Thursday, September 1, 2016

မြောက်ကိုရီးယား ဒုတိယဝန်ကြီးချုပ် ကွပ်မျက်ခြင်း ခံရဖွယ်ရှိ



Image may contain: 4 people , suit
ဆိုးလ် သြဂုတ် ၃၁
မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင် တစ်ဦး ကွပ်မျက်ခြင်းခံရဖွယ်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက သြဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ယူဆောင် ရွက်ရသော မြောက်ကိုရီးယားဒုဝန်ကြီးချုပ် ကင်ယောင်ဂျန်သည် အာဏာရ ကိုရီးယား အလုပ်သမားပါတီ၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့သည်ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဂျောင်ဂျွန်းဟီးကဆိုသည်။
ဇွန်လတွင်ကျင်းပခဲ့သည့် မြောက်ကိုရီးယား ထိပ်တန်းအရာရှိများ တက်ရောက်သည့် အစည်းအဝေးတစ်ရပ်တွင် မြောက်ကိုရီးယားဒုဝန်ကြီးချုပ် ကင်ယောင်ဂျန် သည် အစည်းအဝေးတက်ရောက်နေစဉ် စိတ်ပါဝင်စားမှုမရှိသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ဇူလိုင်လ နှောင်းပိုင်းတွင် ဒုဝန်ကြီးချုပ်အား ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ပညာရေးကို တာဝန်ယူဆောင်ရွက်ရသည့် နောက်ထပ် ထိပ်တန်းအရာရှိတစ်ဦးဖြစ်သော ကင်ယောင်ချိုကိုလည်း ပါတီစည်းမျဉ်း စည်းကမ်း ဖောက်ဖျက်ကာ အာဏာအလွဲ သုံးစားပြုမှုကြောင့် သြဂုတ်လ နှောင်းပိုင်းမှစပြီး ကျေးလက်ဒေသရှိ လူနေအိမ်တစ်အိမ် သို့ပို့ဆောင်ခဲ့ပြီး အကျယ်ချုပ်ချထားကြောင်း သတင်းများအရသိရသည်။
ကင်ယောင်ချိုသည် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းရသည့် အာဏာရပါတီ၏ ဌာနတစ်ခုမှ အကြီးအကဲဖြစ်သည်။
ယခုကဲ့သို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ လုပ်ရပ်များသည် သူ၏အာဏာပိုမိုခိုင်မာမှုရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများ ကဆိုသည်။
မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံသားအချို့သည် နိုင်ငံရပ်ခြားများသို့ ထွက်ခွာကာ အခြေချနေထိုင်လျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ကိုရီးယား နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။
ယခုလအစောပိုင်းက လန်ဒန်မြို့ရှိ မြောက်ကိုရီးယားဒုတိယသံအမတ်ကြီးနှင့် မိသားစုတို့သည် တောင်ကိုရီးယားနိုင်ငံသို့ ခိုလှုံခွင့်တောင်းခံကာ အခြေချ နေထိုင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ဆက်လက် ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment