Thursday, November 3, 2016

ဦးရွှေမောင်နှင့် အပေါင်းပါများကတော့ ဝန်ခံမှုမရှိ ငြင်းဆိုနေဆဲဖြစ်သည့် မောင်တောဒေသ၏ အမှန်တရားအကြောင်း


The Mirror Daily's photo.
သတင်းဆောင်းပါး - ဖိုးဆွေ
''အောက်တိုဘာလ ၉ ရက် ည ၁ နာရီ ၁၅ မိနစ်က စပြီးတော့ ပစ်ခတ်သံတွေကြားတယ်။ အဲဒီမှာ ကျွန်မတို့လည်း တစ်ညလုံးမအိပ်ရဘူး။ ပစ်ခတ်သံတွေကြားတော့ ကြောက်လန့်ပြီး နေနေရတယ်။ အဝေးကိုလည်း ထွက်မပြေးရဲဘူး။
ကျည်ခွံတွေ အများအပြားတွေ့
''ဝါးပိတ်ဆိုတဲ့ရွာမှာ ဝင်စီးတယ်လို့ ကြားပါတယ်။ ရွာနီးချင်းတွေမို့လို့ အဲဒီ အစ္စလာမ်ဘာသာဝင်တွေနေတဲ့ ရွာတွေက တချို့ကပြောပါတယ်။ ဝါးပိတ်ရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ကျည်ခွံတွေ အများအပြား တွေ့တယ်လို့ ပြောပါတယ်။ တပ်မတော်က ဝါးပိတ်ရွာကို ဝင်ရောက်ရှင်းလင်းတဲ့အခါမှာ ရွာသူ ရွာသားတွေက ထွက်ပြေးကြသလို ပစ်ခတ်မှုတွေဖြစ်ကြတယ်။ လက်ရှိအချိန်မှာတော့ အဲဒီမှာ ဘာမှမဖြစ်တော့ ဘူးလို့ကြားတယ်''ဟု မောင်တောမြို့နယ် အောင်မင်္ဂလာ ကျေးရွာမှ မမြထွေး၏ စကားသံကို ကြားယောင်မိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံးများသို့ အကြမ်းဖက်သမားများက အလစ်အငိုက်ရယူ၍ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုများ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက လုပ်ဆောင်ခဲ့သည့် အခြေအနေကို မမြထွေးက သူသိသလောက် ပြောပြနေခြင်းဖြစ်သည်။
မမြထွေးတို့မိသားစု ကြောက်ရွံ့ထိတ်လန့်မှုကြောင့် မောင်တောမှတစ်ဆင့် စစ်တွေကယ်ဆယ်ရေးစခန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ မမြထွေးက ''စစ်တွေကယ်ဆယ်ရေးစခန်းမှာ အစစအရာရာ အဆင်ပြေပါတယ်။ ကျွန်မတို့လို ဒုက္ခသည်တွေကို စားရေးသောက်ရေး၊ ကျန်းမာရေးကအစ အကူအညီပေးတဲ့အတွက် ပူပင်စရာမရှိပါဘူး။ အခုတော့ စစ်တွေကယ်ဆယ်ရေးစခန်းကနေ မောင်တောမှာ ရှိတဲ့ ကယ်ဆယ်ရေးစခန်းကို ပြန်နေပါပြီ''ဟု ဆက်ပြောပြသည်။ သူ့မျက်နှာမှာတော့ စိုးရိမ်သောကရိပ်တချို့ကို မြင်ရဆဲဖြစ်သည်။
ပြတ်သားစွာ အရေးယူသွားမည်
မောင်တောခရိုင်အတွင်း နယ်မြေရှင်းလင်းရေးကို တရားဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ရည်မှန်းချက်သုံးရပ်ဖြင့် ဆောင်ရွက်နေပြီး ပထမတစ်ချက်မှာ အကြမ်းဖက်တိုက်ခိုက်သူများ လက်ထဲပါသွားသည့် လက်နက်များ ပြန်ရရှိရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ရပ်/ကျေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒုတိယတစ်ချက်မှာ လက်နက်ကိုင်တိုက်ခိုက်မှုများဖြစ်ပွားရာတွင် ကိုယ်တိုင်ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ပြီး တရားဥပဒေနှင့်အညီ ပြတ်သားစွာ အရေးယူသွားမည် ဖြစ်ကြောင်း၊ တတိယတစ်ချက်မှာ တိုက်ခိုက်သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့သူများကို စစ်ကြောမှုတွေအရ ဖော်ထုတ်ပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးအဖွဲ့ပေါင်းစုံ ပူးပေါင်းဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောပြသည်။ ဒါက မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းမဆို ပြစ်မှု ကျူးလွန်သူကို ပြစ်ဒဏ်ပေးရန် လုပ်ရစမြဲ ထုံးစံဖြစ်သည်။ နိုင်ငံတကာ စံနှုန်းတွေအတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် တရားမျှတ မှန်ကန်မှုရှိမည်မှာ ဘာမှစောဒက တက်စရာမရှိ။
ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ရှစ်ဦး၏ အလောင်းများ ရရှိခဲ့ပြီး နှစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်။
အကြမ်းဖက်သမားများက မောင်တောခရိုင်အတွင်း လှည့်လည်သွားလာ၍ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လာခဲ့ရာ တပ်မတော်တပ်ရင်းတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရာ ဒေသများတွင် နယ်မြေရှင်းလင်းမှုဆိုင်ရာ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် မကြာခဏ ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အောက်တိုဘာ ၁၄ ရက် သတင်းထုတ်ပြန်ချက်အမှတ် (၁/၂ဝ၁၆) တွင် ဖော်ပြထားသည်။
အချိန်ယူကာ စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့
ထို့ပြင် ဖမ်းဆီးရမိသော အကြမ်းဖက်သမား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အကြမ်းဖက်သမားနှစ်ဦးတို့ကို ပဏာမစစ်ဆေးဖော်ထုတ်ချက်အရ ယခုဖြစ်စဉ်သည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပအကြမ်းဖက်အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးမှု၊ ကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း၊ ယခုဖြစ်စဉ် သည် ၎င်းဒေသတွင် အများစုရောက်ရှိနေထိုင်လျက်ရှိသော အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖက်ဝါဒ တိုးမြင့်လာစေရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မောင်တောဒေသကို ခြေကုပ်ယူ၍ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်းဖြစ်ပြီး အရှေ့ အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုးမှု အလုံးအရင်း ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သော မောင်တောဒေသတွင် လှုပ်ရှားသည့် အကာလ်မူလ် မူဂျာဟီဒင်န်အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် အတိအလင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေ့ကပင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့ပြီးတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီသာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းများ ထုတ်ပြန်ထားပြီးဖြစ်သည်။
အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်
ယခုဖြစ်စဉ်သည် သာမန်အကြမ်းဖက်လုပ်ရပ်မျှသာ မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်ကြောင်း အားလုံးက သုံးသပ်ကြသည်။
ယနေ့ နံနက်ပိုင်းက ထုတ်လွှင့်ခဲ့သည့် VOA မြန်မာပိုင်း တိုက်ရိုက်လေလှိုင်း အစီအစဉ်တွင် ယခင် ဘူးသီးတောင် လွှတ်တော်အမတ်ဖြစ်သူ ဦးရွှေမောင်က မြန်မာ့တပ်မတော်၊ နယ်ခြားစောင့် ရဲအပါအဝင် အခြား ရခိုင်လူငယ်များက အစ္စလာမ်ရွာများကို မီးရှို့ခြင်း၊ အမျိုးသမီးများကို အနိုင်အထက်ပြုကျင့်ခြင်း၊ ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ အသက်ကြီးတာ ငယ်တာမရွေးဘဲ တရစပ်ပစ်ခြင်းများ ပြုလုပ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။
