Friday, July 1, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိ အားကစားတက္ကသိုလ်နှင့်အားကစားလေ့ကျင့်ရေးစခန်းများကို ကြည့်ရှုစစ်ဆေး



The Mirror Daily's photo.


နေပြည်တော် ဇွန် ၃ဝ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့လက်ရွေးစင်အားကစားသမားများ စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် နေပြည်တော် အားကစားလေ့ကျင့် ရေးစခန်း (Gold Camp)ကို ယနေ့ညနေ ၃ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာ မြင့်ထွေးတို့နှင့်အတူ အားကစားတက္ကသိုလ်ရှိ ရုံးခန်းများ၊ အစည်းအဝေးခန်းမ၊ စာသင်ဆောင်များကို ကြည့်ရှု စစ်ဆေးရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဝန်ထမ်းများနှင့် Multi Purpose Hall ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ အားကစားအရည်အချင်း သတ်မှတ်ချက်ကို မေးမြန်းရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Fitness Center (GYM)ခန်းမ၌ မြန်မာ့လက်ရွေးစင် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်ဘော်လီဘော ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားလူငယ် ဘော်လီဘောအားကစားသမားများအား ပြိုင်ပွဲဝင်အသင်းများနှင့် မိမိအသင်းတို့၏ အားနည်းချက်၊ အားသာချက်များကို မေးမြန်းပြီး မြန်မာအားကစားသမားများ ပြိုင်ပွဲအတွေ့ အကြုံရရှိရန် ပြည်တွင်းပြိုင်ပွဲများ ကျင်းပပေးနိုင်ရေး၊ ပရိသတ်၏ ဖိအားပေးမှုဒဏ်ခံနိုင်ရေးနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် စိတ်တည်ငြိမ်မှု ရှိစေရေးအတွက် အထူးလေ့ကျင့်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အားကစားသမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်လျက်ရှိသော(Sports Medical Center)သို့ ရောက်ရှိပြီး ပြင်ပလူနာကုသရေးဌာန၊ Physiotherapy ဌာန၊ အကြောပြင်ဌာန၊ ကိုယ်ခန္ဓာအချိုးအစားတိုင်းတာ ရေးဌာန၊ အဆုတ်နှင့်နှလုံးကြံ့ခိုင်မှု ဆန်းစစ်ရေးဌာနတို့၌ ခေတ်မီစက်ကိရိယာများဖြင့် အားကစားအထောက်အကူပြု စစ်ဆေးကုသမှုများကို ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် ဆေးဘက်ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးက လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတကာအားကစားသမားများ လာရောက်ယှဉ်ပြိုင်ရာတွင် တည်းခိုနေထိုင်သည့် (Cluster 5)အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment