Saturday, July 30, 2016

30.7.2016...ကြေးမုံ စာတည်းရှုထောင့်



အိမ်တိုင်ရာရောက် အသိပညာပေးဝေ


ယခင်က စာအုပ်အငှားဆိုင်များသည် ထိုခေတ်ထိုကာလက ပြည်သူများအား စာပေအသိပေးဝေရာဌာနငယ်လေးများဟုဆိုနိုင်သည်။ စာအုပ် ဆိုင်လေးများမှာ ငယ်ပင်ငယ်ငြားသော်လည်း မြို့နယ်၊ ရပ်ကွက်အနှံ့ တည်ရှိနေသဖြင့် အသိပညာပေးဝေရေး၊ စာပေပြန့်ပွားရေးအတွက် များစွာထိရောက်မှုရှိခဲ့သည်။ ယခုအခါ အဆိုပါစာအုပ်ဆိုင်များ နည်းပါးလာခြင်း၊ နယ်မြို့များ၌ စာအုပ်အသစ်များကို အချိန်ကိုက်မရရှိနိုင်ခြင်း စသည့်အခက်အခဲတို့ကြောင့် စာအုပ်ဆိုင်ကြီးအချို့ ရန်ကုန်မြို့တွင်းနှင့် နယ်မြို့များသို့ အိမ်တိုင်ရာရောက်ပို့ဆောင်သည့်စနစ်ကို စတင်စမ်းသပ် လုပ်ဆောင်လာကြသည်ဟု သိရသည်။
အိမ်တိုင်ရာရောက်ပို့ဆောင်သည့်စနစ်ကို ငါတို့စာပေ၊ ကံ့ကော်ဝတ် ရည်စာအုပ်တိုက်၊ စိတ်ကူးချိုချိုစာအုပ်တိုက်နှင့် စာပေနန်းတော်စာအုပ် ဆိုင်တို့မှဦးဆောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုယ်တိုင်အိမ်တိုင်ရာ ရောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့်ချိတ်ဆက်ကာ ပို့ဆောင်ပေးသည့်စနစ်ကို ကျင့်သုံးကြသည်။ စေတနာမှန်သော လုပ်ဆောင်ချက်ဖြစ်၍ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိ လိမ့်မည်ဟု ယုံကြည်ပါသည်။
အိမ်တိုင်ရာရောက် လုပ်ဆောင်မှုစနစ်တစ်ခု အောင်မြင်မှုကို ကျွန်ုပ်တို့နိုင်ငံတွင် စာမတတ်သူပပျောက်ရေး အသုံးလုံးလှုပ်ရှားမှုများတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။ လုပ်အားပေးဆရာများကိုယ်တိုင် သင်တန်းနယ်မြေ ဒေသအောက်ခြေအထိ လှည်းတစ်တန်၊ လှေတစ်တန် သွားရောက်ကာ ဒေသခံစာသင်သားများနှင့် ရင်းရင်းနှီးနှီး အကျွမ်းတဝင် လက်ဆင့်ကမ်းအသိပညာမျှဝေပေးခဲ့သည်။ စာမတတ်သူများထံ ထိုသို့ အသိပညာပေးဝေနိုင်ခဲ့ခြင်းကြောင့် ၁၉၆၄ ခုနှစ်မှစတင်ခဲ့သော ဤ အကျိုးဆက်သည် နောင်သောအခါ နိုင်ငံ၏လူဦးရေ၏ ၉ဝ ရာခိုင်နှုန်း ကျော် စာတတ်မြောက်သူများ ဖြစ်လာခဲ့သည်။
တစ်ဖန် ထိုစာတတ်သူများ စာဖတ်နိုင်အောင် စာမဖတ်သူ ပပျောက်ရေးကို ရည်ရွယ်လျက် ကျေးလက်မြို့ပြ တစ်နိုင်ငံလုံးအနှံ့တွင် စာကြည့်တိုက်ပေါင်း ငါးသောင်းကျော်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ သို့သော် ရာနှုန်းပြည့်အောင်မြင်မှု မရရှိခဲ့ပါ။ ထိုစာကြည့်တိုက်များအနက် လက်ရှိ ဖွင့်လှစ်ထားသော စာကြည့်တိုက်ပေါင်းမှာ ရှစ်ထောင်ကျော်သာရှိတော့ကြောင်း သိရသည်။ ကျေးလက်စာကြည့်တိုက်များသည် အိမ်တိုင်ရာရောက် ထောက်ကူမှုပြုပေးနိုင်သည့် စာအုပ်ဖြန့်ဝေရာ နေရာများဟုဆိုနိုင်သည်။
အဘယ်ကြောင့် စာကြည့်တိုက်များပိတ်ထားရသနည်း။ အဖြေမှာ အနစ်နာခံစေတနာ့ဝန်ထမ်းလုပ်ဆောင်ပေးမည့် စာကြည့်တိုက်မှူး ကောင်းများ မရနိုင်၍ဟု သုံးသပ်ရပါသည်။ စာကြည့်တိုက်တစ်ခု၏ အောင်မြင်မှုတွင် B ငါးလုံးမှာ အခရာဖြစ်သည်။ Building, Books, Budjet, Brain, Borrower ဟူ၍ ငါးမျိုးရှိရာ Brain ဟူသည့် စာကြည့်တိုက်မှူးက အဓိကကျပါသည်။ (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှစာကြည့်တိုက်မှူးများညီလာခံ ပထမအကြိမ် အမှုဆောင်အဖွဲ့အစည်း အဝေးကျင်းပမည်ဖြစ်ရာ ယင်းမှ မြန်မာနိုင်ငံရှိ စာကြည့်တိုက်များ၏ အဓိကအားနည်းချက်ကို ကုစားပေးနိုင်ရန် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။
မြို့နယ်တိုင်းရှိ လူအများစည်ကားရာနေရာများတွင် စာပေရေချမ်းစင်များ ဖွင့်လှစ်ပေးခဲ့သည်။ ယခုအခါ တဖြည်းဖြည်းနှင့်မှေးမှိန်သယောင် ရှိလာသည်။ ယခုတစ်ဖန် နိုင်ငံအနှံ့အပြားတွင် အများပြည်သူ အပန်း ဖြေနိုင်ရန် ရုပ်ရှင်ရုံတစ်ရာစီမံချက်ကို အကောင်အထည်ဖော်နေပြီး ထိုရုပ်ရှင်ရုံသစ် အဝန်းအဝိုင်းတွင် စာအုပ်စင်တာများပါ ရှိလာမည်ဆိုပါက အကျိုးနှစ်ခု ဖြစ်ထွန်းလာနိုင်သည်ဟု ယူဆပါသည်။
ယခုစာဖတ်သူပြည်သူများထံသို့ အိမ်တိုင်ရာရောက် စာအုပ်ဖြန့်ဝေ ပေးသော စေတနာလုပ်ဆောင်ချက်များကို တွေ့လာရသည်။ တစ်ဖက် တွင် စီးပွားရေးအရ တွက်ခြေကိုက်အောင်ကြိုးပမ်းရသလို တစ်ဖက်တွင် ပြည်သူများ လက်ဝယ်သို့ စာကောင်းပေမွန်များ ဆောလျင်စွာ ရောက်ရှိ နိုင်ရေး ကြိုးပမ်းချက်တစ်ရပ်ဟုလည်းဆိုရမည်။ မြင်းကို မြစ်ဆိပ်သို့ အတင်းဆွဲခေါ်နိုင်သော်လည်း အတင်းရေသောက်ခိုင်း၍မရ ဆိုသကဲ့သို့ မြင်းကို ရေသောက်ချင်လာအောင် လုပ်ဆောင်ရမည်။ မည်သို့လုပ်ယူ ရမည်ကို စာပေအသိုင်းအဝိုင်းက အဖြေထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ။

No comments:

Post a Comment