Tuesday, August 30, 2016

အရေးပေါ်အမိုးမိုးရမည့် စေတီ ၄ဝ ကျော်အနက် ၁၁ ဆူ အမိုးမိုးပြီး



Image may contain: outdoor and one or more people
ညောင်ဦး သြဂုတ် ၂၉

သြဂုတ် ၂၄ ရက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့် ရှိ မြေငလျင်တစ်ခုလှုပ်ရှားခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဘုရားပုထိုးစေတီပေါင်း ၃၉၇ ဆူအထိ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါဘုရား ပုထိုးစေတီများ မူလလက်ရာမပျက် ပြင်ဆင်နိုင်ရေးအတွက် စက်တင်ဘာလ ပထမပတ်တွင် သင်တန်းပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ငလျင်ဒဏ်သင့်ခဲ့သည့် စေတီပုထိုး ၃၉၇ ဆူရှိသည့်အနက် အရေးပေါ်အမိုးမိုးရမည့် ဘုရားပုထိုး စေတီပေါင်း ၄ဝ ကျော်ရှိပြီး ယနေ့တွင် စူဠာမဏိဘုရား၊ ပြဿဒ်ကြီးဘုရားအပါအဝင် ဘုရားပုထိုးစေတီ ၁၁ ဆူခန့်ကို မိုးဒဏ်ခံနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျန်ရှိသည့်စေတီများမှာ ငြမ်းဆင်နေဆဲ ဖြစ်ကြောင်းနှင့် လမ်းဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့က ဦးစီးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။
''သင်တန်းပို့ချမှုတွေကိုတော့ စက်တင်ဘာလပထမ ပတ်ထဲမှာ ယူနက်စကိုနဲ့ ရှေးဟောင်းသုတေသနအဖွဲ့တွေ ပူးပေါင်းပြီး သင်တန်းပေးသွားမှာပါ။ အဲဒီသင်တန်းပြီးရင် ပထမအဆင့်အနေနဲ့ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ဘုရားပုထိုးစေတီတွေထဲက ရှေးဟောင်းသုတေသနနဲ့ ယူနက်စကိုတို့ရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ လုပ်ဆောင် ရမယ့်စေတီက ဘယ်လောက်ထွက်လာမလဲ။ မှတ်တမ်းမှတ်ရာအရ မလိုအပ်ဘူး။ အပျက်အစီးလည်းနည်းတယ်ဆိုရင်တော့ သီးသန့်လုပ်လို့ရမယ့် စေတီက ဘယ်လောက်ရှိမလဲဆိုတာတွေကို နှစ်ပိုင်းခွဲထားပါတယ်။ ဌာနဆိုင်ရာအဖွဲ့ အစည်းတွေ၊ NGO အဖွဲ့တွေက ခေါင်းဆောင်တွေ၊ သံဃာတော်တွေလည်းပါမယ်။ သင်တန်းတွေပေးပြီးတော့မှပဲ ရှင်းလင်းရေးတွေ၊ ပြင်ဆင်ရေးတွေကို ဆက်ပြီးလုပ်ဆောင်ဖို့ရှိပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားပုထိုးစေတီများသည် များသောအားဖြင့် အပေါ်ပိုင်းများတွင်သာ အပျက်အစီးများနေခြင်းကြောင့် ပြင်ဆင်မှုများပြုလုပ်မည့်အချိန်တွင်လည်း ပြင်ဆင်လိုက်ခြင်းကြောင့် ရှေးဟောင်းပစ္စည်းများ ထပ်မံပျက်စီးမှုမရှိစေရန် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြင်ဆင်မှုအပိုင်းအတွက် ဆွေးနွေးမှုများမပြုလုပ်ရသေးသော်လည်း ယူနက်စကို နှင့် ရှေးဟောင်းသုတေသနဦးစီးဌာနတို့မှ ပညာရှင်အဖွဲ့များပူးပေါင်းကာ အသေးစိတ်လေ့လာမှုများပြုလုပ်ပြီးမှသာ ပြင်ဆင်မှုအပိုင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုရားပုထိုးစေတီတွေ ပြင်ဆင်တဲ့အချိန်မှာ ပထမအချက်က မူလလက်ရာမပျက်ပြင်ဆင်နိုင်ရေး၊ ဒုတိယအချက်ကတော့ အမြင်တင့်တယ်ရုံမဟုတ်ဘဲ ရေရှည်ခိုင်ခံ့အောင် ဆောင်ရွက်သွားနိုင်ရေးတို့ကို ဦးစားပေးအနေနဲ့ ဗိသုကာအဖွဲ့တွေ၊ အင်ဂျင်နီယာအဖွဲ့တွေ၊ ရှေးဟောင်းသုတေသနအဖွဲ့တွေ၊ ယူနက်စကိုအဖွဲ့တွေ စတဲ့အဖွဲ့အစည်း အသီးသီးနဲ့အတူ လုပ်ဆောင်သွားဖို့ရှိပါတယ်''ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။
(နိုင်လင်းကြည်)

No comments:

Post a Comment