Friday, July 1, 2016

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကယားပြည်နယ်တွင် ငွေကျပ်သိန်းတစ်ထောင်လှူဒါန်း




The Mirror Daily's photo.


လွိုင်ကော် ဇွန် ၃ဝ

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း(BFM)သည် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းများ ကြုံတွေ့လာပါက သက်ဆိုင်ရာဒေသများအလိုက် အများပြည်သူအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ရည်ရွယ်လျက် ဇွန် ၂၉ ရက်က ကယားပြည်နယ်အစိုးရအဖွဲ့ထံသို့ ငွေကျပ်သိန်း ၁ဝဝဝ လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူငွေပေးအပ်ပွဲအခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြပြီး ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (ကိုယ်စား) တာဝန်ရှိသူ ကမ္ဘောဇဘဏ်လီမိတက် လွိုင်ကော် ဘဏ်ခွဲ(၁)မှ ဘဏ်ခွဲတာဝန်ခံ ဒေါ်အိအိခိုင်က ကယားပြည်နယ်ဝန်ကြီးချုပ်ထံ အလှူငွေကျပ်သိန်း ၁ဝဝဝ ကို ပေးအပ်လှူဒါန်းခဲ့သည်။

အလှူငွေပေးအပ်ပွဲတွင် ဖောင်ဒေးရှင်းမှ ဒေါ်အိအိခိုင်က ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ၌ ကယားပြည်နယ် မော်ချီးဒေသတွင် ရွာလုံးကျွတ်မြေပြိုမှုဖြစ် ပွားခဲ့ရာ သိလျှင်သိချင်း ပြည်နယ်အစိုးရနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးတို့ကို ဆောင်ရွက်ခဲ့ပြီး ကျေးရွာပြန်လည်တည်ဆောက် ပေးခြင်း၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ စာသင်ကျောင်းဆောင်၊ မီးသွယ်တန်း ခြင်းနှင့် သောက်သုံးရေအတွက် ရေကန်များတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဇွန် ၆ ရက်က အနာဂတ်အလင်းတန်းစံပြကျေးရွာကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက သက်ဆိုင်ရာအစိုးရအဖွဲ့များအနေဖြင့် အမြန်ဆုံးထိရောက်စွာ ကူညီဆောင်ရွက် နိုင်ရန်အတွက် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ်ညွှန်ကြားမှုဖြင့် ယခုလို လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်က ယခုလိုလှူဒါန်းမှုအတွက် ကယားပြည်နယ် ပြည်သူလူထုကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။
(ဝ၁ဝ)

No comments:

Post a Comment