၎င်းသည် လက်ရှိ ဝါရှင်တန်ဒီစီတွင် ရောက်ရှိနေပြီး မြန်မာသံရုံးရှေ့ ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်နေသည်ဟု သိရသောအခါ ပြည်ပမီဒီယာများက ဖော်ပြနေသည့် မောင်တောဒေသစစ်ဆင်ရေးအတွင်း ဒေသခံအရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေသည်၊ ရွာမီးရှို့မှု များလုပ်နေသည်ဟူသော စွပ်စွဲချက်များမှာ ဘယ်လိုစည်းကိုက်ဝါးကိုက်ဆောင်ရွက်နေခြင်းဖြစ်သည်ကို အားလုံးက သဘောပေါက်ကြသည်။
သတိကြီးစွာ ထားနေရ
''အခုဖြစ်သွားတဲ့ကိစ္စက နံပါတ်တစ်အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်ထောင်စုကြီးရဲ့အရေးကို ထိခိုက်တဲ့ ထိပါးမှုတစ်ခုပဲလို့ ပြောချင်ပါတယ်''ဟု ANP ရခိုင်အမျိုးသားပါတီမှ ဦးထွန်းအောင်ကျော်က ဦးရွှေမောင် နှင့်အတူ VOA ၏ မောင်တောအရေးနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးကြစဉ် ရှင်းရှင်းပြတ်ပြတ်ပြောခဲ့သည် ကို ကြားရသည်။
''အခု ဌာနချုပ်တွေနဲ့ ကင်းစခန်းတွေကို ဝင်စီးပြီး လက်နက်အမြောက်အမြားနဲ့ ကျည်ဆန်ပေါင်းသောင်းနဲ့ ချီ ပါသွားတယ်။ လူ့အသက်တွေ ဆုံးရှုံးတယ်။ ဒါပေမယ့် ဒီနေ့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်ဟာ အင်မတန် နူးညံ့တဲ့ဘက်နဲ့ ကိုင်တွယ်နေတယ်။ သတိကြီးစွာ ထားနေရတယ်လို့ ကျွန်တော်တို့ ခံစားရတယ်''ဟု သူ၏အမြင်ကို သုံးသပ် ပြောကြားထားသည်။
ဦးရွှေမောင်ကတော့ ထုံးစံအတိုင်း လုံခြုံရေး ပျော့လျော့စွာ ကိုင်တွယ်သည်ဆိုခြင်းကို သဘောတူခြင်းမရှိ။ အောက်တိုဘာ ၉ ရက်က ဖြစ်စဉ်နှင့် ပတ်သက်၍ ယုတ္တိ ယုတ္တာရှိစွာ သုံးသပ်ပြီး မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ တစ်ဦးအနေဖြင့် နယ်မြေအချုပ်အခြာအာဏာကို စတင်ထိပါးစော်ကားခဲ့ကြခြင်း၊ RSO အဖွဲ့၏ ကျူးလွန်မှုကို ပြစ်တင်ခြင်း၊ ဝန်ခံခြင်း၊ နောင်မလုပ်အောင် ပြင်းပြင်းထန်ထန် တားဆီးသွားမည်ဖြစ်ကြောင်း တစ်လုံးတစ်ပါဒမှ ပြောကြားသွားခြင်းမရှိသည်မှာ အံ့သြဖွယ်မဟုတ်သော်လည်း သူတို့၏စိတ်ထားနှင့် ယုံကြည်ချက်က ထူးဆန်းသည်။ အိမ်ရှင်ကို ဧည့်သည်က မစော်ကားရဟူသည့် ကျင့်ဝတ်ကို လူတိုင်းနားလည်လက်ခံသော်လည်း သူတို့တွင် ထိုသို့မရှိ။ တစ်ဦးချင်းအကျိုး၊ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ မြို့ရွာအကျိုး၊ လူမျိုးအကျိုးထက် နိုင်ငံ့အကျိုးကို ဆောင်ရွက်သင့်သည့် ကျင့်ဝတ်ကိုလည်း နားမလည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်က အပြစ်မရှိ အပြစ်ရှာ၊ အလကားနေ အလကား နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေခြင်းမဟုတ်ဘဲ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သည့်အတွက် မိမိကိုယ်ကို ကာကွယ် ပိုင်ခွင့်အရ လှုပ်ရှားဆောင်ရွက်နေခြင်း၊ တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်ကို အခြားသော ဝေဖန်သုံးသပ်သူများကတော့ သိသည်။ မြင်သည်။ သုံးသပ်ပြောကြားနိုင်စွမ်းလည်း ရှိသည်။
သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ''စဖြစ်ဖြစ် ချင်းတုန်းကတည်းက အားလုံးသတိထားမိကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့မှ အစည်းအဝေး ခေါ်တယ်။ ချက်ချင်းခေါ်တယ်။ ခေါ်ပြီးတော့မှ တရား ဥပဒေစိုးမိုးရေးကို သေချာလုပ်ဖို့ဆိုပြီးတော့မှ မှာတာတွေရှိတယ်။ ပြောချင်တဲ့ သဘောက တစ်ဖက်က အကြမ်းဖက်လို့ဆိုပြီးတော့မှ တပ်မတော်တို့၊ ရဲတပ်ဖွဲ့တို့ ဒီအာဏာပိုင်ဘက်ကနေ ပြန်ပြီးတော့ အကြမ်းဖက်တာတွေ မဖြစ်အောင် စကတည်းက သေချာကိုလုပ်တယ်။ ပြီးတော့မှ ပြန်ကြားရေးဝန်ကြီးပါတဲ့အဖွဲ့တွေ လွှတ်ပြီးတော့ နေရာတကာ ရောက်အောင်သွားပြီး လူမျိုးရေးပဋိပက္ခတွေ မဖြစ်အောင် ထိန်းတယ်။ အဲဒီတော့ လုပ်တဲ့ဟာတွေကို ကြည့်လိုက်တဲ့ အခါကျတော့ ဖမ်းမိတဲ့သူတွေရှိတယ်။ ရှိသမျှ အကုန်လုံးကို ကျွန်တော်နားလည်သလောက် တရားရုံးကို ပို့နေတယ်။ အဲဒီအချိန်မှာ အဲဒီက သက်ဆိုင်ရာရဲတပ်ဖွဲ့ အာဏာပိုင် တွေကလည်း ပြောတယ်။ ကျွန်တော်တို့ ဒီလူတွေ အကုန်လုံးကို တရားရုံးကို တရားစီရင်ရေးအောက်ကို ပို့နေတယ်၊ အဲဒီတော့ ICRC လိုမျိုး အချိန်မရွေး လာစစ်ဆေးရင်လည်း ရပါတယ်ဆိုပြီးတော့မှ ပြောတာတွေ ရှိတယ်။ ဒီတော့ ဒါအရင်တုန်းကနဲ့မတူဘူး။ ၂ဝ၁၂ တုန်းကနဲ့လည်း မတူဘူး။
''တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အစိုးရရဲ့ ညွှန်ကြားချက် အောက်မှာ ဥပဒေထိန်းသိမ်းရေးကို အတော်လေးလုပ်နေတယ်လို့ ကျွန်တော် နားလည်တယ်။ သတင်းတွေကိုလည်း အဆက်မပြတ်စောင့်ကြည့်နေတယ်။ ဒါပေမယ့် ဒီလိုပြောလိုက်လို့ တစ်ချိန်တည်းမှာ ကျွန်တော်တို့ တပ်မတော်ဘက်က၊ ရဲတပ်ဖွဲ့ဘက်က လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်၊ မရှိဘူး ဒီလိုတော့ ယတိပြတ်ပြောလို့ မရဘူး။ တစ်ဖက်က ဘာပြန်ရှိသလဲဆိုတော့ ဒီလူတွေ အသိုင်းအဝိုင်းကနေပြီးတော့ စွပ်စွဲနေတဲ့ဟာတွေက ကျွန်တော်တို့ လည်း သတင်းတွေ ရနေတယ်။ ဒါပေမယ့် ဒါတွေက စွပ်စွဲချက်တွေသက်သက်ပဲ။ ခိုင်လုံတဲ့သတင်းအချက်အလက် တွေနဲ့ ထွက်ပေါ်လာတာမရှိဘူး''ဟု အဆိုပါ VOA အစီအစဉ်တွင် သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။
ဦးရွှေမောင်ကတော့ ''ကမ္ဘာပေါ်မှာ ကိုယ့်အိမ်ကို မီးရှို့တဲ့သူ လုံးဝမရှိပါဘူး''ဟု ငြင်းဆိုနေဆဲ ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်ကလည်း ခိုင်မာသောသက်သေများနှင့် မိမိတို့ အိမ်များကို ကောက်ရိုးထုံးများတင်၍ မီးရှို့ကြောင်း သက်သေသာဓကနှင့် အခိုင်အမာပြောဆိုရှင်းလင်းချက်ကိုလည်း ယခုအထိ ငြင်းဆိုနေဆဲ ဖြစ်သည်။
ANP ရခိုင်အမျိုးသားပါတီမှ ဦးထွန်းအောင်ကျော်က ''ကျွန်တော်ကတော့ မြေပြင်အခြေအနေကိုပဲ ပြောချင်ပါတယ်။ အခုကြည့်၊ အကြမ်းဖက်တဲ့သူတွေကို ဖမ်းမမိသေးဘူး။ အဲဒီလူတွေက ရွာထဲတွေမှာ ခိုအောင်းနေတယ်။ ရွာတစ်ရွာကို လုံခြုံရေးအဖွဲ့တွေ ရဲတို့၊ တပ်တို့ သွားတဲ့ အချိန်မှာ ကိုယ့်အသက်၊ သူ့အသက်လုရတဲ့ အခြေအနေမျိုးမှာ အဲဒီအချိန်မှာ မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်တဲ့အခြေအနေပေးမှာလား။ အခုစွပ်စွဲတာတွေဟာ အခြေအမြစ်လုံးဝမရှိဘူးလို့ ကျွန်တော့်အနေနဲ့ပြောနိုင်တယ်'' ဟုဆိုခဲ့သည်မှာ ရှင်းလင်းလွယ်ကူသော အမြင်၊ လယ်ပြင်တွင် ဆင်သွားသလို ရှင်းလင်းလှသောအမြင်ဟု ဆိုချင်ပါကြောင်း။

No comments:

Post a Comment