Saturday, February 27, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
မြန်မာ့ခရီးသွားဒေသများ ဖွံ့ဖြိုးရေးကြိုးပမ်း

မီးခိုးမထွက်သော စီးပွားရေးအဖြစ် တင်စားခေါ်ဝေါ်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် သဘာဝအရင်းအမြစ်များကိုမထိခိုက်စေဘဲ ဝင်ငွေအများဆုံး ရှာဖွေပေးနိုင်သော စီးပွားရေး လုပ်ငန်းဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ တဖြည်းဖြည်းတိုးတက်လာ လျက်ရှိပါသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများမှ နိုင်ငံတော် အတွက် နိုင်ငံခြားငွေသန်းပေါင်းများစွာ ရှာဖွေပေးနိုင်ခဲ့ပါသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှုကြောင့် ဒေသခံများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပွားများပြီး ဒေသနေပြည်သူများ ဝင်ငွေစီးပွားတိုးတက်ကာ ဆင်းရဲမှုလျှော့ချရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုလာနိုင်မည် ဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားလာရောက်မှု သည် တဖြည်းဖြည်းတိုးလာသည်ဟုဆိုနိုင်သော်လည်း ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းစာလျှင် များစွာလိုအပ်လျက်ရှိနေ သေးသည်ကို တွေ့ရသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင် နှစ်စဉ် ၂၄ သန်း၊ တရုတ်နိုင်ငံတွင် သန်း ၁ဝဝ၊ မလေးရှားနိုင်ငံတွင် သန်း ၃ဝ ခန့် လာရောက်လျက်ရှိကြောင်း ကြားသိရသည်။အခြား အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့လည်း နှစ်စဉ်ကမ္ဘာလှည့်ခရီးသွား အများအပြားလာရောက် လျက်ရှိသည်။ မြန်မာ့ခရီးသွားလုပ်ငန်းကို ယခုထက်ပိုမိုဖွံ့ဖြိုး လာအောင် ဆောင်ရွက်သွားရန်လိုအပ်လျက်ရှိသည်ကို တွေ့ရ မည်ဖြစ်ပါသည်။
ကမ္ဘာလှည့်ခရီးသွားအများစုသည် အပန်းဖြေမှုနှင့် ဖျော်ဖြေ မှုပါဝင်သော ခရီးသွားဒေသများကို ပိုမိုစိတ်ဝင်စားကြသည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ကို ဦးစားပေးသည့်  ခရီးသွားဒေသများ  အများဆုံးရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်  အပန်းဖြေမှုနှင့် ဖျော်ဖြေမှု၊ ဝန်ဆောင်မှု ကောင်းမွန်သော ခရီးသွားဒေသများ ပိုမိုဖော်ထုတ် ပြီး အစီအစဉ်ကောင်းများ စဉ်ဆက်မပြတ် အစီအစဉ်တကျ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။
ဥပမာအားဖြင့် နိုင်ငံခြားသားတစ်ဦးသည် ရန်ကုန်မြို့ကို တစ်ရက်တာနေထိုင်ပြီး လည်ပတ်မည်ဆိုပါက လည်ပတ်နိုင် မည့်နေရာအများအပြားရှိနေရန် လိုအပ်မည်ဖြစ်ပါသည်။ ရွှေတိဂုံ ဘုရားကိုလည်ပတ်ပြီး တစ်ရက်တာခရီးပြီးဆုံးသွားမည်ဆိုပါက နိုင်ငံခြားသားများ အိတ်ထဲမှခုန်ထွက်လာမည့်ဒေါ်လာငွေကို ရအောင်ယူဖို့ခက်ခဲပေလိမ့်မည်။ နိုင်ငံခြားသားများ ဒေါ်လာငွေ ကို စဉ်ဆက်မပြတ် သုံးစွဲနိုင်မည့်အစီအစဉ်ကောင်းများ၊ လည်ပတ် နိုင်မည့်နေရာများ ဖန်တီးဆွဲဆောင်သွားရန် လိုအပ်မည်ဖြစ်ပါ သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို သမားရိုးကျလုပ်ဆောင် နေရုံမျှဖြင့် ထိရောက်သောအကျိုးခံစားခွင့်များ တိုးပွားလာမည် မဟုတ်ပေ။ တီထွင်ဆန်းသစ်သောအမြင်များဖြင့် ဆွဲဆောင်မှု အမျိုးမျိုးတိုးပွားလာအောင် လုပ်ဆောင်သွားနိုင်မှသာ ခရီးသွား လုပ်ငန်းမှ အကျိုးအမြတ်များ ပိုမိုရရှိလာမည်ဖြစ်ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ နှစ်စဉ် လာရောက်မှု တိုးပွားလာပြီဖြစ်သော်လည်း မြန်မာ့ခရီးသွားဒေသ များ  ပိုမိုဖွံ့ဖြိုးလာအောင်  တာဝန်ရှိသူများအနေဖြင့်  ဝိုင်းဝန်း ကြိုးပမ်းအားထုတ်ကြရဦးမည် ဖြစ်ပါကြောင်း။  ။

No comments:

Post a Comment