Monday, February 29, 2016

တရုတ်နှင့် ရုရှား ကုန်တင်ရထားပြေးဆွဲသည့်လုပ်ငန်းစတင်ပြီ



ဟာဘင် ဖေဖော်ဝါရီ ၂၈


တရုတ်နိုင်ငံလုပ်ကုန်ပစ္စည်းများ တင်ဆောင်ထားပြီး ကုန်တွဲ ၄၇ တွဲ ပါရှိသည့် ကုန်ရထားတစ်စင်းသည် တရုတ် နိုင်ငံ ဟာဘင်မြို့မှ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း၊ တရုတ်နှင့် ရုရှားနိုင်ငံအကြား ကုန်ရထား ပြေးဆွဲခုတ်မောင်းသည့်လုပ်ငန်းကို စတင်လိုက်ပြီ ဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် မြို့တော်ဟာဘင်နှင့် ရုရှားနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး မြို့ကြီးဖြစ်သော အီကာတာရင်ဘတ်ဂ်ျမြို့တို့ကို ဆက်သွယ် သော ရထားလမ်းသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဟာဘင်ကူးသန်းရောင်းဝယ်ရေးဗျူရိုက ပြောကြားသည်။


ဖေဖော်ဝါရီ ၂၇ ရက်တွင်စတင်သည့် ရထားခရီးစဉ် နှင့်အတူ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၆ သန်းတန်ဖိုးရှိ စက်ဘီးအပိုပစ္စည်းများ၊ အသေးစားစက်မှုလုပ်ငန်းများမှ ထုတ်လုပ်သော ထုတ်ကုန်များကို ပေးပို့လိုက်ကြောင်း၊ အများအားဖြင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသမှ ထုတ်လုပ် သော ပစ္စည်းများဖြစ်ကြကြောင်း ဟာဘင်မြို့နှင့် ဥရောပ အကြား ကုန်စည်တင်ပို့ရေးလုပ်ငန်းကို လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တရုတ်နှင့် ရုရှားအကြား ကုန်ရထားသယ်ယူပို့ဆောင် ရေးလုပ်ငန်းအတွက်အသုံးပြုသည့် ရထားလမ်းမှာ ၅၈၈၉ ကီလိုမီတာ အရှည်ရှိပြီး ခရီးစဉ်တစ်ခုလျှင် ၁ဝ ရက်ကြာ ခုတ်မောင်းရမည်ဖြစ်သည်။


ကုန်ရထားလမ်းမဖွင့်မီက တရုတ်နိုင်ငံ တောင်ပိုင်းမှ ရုရှားနိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် တရုတ်နိုင်ငံအရှေ့ မြောက်ပိုင်း လျောင်နင်းပြည်နယ်ရှိ တလျံပင်လယ် ဆိပ်ကမ်းမှတစ်ဆင့် ကုန်သင်္ဘောများဖြင့် ပို့ဆောင်ပေး ခဲ့သည်။


ရေကြောင်းခရီးဖြင့် ကုန်စည်ပို့ဆောင်ရာတွင် ခရီးစဉ် တစ်ခုလျှင် ရက်ပေါင်း ၄ဝ အထိ အချိန်ယူရပြီး ကုန်ကျ စရိတ်မှာ ကြီးမြင့်လှကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ဆင်ဟွာ။

No comments:

Post a Comment