
ယနေ့အချိန်ကာလတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ၏ ကြီးမားသော မျှော်လင့်ချက်မှာ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးပင်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းခြင်း၏ အကျိုးရလဒ်ကို သိရှိနားလည်ထားပြီး ဖြစ်ကြသော ပြည်သူလူထု၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရန် အချိန်တန်ပြီဖြစ်သည်။
လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများမှာ နှစ်ပေါင်း ၇ဝ ခန့်ရှည်ကြာခဲ့ရာ ထာဝရငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်း၏ အကျိုးဆက်အဖြစ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းက သက်သေပြလျက်ရှိသည်။ ထိုမျှသာမက နယ်စပ်ဒေသ အချို့မှ တိုင်းရင်းသားပြည်သူများ စစ်ဘေးဒုက္ခကြုံတွေ့နေရမှုများက လည်း စိတ်မချမ်းမြေ့စရာပင်။
နိုဝင်ဘာ ၂ဝ ရက်မှသည် ပြီးခဲ့သည့်ရက်များက ရှမ်းပြည်နယ် အရှေ့မြောက်ဒေသအချို့တွင် KIA, TNLA, MNDAA လက်နက်ကိုင် အဖွဲ့များက လုံခြုံရေးစခန်းများနှင့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်း များသို့ ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ထိုတိုက်ခိုက်မှုများကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက အပြစ်မဲ့အရပ်သားပြည်သူများပါ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိခဲ့သည်ကို ဝမ်းနည်းဖွယ်ကြားသိခဲ့ရသည်။
ငြိမ်းချမ်းရေးနှင့်ဝေးကွာခဲ့ရသော မြန်မာနိုင်ငံတွင်ပြည်သူများ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တခဲ့ရသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်ကာ (၂၁)ရာစု ပင်လုံဟုခေါ်တွင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို ပြည်ထောင်စုစိတ်ဓာတ်နှင့် အားလုံးပါဝင်ခွင့်ရရှိစေနိုင်သည့် မူဝါဒများကို အခြေခံကာ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ငြိမ်းချမ်းရေး ခရီးလမ်းကို အဟန့်အတားဖြစ်စေနိုင်သော လုပ်ရပ်များကိုလုပ်ဆောင်လိုက် ခြင်းသည် ပြည်သူများ၏မျှော်လင့်ချက်များ ဝေးကွာလွင့်ပါးသွားနိုင်ပါသည်။
ပြည်သူများ လိုလားတောင့်တပြီး မျှော်လင့်နေကြသော ပန်းတိုင်သို့ လျှောက်လှမ်းပါမည်ဆိုလျှင် ထိုကဲ့သို့ လက်နက်ကိုင်တိုက်ခိုက်ခြင်းနည်းဖြင့် ရောက်ရှိလိမ့်မည်မဟုတ်ချေ။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခဲ့ ကြခြင်းကြောင့်သာ ပြည်တွင်းစစ်ရှည်ကြာလာကာ နိုင်ငံနှင့်တိုင်းရင်းသား ပြည်သူများမှာ ဆိုးကျိုးများကို ယခုထက်ထိ ခံစားနေကြရပြီး အခြားနိုင်ငံ များထက် နောက်ကျကျန်ရစ်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ရခြင်း၊ ထာဝရငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခြင်း အကြောင်းအရင်းမှာ အခြေခံကျသည့် နိုင်ငံရေးပြဿနာများကို ဆွေးနွေးညှိနှိုင်း၍ အပေး အယူ၊ အလျှော့အတင်းများပြုလုပ်ကာ ဘုံသဘောတူလက်ခံနိုင်သည့် ဖြေရှင်းချက်များ၊ ရလဒ်များ မရှာဖွေနိုင်ခြင်းကြောင့်ဖြစ်ရာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည်ဆိုပါက နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် စုပေါင်းအဖြေရှာနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တိုင်းရင်းသား ပြည်သူအားလုံးအကျိုးအတွက် အားကြိုးမာန်တက် ပြင်ဆင်ဆောင်ရွက် နေသည်ကို တွေ့ရပါသည်။ ပြည်သူများမျှော်လင့်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများကို အာရုံစိုက်ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ပြည်သူများနေထိုင်ရာဒေသများအား တိုက်ခိုက်မှု များကို ရှောင်ရှားကြရမည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူများ မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေး ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရေးအတွက် လက်နက်ကိုင် တိုက်ခိုက်မှုများကို စွန့်လွှတ်ကာ တိုင်းရင်းသားပြည်သူများနှင့်အတူ မကြာမီလျှောက်လှမ်းတော့မည့် ငြိမ်းချမ်းရေးခရီးလမ်းတွင် အတူပါဝင် လျှောက်လှမ်းကြရန် တိုက်တွန်းပါသည်။ ။
No comments:
Post a Comment