Friday, April 29, 2016

ရပ်ရွာလူမှုအခြေပြု၍ မှုခင်းအန္တရာယ် ကြိုတင်ကာကွယ်

မြန်မာ့အလင်း

ရာဇဝတ်မှုများက မိမိတို့ရပ်ရွာ၊ မိမိတို့နေရာသို့ မဖိတ်ခေါ်ဘဲ ရောက်လာတတ်သည်။ မျှော်လင့်မထားသည့်အခြေအနေ၊ မျှော် လင့်မထားသည့်ပုံစံဖြင့် ရာဇဝတ်မှုတို့ကို ရင်ဆိုင်ကြုံတွေ့ရသည့် အခါတွင် စိုးရိမ်ထိတ်လန့်မှုတို့ဖုံးလွှမ်းကာ ဘာလုပ်လို့ ဘာကိုင် ရမည်မသိသော အဖြစ်သို့ရောက်ရှိရသည်။ အကယ်၍သာ ကြိုတင် ပြင်ဆင်မှုများရှိပါက ယင်းသို့သောအဖြစ်များကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။
မြို့ပြဒေသများတွင် လူဦးရေတိုးတက်မြင့်မားလာမှုနှင့်အတူ လူနေမှုပုံစံများလည်း များပြားရှုပ်ထွေးလာကာ ရာဇဝတ်အမှုအခင်း များလည်း များပြားလာသည်။ မှုခင်းများတားဆီးကာကွယ်ရေးနှင့် လူနေရပ်ရွာများအေးချမ်းသာယာရေးတို့မှာ ဥပဒေအဖွဲ့အစည်း များက အလေးထားဆောင်ရွက်နေကြရသည့် လုပ်ငန်းများဖြစ်နေ ကြသည့်တိုင်အောင် ရဲလုပ်ငန်းတစ်ခုတည်းသက်သက်ဖြင့် အောင်မြင်နိုင်ခြင်းမရှိကြောင်း နိုင်ငံတကာက လက်ခံထားကြသည်။ မှုခင်းများ ဖြစ်ပွားနှုန်းလျော့ကျစေရန်နှင့် ရပ်ရွာများလုံခြုံအေးချမ်း စေရန်အတွက် အထိရောက်ဆုံးနည်းလမ်းမှာ ဒေသအဆင့် ရာဇဝတ်မှုခင်းများတားဆီးရေး ပြီးပြည့်စုံသော ချဉ်းကပ်မှု နည်းလမ်းသာလျှင်ဖြစ်သည်ဟု ဆိုသည်။ ရပ်ရွာများကိုအခြေပြု၍ မိမိတို့နှင့် ကိုက်ညီသော မှုခင်းအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာ မိုဒယ်ဒီဇိုင်းများကိုရေးဆွဲပြီး ဒေသအာဏာပိုင်များ၊ ဥပဒေ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသနေပြည်သူများ တက်ြ<ွကစွာ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ရေရှည် ဆောင်ရွက်သွားရမည့် အစီအမံများဖြစ်ရမည်ဖြစ်သည်။
အမှုအခင်းများသည် မိမိတို့ရပ်ရွာ၊ မိမိတို့အိမ်ဂေဟာသို့ မဖိတ်မကြားဘဲ ရောက်လာတတ်သည်ဟုဆိုသော်လည်း အမှတ် မထင်ရောက်လာခြင်းမဟုတ်ကြောင်း သိနားလည်ထားရန်လိုသည်။ ပြစ်မှုကျူးလွန်သူအတော်များများမှာ ကြိုတင်လေ့လာပြီးမှ ဆောင် ရွက်ကြခြင်း၊ လူ၊ အဆောက်အအုံတို့၏ အားနည်းချက်တို့အပေါ် အခွင့်ကောင်းယူ၍ဆောင်ရွက်ကြခြင်း၊ တစ်ခါတစ်ရံတွင်လည်း ကြိုတင်လေ့လာပြီးမှ ပြစ်မှုကျူးလွန်ခြင်းမဟုတ်သည့်တိုင်အောင် လူတို့၏ပေါ့လျော့မှုကို အသုံးချကာ ပြစ်မှုကျူးလွန်သွားကြခြင်း များဖြစ်ကြောင်းကို သတင်းများ၌ တွေ့ရှိကြရသည်။
ရပ်ရွာလူမှုအဖွဲ့အစည်းကိုအခြေပြုသည့် မှုခင်းကြိုတင် ကာကွယ်မှုလုပ်ငန်းစဉ်များတွင် နေအိမ်ဝင်းခြံများ လုံခြုံခိုင်ခံ့ အောင်ပြုပြင်ခြင်း၊ လုံခြုံရေးကင်မရာများတပ်ဆင်ခြင်း၊ လမ်းမီးများကောင်းစွာထွန်းညှိခြင်း၊ မသမာသူတို့ခိုအောင်းစရာနေရာများ မရှိအောင် ပိတ်ဆို့တားဆီးထားခြင်းစသည့် အခြေခံအဆောက် အအုံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ၊ မိမိတို့နေထိုင်ရာ အိမ်ရာအလိုက်၊ လမ်းအလိုက်၊ ရပ်ကွက်အလိုက် အပြန်အလှန် စောင့်ရှောက်ကြည့်ရှုပေးခြင်း၊ ရဲတပ်ဖွဲ့၏စောင့်ရှောက်မှုကို ခံယူခြင်းနှင့် ရဲလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီခြင်း၊ မိမိတို့နေထိုင်ရာ အနီးတစ်ဝိုက်သို့ဝင်ရောက်လာသည့် မသင်္ကာဖွယ်သူစိမ်းများကို မှတ်သားခြင်း စသည့် အလေ့အထများ လေ့ကျင့်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။
ရပ်ရွာလူမှုအဖွဲ့အစည်းကို အခြေပြုသော(တစ်နည်းအားဖြင့်)ပြည်သူများပူးပေါင်းပါဝင်သော မှုခင်းကြိုတင်ကာကွယ်မှုများကို ရဲတပ်ဖွဲ့အင်အား ခေတ်မီတောင့်တင်း၍ ရဲလုပ်ငန်းကိုဗဟိုပြုကာ မှုခင်းနှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကမ္ဘာ့ နိုင်ငံကြီးများတွင်ပင် ထိရောက်သော နည်းလမ်းတစ်ခုအဖြစ် ကျင့်သုံးလျက်ရှိကြောင်း သိရသည်။ မိမိတို့၏အစီအမံများဖြင့် ရပ်ရွာအတွင်းအမှုအခင်းများ ကြိုတင်ကာကွယ်တားဆီးခြင်းဖြင့် ရာဇဝတ်မှုအန္တရာယ်များ လျော့နည်းပပျောက်စေလိုပါကြောင်း နှိုးဆော်အပ်ပါသည်။ ။

No comments:

Post a Comment