Wednesday, January 4, 2017

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်သူများက အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး၊ သတ်ဖြတ်မှု ဖြစ်စဉ်များ ထုတ်ပြန်

No automatic alt text available.
နေပြည်တော် ဇန်နဝါရီ ၃
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်သူများက အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး၊ သတ်ဖြတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်၌ ဖြစ်စဉ် (၁)မှာ အောက်တိုဘာ ၅ ရက် နံနက် ၁ နာရီတွင် မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာနေ မောင်မောင်စိုး (ခ) ရှုနာများအား တစ်ရွာတည်းနေ ကဖားတူလလာ၏နေအိမ်၌ လည်ပင်း ယာဘက်၊ ဝဲ/ယာတင်ပါး၊ ကျောပြင်၊ ယာလက်ဖျံနှင့် ဝဲလက်မောင်းတို့တွင် ပြတ်ရှဒဏ်ရာ ၁၂ ချက်ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ဖြစ်စဉ် (၂)မှာ အောက်တိုဘာ ၅ ရက်တွင် ဦးရှည်ကျကျေးရွာ အရှေ့ဘက် ကိုက် ၅ဝဝ ခန့် အကွာရှိ လယ်ကွင်းစပ်၌ မာမတ်တာလီအား လည်ပင်း၊ ရင်ဘတ်၊ ဝဲလက်မောင်း၊ ချိုင်းအောက်၊ ဝဲဝမ်းဗိုက်၊ နံစောင်း၊ တင်ပါးနှင့် ကျောပြင်တို့တွင် ပြတ်ရှဒဏ်ရာ စုစုပေါင်း ၁၉ ချက် တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဖြစ်စဉ် (၃)မှာ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာ လမ်းဘေးရေမြောင်း အတွင်း လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးပုပ်ပွနေသည့် အလောင်း တစ်လောင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ် (၄)မှာ အောက်တိုဘာ ၁၅ ရက် နံနက် ၁ဝ နာရီတွင် မောင်တောမြို့နယ် ကံသာယာ(အထက်မြို)ရွာနေ ကျေးရွာခန့် ကျောင်း ဆရာ ဦးသန်းထွန်းနှင့် တစ်ရွာတည်းနေ ခိုင်သွေးတို့ နှစ်ဦးသည် ရွာအနီးတွင် နွားကျောင်းရင်း တောင်ပေါ်၌ ဝါးခုတ်နေစဉ် မလှမ်းမကမ်းရှိ ချောင်းစပ်မှ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဦးသန်းထွန်း၏ ဝဲဘက်ဆီးခုံ အထက် ဝမ်းဗိုက်နှင့် ဝဲဘက်ဒူးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း၊ ဖြစ်စဉ် (၅)မှာ အောက်တိုဘာ ၂၅ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ် တွင် မောင်တောမြို့နယ် ခြံပြင်ကျေးရွာနေ မောင်အေးဝင်းပါ ငါးဦးသည် ခြံပြင် ရွာနှင့် ရေတွင်းကျွန်းရွာကြားရှိ လယ်ကွင်းတွင် နွားကျောင်းနေစဉ် ရေတွင်း ကျွန်းရွာနေ လူ ခြောက်ဦးက ဓားရှည်လေးချောင်း၊ လှံ နှစ်ချောင်း ကိုယ်စီ ကိုင်ဆောင်၍ ခြိမ်းခြောက်ကာ နွားများဆွဲလုနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဖြစ်စဉ် (၆)အဖြစ် နိုဝင်ဘာ ၇ ရက် ည ၁၂ နာရီခွဲတွင် မောင်တော မြို့နယ် ဖူခါလီကျေးရွာရှိ နူမာမောက်၏နေအိမ်သို့ ဂေါ်ဇီရာမောက်ပါ ၁၅ ဦးခန့် ရောက်ရှိလာပြီး လူများအား ရိုက်နှက်ကာ နူမာမောက်၏ သားနှစ်ဦးဖြစ် သည့် မာမွတ်ဖာရို (၁၈) နှစ်နှင့် ဖိုက်ဆဲ (၁၂) နှစ်တို့အား ခေါ်ဆောင်၍ နေအိမ်အား မီးရှို့ဖျက်ဆီးထွက်ပြေးသွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကအခင်း ဖြစ်နေရာသို့ ရှင်းလင်းရာ မာမွတ်ဖာရိုအား လည်ပင်း၊ နဖူး၊ ဝဲလက်ဖျံ၊ တံတောင်၊ ခြေထောက်၊ ဝဲချိုင်းအောက်နှင့် ပေါင်တို့တွင် စုစုပေါင်းပြတ်ရှဒဏ်ရာ ၁၃ ချက်ဖြင့် ပြန်လည်တွေ့ရှိခဲ့ရကြောင်း၊ ဖြစ်စဉ် (၇) မှာ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် ဖော့ကီးတောင်ရွာ ဦးရွှေမောင်နှင့်ဇနီး မရွှေမေ တို့သည် မရမာကြီးရွာသို့ သွားရောက်စဉ် ဖော့ကီးတောင်ရွာနေ ဟာမိတ်တူဆောင်းနှင့် အပေါင်းအပါ ရှစ်ဦးတို့က ဓားဖြင့်ခုတ်၍ ဦးရွှေမောင်တွင် ဝဲဘက်ဂုတ်ပြတ်ရှ ဒဏ်ရာ တစ်ချက်နှင့် ဝဲနားအောက် ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိခဲ့ကြောင်း၊ ဖြစ်စဉ် (၈)မှာ နိုဝင်ဘာ ၁၇ ရက် ည ၇ နာရီခွဲတွင် မောင် တောမြို့နယ် ဂေါ်ဒူသာရ (အနောက်)ရွာနေ ဂျာမ (ခ) ဇော်မာ ဟူဆွန်သည် ဂေါ်ဒူသာရ (တောင်) ရွာမှ ဟာဘီအူလာက ထမင်းဖိတ်ကျွေးရန် လာခေါ်သဖြင့် လိုက်သွားပြီးနောက် နေအိမ်သို့ ပြန်ရောက်မလာဘဲ အမက ကျောင်းအနီးတွင် ဓားခုတ်ခံရသဖြင့် လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ဖြစ်စဉ် (၉)မှာ ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီခန့်တွင် အကြမ်းဖက်တိုက်ခိုက်သူများဟု ယူဆရသူ ၁၇ ဦးခန့်က ရွာအတွင်း သေနတ်နှစ်ချက်ပစ်ဖောက်ကာ သဝန်ချောင်းမြောက်ရွာနေ ဟာဘီရော်မာန်အား ဖမ်းဆီးသွားကြောင်း၊ ထို့နောက် ဒီဇင်ဘာ ၁၆ ရက်တွင် သဝန်ချောင်းကျေးရွာနေ ကာလာဗော်တာထံသို့ မော်လဝီဇူပိုင်ဆိုသူက ဖုန်းဖြင့်ဆက်သွယ်ကာ ဟာဘီရော်မန် ဖမ်းဆီးခံရမှုကို တပ်နှင့် ရဲထံ သတင်းပေးမှုအပေါ် မကျေနပ်၍ ၄င်းနှင့် မိသားစုအား ဖမ်းဆီး သတ်ဖြတ်ပစ်မည်ဟု ဖုန်းဖြင့်ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သိရကြောင်း၊ ဖြစ်စဉ် (၁ဝ)မှာ ဒီဇင်ဘာ ၂၁ ရက်တွင် သတင်းထောက်များ၏ မေးမြန်းချက်အား ဖြေကြားခဲ့သူ ငါးခူရ (အလယ်) ရွာနေ ကျေးရွာစာကြည့်တိုက်မှူး ဒုစ်မာမတ် (ခ) ရူနာမျာအား ဒီဇင်ဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီတွင် ဦးခေါင်းမပါ၊ ဝဲနှင့်ယာပေါင်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့ရကြောင်း ထိုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဖြစ်စဉ် (၁၁)မှာ ဒီဇင်ဘာ ၂၅ ရက် ည ၉ နာရီခန့်တွင် ရေတွင်းကျွန်း ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးစာရေး ရော်ဖီအား ဝမ်းဗိုက်ထိုးသွင်း၊ လည်ပင်းထိုးသွင်း၊ လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ ဖြစ်စဉ် (၁၂) မှာ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းတွင် မောင်တော မြို့နယ် ဝက်ကျိန်း (မြောက်) ရွာနေ ရာအိမ်မှူးဟောင်း ဆီရာဇူဟွတ်အား ပျောက်ဆုံးနေရာမှ ပြူးမချောင်းဘေး မြေနုကျွန်းပေါ်တွင် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဖြစ်စဉ် (၁၃)မှာ ဇန်နဝါရီ ၂ ရက် တွင် တူရာတူလီရွာမှ ရာအိမ်မှူး လားလူသည် ဒီဇင်ဘာ ၃ဝ ရက်တွင် မင်းကြီး ကျေးရွာမှ ရာအိမ်မှူး ဦးလှထွန်းကို ပြန်လည်ပို့ဆောင်ရာမှ နေအိမ်သို့ မရောက်ရှိဘဲ ပျောက်ဆုံးလျက်ရှိသည်ကို သိရှိရကြောင်း၊ ဖြစ်စဉ် (၁၄)မှာ ဇန်နဝါရီ ၂ ရက်တွင် လင်ဘာကုန်းနားကျေးရွာနေ ဆွေဒူအာမီ (၃ဝ) နှစ်သည် ငါးစားကြူးချောင်းဘက်သို့ ငါးရှာသွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ မိသားစုများက လိုက်လံရှာဖွေရာ ဇန်နဝါရီလ ၂ ရက်နေ့တွင် ချောင်းစပ်မှ လည်ပင်းလှီးဖြတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment