ်ကျင်းပသူ ဦးဇင်မျိုးအောင်က ပြောသည်။
အဆိုပါပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် သဘာဝသယံဇာတဝန်ကြီး ဦးကျော်မင်းစံ ပေးပို့သော သဝဏ်လွှာအား ကျောက်ကြီးမြို့နယ် စစ်တောင်း သံစဉ်လူမှုကွန်ရက်မှ ဦးရန်နိုင်အောင်က ဖတ်ကြားပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော် ကတိကဝတ် အာမခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစောညိုဝင်း၊ ကရင် အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) သစ်တောဌာန အတွင်းရေးမှူး စောသရေးကျော်၊ ABSDF မှ ကိုယ်စားလှယ် ဦးဆလိုင်းယောအောင်နှင့် တိုင်းဒေသကြီး JMCS အဖွဲ့မှ အရပ်သားကိုယ်စားလှယ် ဦးစောလင်းအောင်တို့က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ် အရပ်ဘက်အဖွဲ့အစည်းများ၊ တစ်ဦးချင်း ငြိမ်းချမ်းရေးစိတ်ပါဝင်စားသူများ၊ ဖိတ်ကြားထားသူ အင်အား ၂၂ဝ ကျော် တက်ရောက်ကြောင်း ပွဲစီစဉ်သူတစ်ဦးထံမှ သိရသည်။
''အရပ်ဘက် အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အင်အားတစ်ရပ်အနေနဲ့ ပါဝင်လာတာကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရက ပြည်သူတွေရဲ့ လိုအပ်ချက်ကို အကုန်မသိနိုင်ဘူး။ အရပ်ဘက် အဖွဲ့အစည်းက လူထုနဲ့အမြဲတမ်း ထိတွေ့နေရတာဆိုတော့ ဒီလိုစုဖွဲ့မှု တွေကတစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပါဝင်မှုကိုအလေး ထားရမှာပါ''ဟု ပွဲသို့တက်ရောက်လာသူ ပြည်ခရိုင်တာဝန်ခံ ဦးကျော်ဆန်း က ပြောသည်။
(ကိုကျောက်ကြီး)

No comments:

Post a Comment