Tuesday, May 31, 2016

အားလုံးအတွက် စနစ်တကျပူးပေါင်း






မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးမြို့တော်၊ စီးပွားရေးအကောင်းဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် နေထိုင်ကြသည့် မြို့နေပြည်သူများ၏ လိုအပ်ချက်များ၊ စိန်ခေါ်မှုများမှာ များပြားလှသည်။ နေထိုင်ရေး၊ သွားလာ ရေး၊ သန့်ရှင်းရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေ စသည်ဖြင့် မြို့နေလူထု၏ နေ့စဉ်လူမှုဘဝလိုအပ်ချက်များကို လက်တွေ့ဖြည့်ဆည်းပေးနိုင်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ချေ။
ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့က ခေတ်ကာလအပြောင်းအလဲ အလိုက် တတ်နိုင်သလောက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြသော်လည်း ဆင့်ပါးစပ် နှမ်းပက်သကဲ့သို့ လိုအပ်ချက်များမှာ ပြည့်သည်ဟူ၍ မရှိချေ။ လူဦးရေထူထပ်သည့် မြို့တော်ကြီးတွင် စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ လုပ်နည်းကိုင်နည်းမမှန်ခြင်းတို့ကြောင့် လုပ်သလောက် အရာမရောက်ဖြစ်ခဲ့ရသည်ဟုလည်း ဆိုနိုင်သည်။
သို့သော် ပြောင်းလဲချိန်တန်ပြီဟု ကြွေကြော်ထားသော အရပ်သား အစိုးရစတင်တာဝန်ယူချိန်တွင် ဖြေရှင်းရခက်ခဲသော ရန်ကုန်မြို့လူထုလိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ အိုးပိုင်အိမ်ပိုင်မရှိသော အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို စတင်အကောင်အထည်ဖော်နေသည်။ ရေရရှိရေး၊ လျှပ်စစ်မီး လုံလောက်အောင်ရရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သည်။
အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသော မြို့နေ လူထု နိစ္စဓူဝလိုအပ်လျက်ရှိသော သယ်ယူပို့ဆောင်ရေးနှင့် အမှိုက်စွန့်ပစ် ရေးလုပ်ငန်းများကို စီမံဆောင်ရွက်နေပြီဖြစ်ရာ မည်သည့်အခါမှ မဖြေရှင်း နိုင်သော ပြဿနာကို မည်သို့ဖြေရှင်းမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်း ၃ဝဝ ကျော်ရှိနေ သော်လည်း ခရီးသည်အရေအတွက်နှင့် ပြေးဆွဲသောယာဉ်စီးရေကို တွက်ချက်ဆောင်ရွက်ခြင်းမရှိသဖြင့် ခရီးသွားများအဆင်မပြေခဲ့ချေ။ ယခု ယာဉ်လိုင်း ၅ဝ ဖြင့် စနစ်တကျပြေးဆွဲခြင်းဖြင့် ယာဉ်များစောင့်ဆိုင်းရခြင်း၊ ကျပ်တည်းစွာစီးနင်းရခြင်းတို့ လျော့ပါးသွားမည်ဟု ဆိုထားသည်။
ယခင်က ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်းလိုက်နာမှုအားနည်းသော ကြောင့် အဓိကလမ်းမကြီးများတွင် လမ်းလယ်တုံးများချထားခဲ့ရာ ယာဉ် စည်းကမ်းမလျော့နည်းသည့်အပြင် ယာဉ်တိုက်မှုများပါ ပိုတိုးလာသဖြင့် ယခုအခါ အဆိုပါလမ်းလယ်တုံးများအနက် ဖယ်ရှားသင့်သောလမ်းလယ် တုံးများကို ဖယ်ရှားတော့မည်ဟု ဆိုထားသည်။ ယခင်က အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ၊ မရှိ ပူးပေါင်းညိနှိုင်းဆောင်ရွက်မှုမရှိဘဲ လမ်းလယ်တုံးများ ပြုလုပ်ဆောင်ရွက်ခဲ့သောကြောင့် ပြည်သူ့ဘဏ္ဍာငွေများ မကုန်ဆုံးသင့်ဘဲ ကုန်ဆုံးခဲ့ရသည်။
ယာဉ်စည်းကမ်းထိန်းသိမ်းရာတွင် ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲနေ သော ယာဉ်စီးရေ ထောင်သောင်းမကတို့ကို ရှိသည့်ယာဉ်ထိန်းရဲများနှင့် ထိန်းသိမ်းနိုင်ရန်မှာ မဖြစ်နိုင်ချေ။ ယာဉ်ထိန်းရဲများနှင့်အတူ ယာဉ်ထူထပ်ရာ နေရာများ၌ စေတနာ့ဝန်ထမ်း(Volunteer)များဖြင့် အခြားနိုင်ငံများတွင် ပူးပေါင်း ဆောင်ရွက်လေ့ရှိသည်။ ယခုမြန်မာနိုင်ငံတွင် ယာဉ်ထိန်းရဲများနှင့် အတူ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များပါ ပူးပေါင်း ဆောင်ရွက်မည်ဟုဆိုထားရာ ယခင်ကလည်းဆောင်ရွက်ခဲ့ဖူးသဖြင့် အားနည်းချက်များကို ရှောင်ရှား၍ ရည်ရွယ်ချက်အောင်မြင်အောင် အလေးထားဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်သည်။
နောက်ဖြေရှင်းမနိုင်သည့်ပြဿနာတစ်ခုမှာ ရန်ကုန်အမှိုက်ဖြစ်သည်။ အမှိုက်များကို စည်းကမ်းတကျ မစွန့်ပစ်သောကြောင့် ယခုကဲ့သို့မိုးရာသီ ကာလတွင် မိုးရွာတိုင်း ရန်ကုန်မြို့ပေါ်တွင် ရေလျှံမှုအမြဲဖြစ်ကာ သွားလာ ရေးအခက်အခဲဖြစ်ရသည်။ ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသော အမှိုက် တန်ချိန် ၂ဝဝဝ ကျော်ကို စည်ပင်သာယာရေးမှ သိမ်းဆည်းရသည်။ စည်ပင်သာယာမှ ယာဉ်၊ ပုံး၊ ကန်စသည်တို့ဖြင့် စနစ်တကျသိမ်းဆည်းနေ သော်လည်း စည်းကမ်းလိုက်နာမှုအားနည်းသူများကြောင့် အမှိုက်ပြဿနာ မှာ ဖြေရှင်းမရသောပြဿနာအဖြစ် ရှိနေသေးသည်။
မည်သို့ပင်ဖြစ်စေ ယခုအရပ်သားအစိုးရအနေဖြင့် ရန်ကုန်မြို့တော်ကို စည်းကမ်းတကျဖြစ်စေရေးအတွက် မဖြစ်မနေပြောင်းလဲဆောင်ရွက်နေ ပြီဖြစ်ရာ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းညိနှိုင်းအဖြေရှာဆောင် နေကြသလို ပြည်သူများအနေဖြင့်လည်း မိမိတို့၏ မြို့တော်ကြီးတွင် အဆင်ပြေချောမွေ့စွာ သွားလာနေထိုင်နိုင်ရေးအတွက် မိမိတို့၏အဓိက လိုအပ်ချက်ဖြစ်သည့် စည်းကမ်းတကျ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို အလေးထား ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment