Thursday, December 1, 2016

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဂျပန်စတိုင် ၁ဝ ပြားဈေးရောင်းပွဲတော်ကျင်းပမည်


Image may contain: crowd, outdoor and one or more people
ရန်ကုန် နိုဝင်ဘာ ၃ဝ
မြန်မာ-ဂျပန်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (Myanmar-Japan SEDA) မှ ကျင်းပသော ဂျပန်စတိုင် ၁ဝ ပြား ဈေးရောင်းပွဲ (FLEA Market)ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် (Natural World ဝင်ပေါက်အနီး)တွင် ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
''ဂျပန်စတိုင် ၁ဝ ပြားဈေးဆိုတာ ဂျပန်နိုင်ငံ ရောက်ဖူးသူတိုင်း သိပါတယ်။ အင်္ဂလိပ်လို FLEA Market လို့ ခေါ်တယ်။ ဂျပန်ရောက်မြန်မာတွေကတော့ ၁ဝ ပြားဈေးလို့ သတ်မှတ်ခေါ်ကြတယ်။ အသုံးမလို တော့တဲ့ပစ္စည်းတွေ မသုံးရသေးဘဲ ပိုလျှံတဲ့ပစ္စည်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းတဲ့ဈေးပါ။ ဂျပန်မှာက ယဉ်ကျေးမှုသဘောနဲ့ အပတ်စဉ်ရောင်းကြတယ်။ ဒီမှာစမ်းလုပ်ကြည့်တာအောင်မြင်ရင် နှစ်လတစ်ကြိမ်လောက် ဆက်လုပ်သွားမယ်''ဟု မြန်မာ-ဂျပန်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးအေးကိုကိုက ပြောသည်။
အဆိုပါဈေးတွင် ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိ သူများမှ ဂျပန်လူသုံးကုန်ပစ္စည်းများကို ရောင်းချသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ လူသုံးကုန်ပစ္စည်းများကို ဆိုင်ခန်း ၅ဝ မှ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဈေးရောင်းပွဲတော်တွင် ဈေးနှုန်းများကို ငွေကျပ် ၁ဝဝ မှစ၍ တစ်သိန်းထက်မကျော်သော ဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်သည်။
ထို့အပြင် ဈေးရောင်းပွဲတော်တွင် ဂျပန် Yu Kata အလှဝတ်ဆင်ဓာတ်ပုံရိုက်ခြင်း၊ Sushi စာရင်း ကံစမ်းမဲများ ဖောက်ခြင်းတို့ပါဝင်ပြီး ကမာကူရဘုရားမဲများကို နံနက် ၁၂ နာရီတွင် တစ်ကြိမ်၊ ညနေ ၄ နာရီတွင် တစ်ကြိမ် မဲဖောက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဆိုင်ခန်းများမှ လှူဒါန်းသည့် အလှူငွေများကို အသင်း၏ ပရဟိတလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
(ဇာနည်မောင်)

No comments:

Post a Comment