Monday, October 31, 2016

ဆူးစူး၍ပင် အပ်နှင့်ထွင်သည် ...

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


'' အမှန်တရားကဖိနပ်စီးနေချိန်တွင် မုသာဝါဒက က္ဘာတစ်ဝက်ခရီး ပေါက်နိုင်ခဲ့လေပြီ''
လိမ်လည်မှုက အမှန်တရားထက်ပို၍လွယ်ကူလျင်မြန်စွာပျံ့နှံ့တတ် သည်။ လူတို့၏သဘာဝက ဣဋ္ဌာရုံထက် အနိဋ္ဌာရုံကို ပို၍စိတ်ဝင်စားတတ် သောသဘောရှိသည်။
သတင်းအမှန်ထက်အတင်းအဖျင်းဘက်မှာအားသန်တတ်သည်။

လူ့သဘောလူ့မနောကို ပြက်ပြက်ထင်ထင်ဖော်ပြနေ သောအထက်ပါဆိုရိုးစကားကို မတ်က်တွိန်း၊ ဝင်စတန်ချာချီ၊ သောမတ်စ် ဂျက်ဖာဆင်စသောက္ဘာကျော် ပုဂ္ဂိုလ်ကြီးများက ¤င်းတို့၏စာပေများ၊ မိန့်ခွန်းများတွင် ကိုးကားခဲ့ကြဖူးသည်။ သို့ရာတွင် အချို့သောမုသာဝါဒများ၊ လိမ်လည်မှု များက အတင်းအဖျင်းသက်သက်သာမဟုတ်ဘဲ နောက်ကွယ် တွင် ရည်ရွယ်ချက်များရှိနေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းနယ်စပ် ဒေသ မောင်တောခရိုင်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးခဲ့ပြီးလက်နက် ၅ဝ ကျော် ပါရှိသွားခဲ့ရသော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ် ကာ နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ရသည်။ ပြည်ပအခြေစိုက် အကြမ်း ဖက် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ကူညီထောက်ပံ့မှု၊ အကွက်ချစီမံမှုများဖြင့် အချိန်ကိုက်ဆောင်ရွက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများမှာ ၄င်းတို့၏ မဟာဗျူဟာရည်မှန်းချက် အတော်များများ ပေါက်မြောက်အောင် မြင်ခဲ့သည်ဟု သုံးသပ်တွေ့ရှိနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များအား ပုံပျက်ပန်းပျက်ဖြစ်စေကာ လမ်း ကြောင်း လွဲချော်သွားစေရေး၊ နှောင့်နှေးရပ်တန့်သွားစေရေးနှင့် ဒေသခံ တိုင်းရင်းသားများအကြောက်တရားဖြင့် နယ်မြေစွန့်ခွာထွက်ပြေးသွားစေ ရေးတို့ကို ရည်ရွယ်၍အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းမှုများပြုလုပ်သည့်အခါတွင်မူ အမျိုးသမီး များမတရားပြုကျင့်ခံရကြောင်း၊ ဘာသာရေးအဆောက်အအုံများအတွင်း မဖွယ်မရာပြုလုပ်ခြင်း၊ ပစ္စည်းဥစ္စာများလုယက်ခြင်း၊ နေအိမ်များကိုမီးရှို့ ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း စသည်ဖြင့် ဘာသာရေး၊ လူမျိုးရေးအခြေခံဝါဒီအကြမ်းဖက်သမားတို့ နှင့် ချိတ်ဆက်တည်ဆောက်ထားသည့် မီဒီယာကွန်ရက်က က္ဘာသို့ အချိန် မဆိုင်းဘဲထုတ်လွှင့်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိ တို့ အစိုးရအဖွဲ့အနေဖြင့် ပြဿနာကိုအကောင်းဆုံးဖြစ်အောင်၊ မျှမျှတတဖြစ်အောင်တရားဥပဒေစိုးမိုးရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရေးကြိုးပမ်း နေသည်ဆိုသည်ကို က္ဘာ့နိုင်ငံများအားလုံးသို့ အသိပေးပြောကြားလို ကြောင်း၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် အကောင်း ဆုံးကြိုးစားဖြေရှင်းနေပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတိုင်ကြား ချက်များအပေါ် စုံစမ်းစစ်ဆေးမှုများ စနစ်တကျပြုလုပ်နေပါကြောင်း၊ နိုင်ငံတိုင်း၌ လူ့အခွင့်အရေးပြဿနာမှာအနည်းနှင့်အများ ရှိကြပါကြောင်း၊ လူ့အခွင့်အရေးအဓိပ္ပာယ်မှာ ကျယ်ပြန့်သည်ဆိုသည်ကို အားလုံးနည်း လည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိ ရေးအတွက် အစိုးရက အကောင်းဆုံးလုပ်ဆောင်လျက်ရှိကြောင်း အောက်တိုဘာ ၁၂ ရက်က ကျင်းပသည့် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မောင်တောနှင့်ရသေ့တောင်ဒေသတို့တွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုဖြစ်စဉ်များ ကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသာမက နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်တပ်မတော်သားများလည်း ကျဆုံးခဲ့ရသည်။ ဒေသတွင်းလူနည်းစု ဘဝကို ရောက်နေရပြီဖြစ်သော ဌာနေတိုင်းရင်းသားမိသားစုများမှာ လည်း အိုးပစ်၊ အိမ်ပစ်၊ လယ်ယာမြေများကိုပစ်၍ ဘေးလွတ်ရာသို့ထွက် ပြေးတိမ်းရှောင်ခဲ့ကြရသည်။ သစ်ခုတ်ဝါးခုတ်သွားသူ ဒေသခံများမှာ လည်း ပစ်ခတ်သတ်ဖြတ်မှုကိုခံကြရသည်။ အဆိုပါအခြေအနေများကို ဖုံး ကွယ်သွားစေရေးအတွက် အကြမ်းဖက်သမားတို့နှင့် လက်ဝါးရိုက်ထား သည့်မီဒီယာများ၊ လူမှုကွန်ရက်များက ¤င်းတို့၏ ဝါဒဖြန့်ချိရေးသတင်း အတုအယောင်များကို အစစ်အမှန်များနှင့် ပုံမှားရိုက်ထုတ်လွှင့်နေ သကဲ့သို့ နိုင်ငံတကာမှမီဒီယာအချို့ကလည်း အတည်ပြုစိစစ်မှု အားနည်း လှစွာသောအချက်အလက်များကို စုစည်းကာ သတင်းအဖြစ်ထုတ်လွှင့် ဖော်ပြမှုများပြုလုပ်နေကြသည်ကိုတွေ့ရသည်။

