Saturday, October 1, 2016

ပြည်သူလူထု၏ ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီအတွေး



Image may contain: text
ကိစ္စရပ်တိုင်း၌ စိတ်ကသာ ဦးဆောင်သည်ဟူသော အတွေးအခေါ်သည် အငြင်းပွားစရာမရှိသော အတွေးအခေါ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအုတ်မြစ်တို့ကို ခိုင်မာသည်ထက်ခိုင်မာစေရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိသော ပစ္စုပ္ပန်မျက်မှောက်ကာလ၌ ပြည်သူလူထု၏ စိတ်(ဝါ)အတွေးအခေါ်သည် ဒီမိုကရေစီစနစ်၏ ကြန်အင်လက္ခဏာတို့နှင့် အံဝင်ခွင်ကျ လိုက်လျောညီထွေဖြစ်စေရေးသည် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ၁၉၉ဝ ရွေးကောက်ပွဲ၌လည်းကောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲ၌ လည်းကောင်း တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ဒီမိုကရေစီရေး သန္နိဋ္ဌာန်ကို ထင်ထင်ရှားရှားတွေ့ခဲ့ရပြီးဖြစ်ပါသည်။ သို့သော် တိုင်းပြည်၏ကိစ္စရပ်တို့ကို ဒီမိုကရေစီအတွေး၊ ဒီမိုကရေစီစိတ်ဓာတ်တို့ဖြင့် ချဉ်းကပ် ဆောင်ရွက်ရာ၌မူ လိုအပ်ချက်များစွာ ရှိနေသေးသည်ဟုယူဆပါသည်။
ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီအတွေးဟူသည် ပြည်သူလူထုက မိမိတို့ရပ်ရွာအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့အသိစိတ်ဓာတ်ဖြင့် လက်တွဲဝိုင်းဝန်းဆောင် ရွက်ကြခြင်းဖြစ်ပါသည်။ ပြည်သူလူထု၏ ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီ အတွေးတို့ ပြန့်ပွားရေးလှုံ့ဆော်ဆောင်ရွက်ရာ၌ ပြည်သူတို့၏ အသိအမြင်ကို ပြောင်းလဲပေးမည့်အချက်အလက် ဗဟုသုတတို့ ဖြည့်ဆည်း ပေးရေးသည် အရေးကြီးသော အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ဥပမာအနေဖြင့် အော်ဂဲနစ်သီးနှံတို့အကြောင်းကို တင်ပြလိုပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှား၌ အော်ဂဲနစ်သီးနှံတို့၏ ဈေးကွက်သည် ပိုမိုကျယ်ပြန့်လာနေပြီး ကမ္ဘာ့ပြည်သူတို့က ကျန်းမာရေးအန္တရာယ် ကင်းရှင်းသော အော်ဂဲနစ်သီးနှံတို့ကို ပိုမိုဈေးကြီးပေး ဝယ်ယူစားသုံးကြရန် အဆင်သင့်ရှိနေကြပါသည်။ အော်ဂဲနစ်သီးနှံတို့၏ ဈေးကွက်အလား အလာ၊ သဘာဝဓာတ်မြေသြဇာ ပြုလုပ်နည်းကဲ့သို့သော ဗဟုသုတ အချက်အလက်တို့ကို ကျေးလက်တောရွာများအထိ ရောက်ရှိနိုင်သော FM ရေဒီယိုကဲ့သို့သော မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပေးနိုင်ပါက ကျေးလက်ပြည်သူတို့အနေဖြင့် အော်ဂဲနစ်သီးနှံစိုက်ပျိုးရေးကို စိတ်ဝင်စားဆောင်ရွက်လာကြမည်ဖြစ်ပါသည်။ ကျေးလက်ပြည်သူတို့က ၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးကို ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်လာပါက ကျေးလက်ဒေသ၏ ကုန်ထုတ်စွမ်းအား မြင့်မားလာမည်ဖြစ်သကဲ့သို့ ကျေးလက်ပြည်သူတို့၏ ဝင်ငွေသည်လည်း တိုးပွားလာမည်ဖြစ်ပါသည်။
ပြည်သူတို့၏ အသိအမြင်ကို ပြောင်းလဲအောင် ဆောင်ရွက်ရာ၌ အချက်အလက် ဗဟုသုတတို့သည် အရေးပါသကဲ့သို့ ပြည်သူတို့၏ ခံစားချက်ကိုလှုံ့ဆော်ပေးရေးသည်လည်း အရေးပါပါသည်။ အနုပညာမြောက်သော တင်ဆက်မှုတို့သည် ပြည်သူလူထု၏ ခံစားချက်တို့ကို လှုံ့ဆော်ရာ၌ အထူးထိရောက်သော လက်နက်ကောင်းတစ်ရပ်ဖြစ်ပါသည်။ အော်ဂဲနစ် စိုက်ပျိုးရေး၏ အကျိုးရလဒ်တို့ကို အနုပညာပြောင်မြောက်သော ဇာတ်လမ်းတိုတင်ဆက်မှုတို့ဖြင့် ဖန်တီးတင်ပြနိုင်ပါက ကျေးလက်ပြည် သူတို့၏ ခံစားချက်ကိုလှုပ်နှိုးနိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့သော အနုပညာ ဖန်တီးမှုတို့သည် ဆောင်ရွက်မည်ဟူသော သန္နိဋ္ဌာန်တို့ရှိပါက မဖြစ်နိုင်စရာ အကြောင်းမရှိ၊ အမှန်တကယ် လက်တွေ့ဆောင်ရွက်နိုင်သော ကိစ္စဖြစ်ပါသည်။ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ပြည်သူလူထုကို အသိပေးလှုံ့ဆော်ရမည့် ကိစ္စရပ်တို့ကို ရှာဖွေသုံးသပ်ဖော်ထုတ်ပေးမည့် သုတေသနဌာနတစ်ရပ်သာ လိုအပ်ပါသည်။ ဤသုတေသနဌာနက သင့်တော်သော ဘဏ္ဍာငွေကြေး ကျောထောက်နောက်ခံ အင်အားဖြင့် အနုပညာရှင်တို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ရယူလျက် ဆောင်ရွက်ပါက ပြည်သူလူထု၏ ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီ အတွေးတို့ကို လှုံ့ဆော်ရယူနိုင်မည်ဖြစ်ပါသည်။ ပြည်သူ့အင်အားဖြင့် ဒီမိုကရေစီ နိုင်ငံထူထောင်မည်ဟူသော အခြေခံမူနှင့်အညီ ပြည်သူလူထု၏ ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီအတွေးတို့ကို လှုံ့ဆော်မြှင့်တင်ရန် လေးစားစွာတိုက်တွန်းတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment