အကုန်မရ၊ ဘာမှမယူ
နယ်ချဲ့ဗြိတိသျှထံမှ တိုင်းပြည်လွတ်လပ်ရေး ရယူမည် ဆိုသောအခါ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အမျိုးသားခေါင်းဆောင်ကြီးများ နှင့် လက်ဝဲအင်အားစုတို့ကြား သဘောကွဲလွဲခဲ့ကြပါသည်။ လက်ဝဲ အင်အားစုတို့သည် နယ်ချဲ့ဗြိတိသျှတို့ထံမှ စေ့စပ်ညှိနှိုင်းရယူမည့် လွတ်လပ်ရေးသည် ရာနှုန်းပြည့်လွတ်လပ်ရေးမျိုးမဖြစ်နိုင်၍ လက်မခံဟု ခံယူကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အမျိုးသား ခေါင်းဆောင်ကြီးများသည် ဒုတိယကမ္ဘာစစ်အတွင်း နှစ်ကြိမ်နှစ်ခါ အထိ နာခဲ့သော တိုင်းပြည်နှင့် ပြည်သူလူထုအား အမြန်ဆုံးပြန်လည်ထူထောင် နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းသောနည်းလမ်းဖြင့် လွတ်လပ်ရေးရယူရန် ဆုံးဖြတ်ခဲ့ပါသည်။ လက်ဝဲအင်အားစုတို့၏ အယူဝါဒအခြေခံ ''အကုန်မရ၊ ဘာမှမယူ''ဟူသော မစေ့စပ်တမ်းသဘောထားကြောင့် ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းစစ်ကို ယနေ့ထက်တိုင် အပြီးမငြှိမ်းသတ်နိုင်သေးပါ။
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်၌ ''အကုန်မရ၊ ဘာမှမယူ''ဟူသော သဘောထားကို အခြားသော မျက်နှာစာတစ်ဖက်မှ တွေ့မြင်ခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီသည် အချိန်တိုအတွင်း၊ မည်သို့သော ကြိုတင်ပြင်ဆင်မှုမျိုးမှ ဆောင်ရွက်ထားခြင်းမရှိသော အခြေအနေမျိုး၌တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်းယူခဲ့ပါသည်။ တိုင်းပြည်၏စီးပွားရေး တစ်ရပ်လုံးအား ပြောင်းပြန်လှန်၍ ပရမ်းပတာ ဖရိုဖရဲစီမံခန့်ခွဲသောအခါ တိုင်းပြည်သည် က္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံဘဝသို့ဆိုက်ရောက်ခဲ့ရပါ သည်။ တိုင်းပြည်၏စီးပွားရေးကို မှောင်ခိုစီးပွားရေးလက်ထဲသို့ ဝကွက်ထိုး အပ်ခဲ့ရပါသည်။ လက်ယာစိုက်ပျိုးရေးလုပ်ငန်း၏ အခြေခံတို့ ပြိုလဲခဲ့ရပါ သည်။ တိုင်းပြည်သည် ယနေ့တိုင် ဤဒဏ်ရာဒဏ်ချက်တို့ကို ခံစားနေရဆဲ ဖြစ်ပါသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီး၏ အုတ်မြစ်ချ ပေးမည့် (၂၁)ရာစုပင်လုံညီလာခံ၌ ''အကုန်မရ၊ ဘာမှမယူ'' ဟူသော သဘောတရားလေသံတို့ကို ကြားရသောအခါ စိုးရိမ်မိပါသည်။ (၂၁)ရာစု၌ ဤအမြင်၊ ဤအတွေးတို့ မရှိသင့်တော့ဟု ယူဆမိပါသည်။ (၂၁)ရာစုပင်လုံညီလာခံ၌ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ပါဝင်နိုင်ရေးကို မနားမနေ၊ ခွန်စိုက်အားစိုက်ကြိုးပမ်း ခဲ့သည်မှာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အသိပင်ဖြစ်ပါသည်။ ဤနေရာ၌ စဉ်းစားရမည်မှာ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့ အစည်းသုံးရပ် မပါဝင်နိုင်သေးခြင်းအပေါ် အခြေခံ၍ ပြည်ထောင်စု၏အနာဂတ်လမ်းကြောင်းကို ရွေးချယ်မည်လော၊ လက်ဝယ်ရရှိပြီး တိုးတက်မှု တို့ကို အခြေခံ၍ ပြည်ထောင်စု၏ အနာဂတ်လမ်းကြောင်းကို ရွေးချယ်မည် လောဟူသော နည်းလမ်းနှစ်သွယ်အနက် သင့်တော်သောနည်းလမ်းကို ရွေးချယ်ရန်ဖြစ်ပါသည်။ နှစ်ပေါင်း ၇ဝ နီးပါးဖြတ်သန်းခဲ့ရသော ပြည်တွင်း စစ်ကိုနောက်ခံထား သုံးသပ်ပါက အချိန်တိုအတွင်း ရာနှုန်းပြည့် ကျေနပ် ဖွယ်ရာ အဖြေတစ်ရပ်ကို မည်သည့်အင်အားစုမှ မရနိုင်သည်မှာ သမိုင်း အမှန်တရားဖြစ်ပါသည်။
သုံးဖွဲ့မှအပ ကျန်တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းအားလုံးတို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)မှတစ်ဆင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို ဆောင်ရွက်မည်ဟူသော အနေအထားသည် မလွဲမသွေ၊ ချက်ချင်းလက်ငင်း ဆုပ်ကိုင်ရမည့် အနေအထားဖြစ်ပါသည်။ ဤသုံးဖွဲ့ နောင်တစ်ချိန်ပါဝင် ရေးသည် ဖွင့်ထားသောတံခါးဖြစ်၍ ဆက်လက်ညှိနှိုင်းဆွေးနွေးနိုင်သော ကိစ္စရပ်ဖြစ်ပါသည်။ (၂၁)ရာစုပင်လုံညီလာခံ၌ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ မပါဝင်နိုင်ခြင်းအပေါ် အခြေခံ၍ တစ်စုံတစ်ရာ ကန့်ကွက်မည်ဟူသော သဘောထားသည် ပြည့်လုပြည့်ခင်ရေထုထည်ကို မမြင်၊ ပြည့်ရန်ကျန်နေသော ရေထုထည်ကိုသာ မြင်သည်ဟူသော သဘော တရားမျိုး ဖြစ်နေပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဖြေရှင်း ရန်ကျန်နေသေးသည့် ပြဿနာရပ်တို့ကို မမေ့မလျော့နှလုံးသွင်း ကိုင်တွယ်ရန် လိုအပ်သကဲ့သို့ လက်ဝယ်ရရှိပြီး အောင်မြင်မှုတို့ကို ကျစ်လျစ် သည်ထက်ကျစ်လျစ်၊ ခိုင်မာသည်ထက် ခိုင်မာစေရန် စုစည်းကျစ်လျစ် ခိုင်မာစေရမည်ဖြစ်ပါသည်။

No comments:
Post a Comment