Saturday, October 1, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


 
မြို့ပြဖွံ့ဖြိုးရေးနှင့်မြို့သစ်တည်ဆောက်ခြင်း ပြဿနာ

ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တစ်နှစ်အတွင်း  စတင်အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီး လွှတ်တော်မှ အတည်ပြုပြီးပါက  တင်ဒါခေါ်သွားမည်ဖြစ်ကြောင်း သတင်းများအရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်း အကောင် အထည်ဖော်မည့် စီမံကိန်း ၂၄ ခုကို လွှတ်တော်သို့   ပေးပို့ထားပြီး    ထိုစီမံ ကိန်းများအနက် ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော်မည့် စီမံကိန်း ၁၁ ခုတွင် အဆိုပါ ရန်ကုန်မြို့ သစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုအကောင်အထည်ဖော်မည့် မြို့သစ်မှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း တွံတေးနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များရှိ မြေဧကစုစုပေါင်း နှစ်သောင်း ကျော် ပါဝင်သည်ဟု ဆိုပါသည်။ဤနေရာမှာ ပြီးခဲ့သည့် အစိုးရလက်ထက်  က ပွင့်လင်းမြင်သာမှုမရှိဘဲ ပုဂ္ဂလိကကုမ္ပဏီသုံးခုအား လက်သိပ်ထိုး ပေး အပ်ဆောင်ရွက်စေခဲ့သည်ဟု ဝေဖန်မှုများထွက်ပေါ်ခဲ့သော  နေရာဖြစ်ပါ သည်။ ယခင်က ဤနေရာကို ကုမ္ပဏီသုံးခုမှသာ အကောင်အထည်ဖော်ရန် ဖြစ်ပြီး  ယခုပုံစံမှာ တိုင်းဒေသကြီးအစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တင်ဒါ ခေါ် ယှဉ်ပြိုင်ပြီး ခွင့်ပြုမည်ဟု ဆိုပါသည်။
ရန်ကုန်မြို့၏လူဦးရေတိုးပွားလာမှုနှုန်းအရ မြို့သစ်တည်ဆောက်ရန် လိုအပ်သည်ဟု မြို့ပြပညာရှင်အများကလက်ခံကြသည်။   မြို့သစ် တည် ဆောက်ရန်နေရာများလည်း  လျာထားပြီးသားများ ရှိနေပါသည်။  ရန်ကုန် အရှေ့ပိုင်း၊  ရန်ကုန်အနောက်ပိုင်း၊ သန်လျင်၊ ဒလ၊ ထန်းတပင်၊ မှော်ဘီ၊ လှည်းကူး စသဖြင့် ဦးစားပေး'၇'နေရာတွင် ယခုရန်ကုန်အနောက်ပိုင်းကို အဦးဆုံး ရွေးချယ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နဝတ၊ နအဖ အစိုးရများလက်ထက်မှစ၍ မြို့သစ် တည်ဆောက်ခြင်းကိစ္စများ များပြားလာခဲ့သည်။ မြို့သစ်အများစုမှာအလွန်  လွယ်ကူသော ဖြတ်လမ်းနည်းများဖြင့် တည်ဆောက်ခဲ့ကြသည့်အတွက် အချို့မှာ   ယနေ့ထက်တိုင်   အခြေခံအဆောက်အအုံ လိုအပ်ချက်များ ပြည့်မီခြင်းမရှိ၊  