Wednesday, August 3, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ




The Mirror Daily's photo.


နေပြည်တော် သြဂုတ် ၂

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ ဆက်လက်ကျင်းပရာ မေးခွန်းရှစ်ခုမေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ အဆိုတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ကျောက်ဖြူမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၏ ကျောက်ဖြူမြို့နယ် ဒိုးမတောင်ချောင်းပိတ်ကာ တည်ဆောက်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် တည်ဆောက်ပေးမည်၊ မတည်ဆောက်ပေးပါက မည်သည့်အကြောင်းကြောင့် မတည်ဆောက်ပေးသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ကျောက်ဖြူမြို့နယ် ဒိုးမတောင်ချောင်းနှင့် တလင်းကြီးချောင်းပေါ်တွင် ရေထိန်းတံခါးနှင့် ရေငန်တားတာတည်ဆောက်ခြင်းဖြင့် ချောင်းအထက်ပိုင်းရှိလယ်မြေများသို့ ဆားငန်ဒီရေဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တည်ဆောက်သင့်သောနေရာများမှာ ဒိုးမတောင်ကျေးရွာနှင့် သဲချွိန်ရွာကြားရှိ ဒိုးမတောင်ချောင်းနှင့် ဒိုးမတောင် ကျေးရွာနှင့် မိုင်ဝက်ခန့်ကွာဝေးသော တလင်းကြီးချောင်းတို့ပေါ်တွင် ဖြစ်ပါကြောင်း။

အထက်ပါလုပ်ငန်းများအတွက် ကုန်ကျမည့်ငွေများကို စိစစ်တွက်ချက်ရာတွင် ရေထိန်းတံခါးများ၊ ဆက်စပ်တာပေါင်များ တည်ဆောက်ခြင်းနှင့် ဒိုးမတောင်ချောင်း၏ ရေဆင်းဧရိယာ၊ နှစ်စဉ်ရွာသွန်းသည့် ပျမ်းမျှမိုးရေချိန်၊ ချောင်း၏ရေစီးနှုန်းစသော ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအပေါ် မူတည်၍ ရေတံခါးများတည်ဆောက်ပေးရမည်ဖြစ်ခြင်းကြောင့် အသေးစိတ် လေ့လာတိုင်းတာပြီးမှသာ ခန့်မှန်းကုန်ကျငွေကို တွက်ချက်ပေးနိုင်မည်ဖြစ် ပါကြောင်း။

ဒိုးမတောင်ချောင်းနှင့် တလင်းချောင်းပေါ်တွင် ရေထိန်းတံခါးနှင့် ရေငန်တားတာ တည်ဆောက်ခြင်းအားဖြင့် ချောင်းအထက်ပိုင်းရှိ ကျေးရွာ အုပ်စုခြောက်ခုမှ လက်ရှိလုပ်ကိုင်နေသည့် လယ်မြေ (၁၅၉၄)ဧကအပြင် အသစ်ပေါ်ထွက်လာမည့် စိုက်ဧက(၂၅၉၇) ဧက စုစုပေါင်းဧက (၄၂ဝဝ)ခန့်ကို ရေငန်ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး အထက်ပါလုပ်ငန်းများကို စူးစမ်းလေ့လာ တိုင်းတာတွက်ချက်မှုအပေါ်မူတည်၍ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရ ရန်ပုံငွေတွင်လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ တည်ဆောက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၏ ပခုက္ကူမြို့နယ် ကုက္ကိုလှမြစ်ရေတင်စီမံကိန်းဧက (၅ဝဝဝ) မှာ ရေပေးဝေခြင်းကောင်းမွန်စွာရှိနိုင်သော ဧက ၁ဝဝဝ ခန့်သာရှိသဖြင့် ကျန်ဧက ၄ဝဝဝ အတွက် မည်သို့ဆောင်ရွက်မည် သို့မဟုတ် ကျန်ဧက ၄ဝဝဝ ကို ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှစ၍ RD-0 မှ RD-16000 ထိ ဧက ၁ဝဝဝခန့်ကိုသာ နှစ်စဉ်ရေပေးဝေလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ မြစ်ရေ တင်လုပ်ငန်းရှိ RD-0 မှ RD-16000 ထိကို ရေပေးဝေရေးဆက်လက်ဆောင် ရွက်နိုင်ရန်အတွက် မြောင်းပေါင်မြှင့်ခြင်း ဆောင်ရွက်ထားရှိပြီး၍ ၎င်းအပိုင်းမှ ဧက ၁ဝဝဝ အတွက် ရေပေးဝေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နှစ်စဉ် မြစ်ရေဝင်ရောက်လွှမ်းမိုးလျက်ရှိသည့် လက်ရှိပျက်စီးနေ သော ပင်မမြောင်းRD-16001 မှ RD- 53750ထိ နောက်ပိုင်း ရေပေးမြောင်းများမှာ နှစ်စဉ်အကြီးစားပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်နိုင်မှသာ ရေပေးဝေနိုင်မည်ဖြစ်ခြင်း၊ တောင်သူများကလည်း ၎င်းတို့၏ အစီအစဉ်ဖြင့် မိမိပိုင်မြေများအပေါ်တွင် ငှက်ပျောခြံ၊ ငရုတ်စိုက်ခင်းများ စိုက်ပျိုးထားသည့်အပြင် ဥယျာဉ်ခြံများ စိုက်ပျိုးလုပ်ကိုင်နေခြင်းကြောင့် နှစ်ကာလကြာရှည်စွာ ဌာနမှ ရေပေးဝေမှုမပြုခဲ့သောပင်မမြောင်း RD-16001 မှ RD- 53750- ၅၃၇၅ဝ ထိ မြောင်းပေအရှည် (၃၇၇၅ဝ) ပေအား ဖျက်သိမ်း၍ မူလပိုင်ရှင် တောင်သူများထံသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ယနေ့အစည်းအဝေးတွင် မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းဝင်းက နိုင်ငံအဝန်း အဂတိလိုက်စားမှု ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေး ရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို တင်သွင်းသည်။

ယင်းအဆိုအပေါ် လယ်ဝေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ထောက်ခံဆွေးနွေးပြီး လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာ၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
(သတင်းစဉ်)

No comments:

Post a Comment