စင်စစ်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် ဘာသာရေး၊ လူမျိုးရေးမဟုတ်၊ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင် နက်ကို ထိပါးလာသည့်အရေးဖြစ်သည်။ ရခိုင်တိုင်းရင်းသားတို့သည်လည်း ဘာသာခြား၊လူမျိုးခြားတို့ကို ရန်လိုနေသူများမဟုတ်။ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတို့ကို ညီနောင်တိုင်းရင်းသားများအဖြစ်လက်ခံ၍ နှစ်ပရိ္ဆေဒ များစွာကြာအောင် ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲ၍နေထိုင်လာခဲ့သော အစဉ်အလာရှိခဲ့သူများဖြစ်သည်။ အချုပ်အခြာအာဏာကိုထိပါးလာခြင်း၊ တိုင်းရင်းသားပြည်သူလူထု ၏အသက်အိုးအိမ်စည်းစိမ်တို့ကိုထိပါးလာခြင်း၊ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ထိပါးလာခြင်းတို့ မှာမူ နိုင်ငံတော်အနေဖြင့် မဖြစ်မနေရှင်းလင်းရမည့်တာဝန်ရှိသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဆူးစူး၍ပင် အပ်နှင့်ထွင်ရခြင်းဖြစ်ပါသည်။

No comments:

Post a Comment