လူစည်ကားခြင်းမရှိဘဲဖြစ်နေသည်ကို တွေ့နိုင်ပေသည်။ ထို့အပြင် မူလဆောက်စဉ်ကပါဝင်ခဲ့သော စာသင်ကျောင်း၊ ပန်းခြံ၊ ကစား ကွင်းနှင့် အများဆိုင်ရာနေရာများကို   နောက်တက်လာသူ   အာဏာပိုင် အဆက်ဆက်က  အကွက်ရိုက် ခွဲဝေယူကြခြင်းအားဖြင့် အများပြည်သူ အတွက် ဘာမျှမကျန်လောက်အောင် ဖြစ်စေခဲ့သည်။ ဒဂုံမြို့သစ်(မြောက် ပိုင်း)၄ဝနှင့် ၄၁ ရပ်ကွက်ကြားတွင် မူလကချန်ထားခဲ့သော   ပေ ၃ဝဝ လမ်းမကြီးတစ်ခုရှိသည်။  ယင်းလမ်းမကြီးကိုလည်း  နောက်ပိုင်းကာလ တွင် အကွက်ရိုက်ခွဲဝေလိုက်ခြင်းအားဖြင့်  မြို့အင်္ဂါရပ်များမပီမပြင်ဖြစ် စေခဲ့သည်။
မြို့သစ်တည်ဆောက်ခြင်းမှာ အမှန်တကယ် လိုအပ်ပါသည်။ သို့သော်  ကျောခင်းစရာနေရာ အမှန်တကယ်လိုအပ်သူများလက်သို့ ရောက်ဖို့လည်း လိုအပ်နေပါသည်။ လက်ရှိဖွံ့ဖြိုးတိုးတက်မှုပုံစံအရ ရန်ကုန်မြို့သည် လာ မည့် ၁ဝ နှစ်မှ အနှစ် ၂ဝ အတွင်း လူဦးရေ ၁ဝ သန်း အထက် ရောက်ရှိလာ မည့် Mega City  တစ်ခု  ဖြစ်လာမှာဖြစ်သည်။ ထို့ကြောင့် လာမည့် အနာဂတ်ကာလတွင် သန်းနှင့်ချီသောအိမ်ရာများ လိုအပ်မည်ဖြစ်ပါသည်။
တရုတ်ပြည် ချုံကင်းမြို့မှာ လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်အတွင်း လူဦးရေ ၁၆ သန်းခန့်မှ ၃၂ သန်းကျော်အထိ တိုးပွားလာခဲ့သည်။ ကမ္ဘာ ပေါ်တွင် လူဦးရေအများဆုံးမြို့ကြီးအဖြစ် နေ့ချင်းညချင်းဆိုသလို ဖြစ်လာ ခဲ့ရာ တိုးပွားသော လူဦးရေနှင့်အညီ မြို့ပြကို တည်ဆောက်ခဲ့ကြခြင်းမှာ ပြောစမှတ်ပြုလောက်သော    အတွေ့အကြုံများဟု  ဆိုပါသည်။  မြို့ပြ ချဲ့ရာတွင် ပါဝင်လာသော သန်းပေါင်းများစွာသော  လယ်သမားများအတွက် ၂၅ ထပ်တိုက် ထောင်ပေါင်းများစွာနှင့် အလုပ်အကိုင်များပါ ဖန်တီးပေး ရခြင်း ဖြစ်ပါသည်။
တရုတ်အတွေ့အကြုံအရ မြို့ပြများတည်ဆောက်ရာတွင် နိုင်ငံတော်မှ တာဝန်ခံကြီးကြပ်တည်ဆောက်ပြီး ပုဂ္ဂလိကများကို အစိတ်အပိုင်းများ အလိုက်သာ ပါဝင်စေခြင်းဖြစ်သည်။ မြေယာများကို လက်ဦးမှုရှိစွာ ဝယ်ယူ ထားပြီး အမြတ်ထွက်အောင်လုပ်ခြင်းများကို    ခွင့်မပြုပေ။  ထို့ကြောင့်  မြို့သစ်တည်ဆောက်ခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သော လူလတ် တန်းစားများနှင့် အိမ်မဲ့ယာမဲ့များအတွက် အဆင်ပြေစေရန် ဦးစားပေး စဉ်းစားရမည်သာဖြစ်ပါကြောင်း တင်ပြရပါသည်။    ။

No comments:

Post a Comment