
ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး၌ ယနေ့မွန်းလွဲပိုင်းက ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ မှုမရှိကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုမှာ ဒဂုံမြို့နယ် (တောင်ပိုင်း)မြို့နယ် (၆၄)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး အတွင်း ရုံးအနောက်ဘက်ရှိ သန့်စင် ခန်းအတွင်း ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ ခန့်က ၂ မိနစ်ခြား သုံး ကြိမ်နှင့် သန့်စင်ခန်းအပြင်ဘက်ရှိ အမှိုက်ပုံးတွင် တစ်ကြိမ် စုစုပေါင်း လေးကြိမ် အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် ထိခိုက်သေဆုံး ဒဏ်ရာရမှုမရှိကြောင်း သိရသည်။
''ပေါက်ကွဲတဲ့ အသံတော့ကြား တယ်။ ဒါပေမယ့် ဒီနေရာကစက်မှုဇုန် ဆိုတော့ ပစ္စည်းတွေအတင်အချလုပ် နေရင်းနဲ့ အသံထွက်တယ်လို့ပဲထင် နေတာ။ ပြီးမှပေါက်ကွဲမှုဖြစ်တယ် ဆိုတာသိရတယ်။ သုံးကြိမ်လောက် ပေါက်ကွဲတဲ့ အသံတော့ ကြားမိတယ်။ အသံကတော့ သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ နာရီဝက်လောက်ကြာ ပြီးမှ ပေါက်တဲ့ အသံကတော့ နည်းနည်း ပိုကျယ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ရောက်လာပြီး ရှာဖွေမှုတွေ လုပ်နေ တာတွေ့ရတယ်။ ကျွန်တော်တို့ကို လည်း ဝေးဝေးမှာရှောင်နေဖို့ သတိပေးတယ်။ သူတို့ရှာနေတုန်းမှာပဲ နောက် တစ်ကြိမ်ပေါက်ကွဲတဲ့အသံ ကြားလိုက် ရသေးတယ်''ဟု အဆိုပါရုံး၏ အောက်ထပ်ရှိ မော်တာနှင့်လျှပ်စစ် ပစ္စည်းဆိုင်မှ ဆိုင်ရှင်ဦးမောင်ဦးက သူ၏ အတွေ့အကြုံကို ပြောသည်။
ဖြစ်စဉ် ဖြစ်ပွားရာသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ နယ် မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များက ရှင်းလင်းစစ်ဆေးစဉ် ၄င်းနေရာအနီး၌ M-150 အချိုရည် ပုလင်းဖြင့် ပြုလုပ်ထားသည့် မိုင်းတစ် လုံးအား ရှာဖွေတွေ့ရှိသဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
''အားလုံးပေါင်း အသေးစား ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ပါ တယ်။ ၁ နာရီ မိနစ် ၂ဝနဲ့ မိနစ် ၄ဝ ကြားမှာ ဖြစ်သွားတာပါ။ အချိုရည် ပုလင်းကနေတစ်ဆင့် ပေါက်ကွဲမှု ဖြစ်တာပါ။ အဲဒီနောက်ပိုင်းမှာတော့ သက်ဆိုင်ရာက ရှာဖွေမှုတွေ လုပ်တဲ့အခါမှာ မပေါက်ကွဲသေးတဲ့ အချိုရည်ပုလင်းတစ်လုံး ထပ်တွေ့လို့ ဖောက်ခွဲဖျက်ဆီးလိုက်ရပါတယ်''ဟု အဆိုပါဖြစ်ပွားမှုကို လာရောက် စစ်ဆေးနေသည့် နယ်မြေခံ ရဲအရာရှိ တစ်ဦးက ပြောသည်။
ယင်းပေါက်ကွဲမှုဖြစ်စဉ်သည် နိုဝင် ဘာ ၁၈ ရက် ညပိုင်းတွင် မရမ်းကုန်း မြို့နယ်ရှိ Ocean Center တွင် ပေါက်ကွဲခဲ့သည့် အသေးစား ပေါက်ကွဲမှုသုံးကြိမ်နှင့် နိုဝင်ဘာ ၂ဝ ရက် ညပိုင်းတွင်း ဒေါပုံမြို့နယ် Capital Hypermarket ၌ ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှုလေးကြိမ်တို့နှင့် ဖြစ်စဉ်တူညီမှုရှိကြောင်း ကနဦးသိရှိရ သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment