Sunday, January 1, 2017

နှစ်သစ်၌ စိတ်သစ်ဖြင့် နှလုံးစိတ်ဝမ်းချမ်းသာ



No automatic alt text available.
နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြီ။ ၂ဝ၁၆ ခုနှစ်သည် အတိတ်တွင် ကျန်ရစ်ပြီး ၂ဝ၁၇ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ နှစ်သစ်တွင် စိတ်သစ်ကိုယ်သစ်ဖြင့် ပိုမိုကောင်းမွန်သော နေ့သစ်များကို မွေးဖွားပေးကြရမည်ဖြစ်သည်။
နှစ်တစ်နှစ်၏ ကောင်းမွန်ခြင်း၊ မကောင်းမွန်ခြင်းသည် မိမိတို့ လူသားများက ပြုပြင်ဖန်တီးပေးခဲ့ခြင်းသာဖြစ်သည်။ ကောင်းမွန်သော လူ့ဘောင်လောကကို တည်ဆောက်ရန်မှာ လူသားတို့၏ တာဝန်ပင်ဖြစ်သည်။
နှစ်တစ်နှစ်သို့ ကူးပြောင်းသည်နှင့်အမျှ လူသားများ၏ အသက်မှာလည်း တစ်နှစ်တာကြီးရင့်လာပြီး အသက်အရွယ်အရ ပိုမိုရင့်ကျက်လာသလို တရားသံဝေဂရသူများလည်း ရှိပေလိမ့်မည်။ အချို့လည်း ကုန်လွန်ခဲ့သော နှစ်ဟောင်းကို နှမြောတသလွမ်းဆွတ်ကြသူများလည်း ရှိလိမ့်မည်။
လူငယ်လူရွယ်များအဖို့ ငယ်ရွယ်သူများပီပီ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းများနှင့် နှစ်သစ်ကို ကြိုဆိုကြသည်။ နှစ်သစ်အစတွင် ပိုမိုရွှင်လန်းတက်ကြွပြီး အားတက်ကြသည်။ အပျော်လွန်အလည်ကျူး ရူးရူးမူးမူးဖြစ်ချင်သူများလည်း ရှိသည်။
အမှန်တကယ်တွင် ဒီဇင်ဘာအကုန် ဇန်နဝါရီအကူး နှစ်သစ်သို့ ကူးပြောင်းချိန်သည် ခရစ်နှစ်သာဖြစ်၍ အနောက်တိုင်း အယူအဆဖြစ်သည်ကိုလည်း မမေ့သင့်ချေ။ သို့သော် ကမ္ဘာကြီးမှာ ရွာကြီးတစ်ရွာဖြစ် လာသောအခါ အနောက်တိုင်း၊ အရှေ့တိုင်း အယူအဆများ ထွေးရော ယှက်တင်ဖြစ်လာသည်ကို ခေတ်လူများအဖို့ နားလည်မှုရှိကြပေသည်။
ဒီမိုကရေစီအသွင် ကူးပြောင်းသောကာလတွင် နှစ်သစ်ကို ငြိမ်းငြိမ်းချမ်းချမ်း၊ ညီညီညွတ်ညွတ်၊ ပျော်ပျော်ရွှင်ရွှင် ကူးပြောင်းရောက် ရှိလာသည်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ရမည်ပင်။ နှစ်သစ်အကူး အပြောင်းကာလတွင် အလွန်အမင်း အပျော်ကျူးမှုကြောင့် နိုင်ငံအချို့၏ သေကျေဒဏ်ရာရမှုများနှင့်စာလျှင် မြန်မာနိုင်ငံသားများအဖို့ မိမိတို့ကိုယ်ကို မိမိတို့အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ပျော်ရွှင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။
ကုန်ဆုံးခဲ့သော နှစ်များက ပြည်သူအားလုံး မျှော်မှန်းခဲ့သည့် အရပ်သားအစိုးရစစ်စစ်ကို ပြည်သူများ စိတ်ကြိုက်ရွေးချယ်ပေးခိုင်းခဲ့သည်။ ပြည်သူ့အစိုးရပီပီ ပြည်သူ့အကျိုးကို ကိုးလတာကာလအတွင်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ ယခုနှစ်သစ်တွင်လည်း ပြည်သူ့ဘဝ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြဦး မည်ဖြစ်သည်။
နိုင်ငံသစ်ကို တည်ဆောက်ရာတွင် အစိုးရတစ်ရပ်တည်းနှင့် မပြီးနိုင်ဘဲ ပြည်သူ့အားလည်းပါဝင်မှ အောင်မြင်နိုင်မည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏အားသည် နိုင်ငံ၏ အင်အားသာဖြစ်၍ နှစ်သစ်တွင် အင်နှင့်အားနှင့် ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်သည်။
နှစ်သစ်ဟူသည် စိတ်သစ်ကိုယ်သစ် ခွန်အားသစ်များပေးစွမ်း နိုင်သည်မှာ အမှန်ဖြစ်သည်။ ပြည်သူအများစုမှာ နှစ်သစ်တွင် နိုင်ငံသစ်ကို အေးချမ်းပျော်ရွှင်စွာဖြင့် ဖြတ်သန်းချင်ကြသူများသာဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးလိုသူ၊ မကောင်းမှုပြုလိုသူတို့မှာ အနည်းစုသာဖြစ်သည်။
ငြိမ်းချမ်းသာယာပျော်ရွှင်ချမ်းမြေ့သော နိုင်ငံသစ်ကို နှစ်သစ်တွင် ဆက်လက်တည်ဆောက်နိုင်ရန်အတွက် နိုင်ငံသူ နိုင်ငံသား အားလုံးတို့ အနေဖြင့် ယနေ့ကျရောက်သော ၂ဝ၁၇ နှစ်သစ်၏ ပထမနေ့မှစတင်၍ တစ်နှစ်တာကာလပတ်လုံး မြန်မာနိုင်ငံသားအချင်းချင်း ညီညီ ညွတ်ညွတ် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါသည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်ဖြင့် ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ကြေးမုံ က ဆန္ဒပြုလိုက်ပါသည်။ ။

No comments:

Post a Comment