Saturday, October 1, 2016

နယူးယောက်မြို့ ဟိုဘိုကန်ဘူတာရုံတွင် ခရီးသည်တင်ရထား ဘူတာရုံကိုဝင်တိုက်



No automatic alt text available.
နယူးယောက် စက်တင်ဘာ ၃ဝ
စက်တင်ဘာ ၃ဝ ရက်နံနက်ပိုင်း လူစည်ကားချိန်၌ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် နယူးယောက် မြို့တော်ရှိ ဟိုဘိုကန်ဘူတာရုံတွင် ခရီးသည်တင်ရထား တစ်စင်းက ဘူတာရုံကိုဝင်တိုက်ခဲ့ရာ ခရီးသည်တစ်ဦး သေဆုံးခဲ့ပြီး ၁၁၄ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းများအရသိရသည်။
အမေရိကန်ယာဉ်စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်များက အဆိုပါရထားမောင်းနှင်သူအား စစ်ဆေးမေးမြန်းမှု များပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ အမျိုးသားပို့ဆောင် ရေးလုံခြုံဘေးကင်းရေးအဖွဲ့ တာဝန်ရှိသူများက ရထားမောင်းနှင်လာသည့်အရှိန်၊ ဘရိတ်ကောင်းမွန်မှုရှိ၊ မရှိနှင့် အခြားသော မီးရထားဆိုင်ရာ အချက်အလက်များအပြင် မီးရထားမောင်းနှင်သူ ထိုင်ခုံဘေးရှိ မှတ်တမ်းတင်ထား သောပုံရိပ်များကို အသေးစိတ် စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ စစ်ဆေးမှုများပြုလုပ်ရာတွင် ခုနစ်ရက်မှ ၁ဝ ရက်ခန့် အချိန်ယူရမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။
အဆိုပါရထားသည် ဘူတာရုံသို့ ဝင်ရောက်လာသော်လည်း အရှိန်သတ်မှုမရှိခဲ့ကြောင်း ခရီးသွားပြည်သူများက စုံစမ်းစစ်ဆေးသူများအား ပြောကြားခဲ့သည်။ အသက်(၄၈)နှစ်အရွယ် ရထားမောင်းသူမှာ ၁ဝ နှစ်ကျော် ရထားမောင်းအတွေ့အကြုံရှိပြီး မည်သည့်မတော်တဆမှုမျှ ကြုံတွေ့ခဲ့ခြင်းမရှိသေးကြောင်း အမေရိကန်မီဒီယာများက ဆိုသည်။ အခင်းဖြစ်ပွားပြီးနောက် ရထားမောင်းသူတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
၂ဝ၁၁ ခုနှစ်က ဟိုဘိုကန်ဘူတာရုံတွင် အလားတူ အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ပွားမှုတွင် အနည်းဆုံးလူ ၃ဝ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
၂ဝ၁၈ ခုနှစ်နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ မီးရထားများတွင် ရထားများ ဘေးကင်းရေးစနစ်တစ်ခု တပ်ဆင်ရန် မီးရထားအင်ဂျင်နီယာများက စီစဉ်လျက် ရှိသည်။ အဆိုပါစနစ်သည် မီးရထားမတော်တဆမှုနှင့် ရင်ဆိုင်ရပါက အလိုအလျောက် အရှိန်ကိုလျှော့မည်ဖြစ်ပြီး မီးရထားကို ရပ်တန့်သွားစေမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment