Thursday, September 1, 2016

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ဘာသာပေါင်းစုံမှ အထင်ကရပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေး




Image may contain: 1 person , wedding, table and indoor


နေပြည်တော် သြဂုတ် ၃၁

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် ဘာသာပေါင်းစုံမှ အထင်ကရပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့က အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအတွင်း ကိုးကွယ်သည့် ဘာသာပေါင်းစုံ အသီးသီးမှ အထင်ကရပုဂ္ဂိုလ်များက ဆွေးနွေးပြောကြားရာတွင် မြန်မာ နိုင်ငံရှိ ပြည်သူများအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း တို့ဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားရေး၊ အနာဂတ်မျိုးဆက် သစ်တို့အတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားရေး၊ အနာဂတ် လူငယ်များ မိမိတို့သက်ဆိုင်ရာ ဘာသာအပေါ် ပိုမိုသက်ဝင်လိုက်စား လာကြစေရေးတို့အတွက် အတူတကွ ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ယခုကျင်းပသည့် အစည်းအဝေးသည် ပိုမိုသဟဇာတမျှသော၊ ငြိမ်းချမ်းသာယာ ဝပြောသော လူမှုအသိုက်အဝန်း တစ်ခုဖြစ်ပေါ်ရေးအတွက် ဆောင်ရွက်နေမှုများအပေါ် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားပြီးနောက် ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment